မပြီးပြတ်သေးတဲ့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့နဲ့ နယ်နမိတ်တိုင်းတာမှုကို ဒီနှစ်အတွင်းမှာ အပြီးသတ်လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြား ရေးဝန်ကြီးဌာနကပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း မြေပြင်နယ်နမိတ်သတ်မှတ်မှုတွေနဲ့ပတ်သက်လို့ ပြောတာဖြစ်ပြီး၊ အငြင်းပွားနေတဲ့ ဘင်္ဂလားဒေ့ရ်ှနယ်စပ် ရေပိုင်နက်ကိစ္စကိုတော့ ပြောမသွားပါဘူး။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။
နယ်နမိတ်သတ်မှတ်မှုကို သံတမန်လမ်းကြောင်းကတဆင့် နှစ်ဖက်ညှိုနှိုင်းပြီး ဒီနှစ်အတွင်း အပြီးသတ်တိုင်းတာသတ်မှတ်မှုတွေ လုပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်မှာ ပြောဆိုခဲ့တာပါ။ လက်ရှိ နယ်နမိတ်တိုင်းတာရေးမှာ ထိုင်းနဲ့ အိန္ဒိယ ၂နိုင်ငံနဲ့သာ အပြီးသတ်လုပ်ဆောင်ဖို့ လိုအပ်နေတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်တင့်က ပြည်သူ့လွှတ်တော်ကို ရှင်းပြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နယ်နမိတ်တိုင်းတာသတ်မှတ်ချက်စာချုပ်ကို ၁၉၆၀မှာတရုတ်နိုင်ငံ၊ ၁၉၉၄မှာ လာအိုတို့နဲ့ ချုပ်ဆိုပြီးဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ နယ်နမိတ်သတ်မှတ်ချက်ကတော့ ၁၉၉၈ မှာ သဘောတူထားချက်ရှိပေမယ့်၊ အသက်မဝင်သေးပါဘူး။ အိန္ဒိယနိုင်ငံနဲ့က ၁၉၆၇ မှာ စာချုပ်ချုပ် ထား ခဲ့ပေမယ့် မြေပြင်နေရာကွဲလွဲမှုကြောင့် မိုင်တိုင် ၂၄ခုစိုက်ဖို့နဲ့ မြန်မာ အိန္ဒိယတရုတ် ၃နိုင်ငံဆုံမယ့်နေရာမှာ တိုင်း တာသတ်မှတ်ဖို့တွေကျန်နေပါတယ်။ ထိုင်းနိုင်ငံနဲ့ကတော့ ၁၉၉၁ ခုနှစ်တုန်းက အရှည် မိုင် ၃၀ကျော်ကိုသာ သေချာသတ်မှတ်နိုင်သေးတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးကျော်တင့်ကပြောပါတယ်။
“လက်ရှိအစိုးရတာဝန်ယူပြီးတဲ့နောက် ယခင်က အကြောင်းအမျိုးမျိုးကြောင့် တိုင်းတာနိုင်ခြင်းမရှိခဲ့တဲ့ နယ်နမိတ်များကို စတင်တိုင်းတာနိုင်ရေးအတွက် ၂ နိုင်ငံ ခေါင်းဆောင်များအကြား သဘောတူညီခဲ့ကြပါတယ်။ ညှိနှိုင်းချက်အရ ကျနော်တို့ အိန္ဒိယနိုင်ငံကနေပြီးတော့ သြဂုတ်လ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ပြီးတော့ အဆိုပါ ကဘော်ချိုင့်ဝှမ်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ညွန်ချုပ်အဆင့် အစည်းအဝေးပြုလုပ်သွားမည်ဖြစ်ကြောင်းကို လွှတ်တော်ကိုယ်စားလှယ်များသိရှိစေရန်တင်ပြအပ်ပါတယ်။ စက်တင်ဘာလ ၁၆ ရက်၊ ၁၇ ရက်ခန့်မှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်ပြီးတော့ နယ်နမိတ်တိုင်းတာရေးကိစ္စများ ပြန်လည်စတင်ဖို့အတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းမူတွေ ပြုလုပ်သွားဖို့ စီစဉ်ထားပြီးသားဖြစ်ပါတယ်။ ယခင်က နယ်မြေလုံခြုံရေးကြောင့် မတိုင်းတာနိုင်ခဲ့တဲ့ နယ်နမိတ်တွေကို ပြန်လည်စတင်တိုင်းတာရေးအတွက် ယခုနှစ်အတွင်းမှာ အမြန်ဆုံးစတင် ဆောင်ရွက်သွားတော့မှာ ဖြစ်ပါတယ်။”
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် ကတော့ နယ်နမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေဟာ ၅နိုင်ငံလောက်ရှိနေပေမယ့် လက်ရှိမှာ အချို့သောနိုင်ငံတွေ နဲ့ တိုင်းတာမှုမပြုရသေးကြောင်း၊ တိုင်းတာဖို့လိုအပ်နေပြီဖြစ်ကြောင်း၊ ဒီအစိုးရလက်ထက်မှာ အပြီးသတ်တိုင်းတာမှုတွေ လုပ်စေချင်တယ်လို့ထောက်ပြ ပြောဆိုခဲ့ပါတယ်။
“ကျနော်တို့မြန်မာနိုင်ငံက နယ်နမိတ်တွေကို ကာကွယ်ဖို့အတွက် အသက်တွေ ၊ ချွေးတွေ များစွာပေးဆပ်ခဲ့ရတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်များအားလုံးလည်း အသိဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့နယ်နမိတ် တလက်မမှ မလျော့ပါးအောင် ကြိုးပမ်းကြဖို့အတွက်လည်း ကျနော်တို့ ပါဝင်ပတ်သက်တဲ့ ဝန်ထမ်းတွေ၊ Decision maker တွေအားလုံးကို ကျတော်တို့အနေနဲ့ တိုက်တွန်းမေတ္တာရပ်ခံလိုပါတယ်။ နယ်နမိတ်တိုင်းတာ သတ်မှတ်ရေးဟာ အပြောလွယ်သလောက်လက်တွေ့မှာ ခက်ခဲပါတယ်။”
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်ပင်လယ်ပြင် နယ်နိမိတ်ကို နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနတွေအကြား အမြန်ဆောင်ရွက်သွားဖို့ လွှတ်တော်မှာ တပ်မတော်ကိုယ်စားလှယ်တွေဖက်က တောင်းဆိုတင်ပြတောင်းဆိုတာတွေရှိပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ နယ်စပ်ချင်း ၁၆၉မိုင် ထိစပ်နေပြီး နှစ်နိုင်ငံအကြား ရေပြင်ပိုင်နက်အငြင်းပွားမှုတွေလည်းရှိခဲ့ပါတယ်။ ဒါကို ပင်လယ်ပြင်ဥပဒေဆိုင်ရာခုံရုံးအထိ တက်ရောက်ဖြေရှင်းခဲ့ရတာတွေရှိ နေပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ မိုင် ၁၃၀၀ကျော်၊ လာအိုနဲ့ မိုင် ၁၀၀ကျော်၊ ဘင်္ဂလားဒေရှ့်နိုင်ငံနဲ့ မိုင် ၁၇၀နီးပါး၊ အိန္ဒိယနိုင်ငံနဲ့ မိုင် ၁၁၀၀ကျော်၊ ထိုင်းနိုင်ငံနဲ့မိုင် ၂၀၀၀ကျော် စတဲ့ နယ်နမိတ်ပမာဏ ထိစပ်နေပါတယ်။