Zawgyi/Unicode
အိန္ဒိယနိုင်ငံမှာ မနေ့ သောကြာနေ့ တရက်ထဲ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၁၀ သန်းထိ ထိုးပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ထူးခြားတဲ့အောင်ပွဲတရပ်ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီက ကြွေးကြော်ပါတယ်။ အိန္ဒိယတနိုင်ငံလုံးမှာ ကာကွယ်ဆေး ၆၂၈ သန်းထိ ထိုးပေးထားပါပြီ။
အရွယ်ရောက်သူ ၉၄၄ သန်းကို အနည်းဆုံးဆေးတလုံးတော့ ထိုးထားပြီးပြီဖြစ်သလို ဆေး ၂ လုံးအပြည့်ထိုးပြီးသူက ၁၅ %ရှိပါတယ်။ ဒီဇင်ဘာလအရောက်မှာ အရွယ်ရောက်သူအားလုံး အပြီးဆေးထိုးပေးဖို့ အိန္ဒိယအစိုးရက လိုလားနေတာပါ။
အိန္ဒိယမှာ ဒီကနေ့တရက်ထဲ ပိုးကူးသူ ၄၆,၀၀၀ ကျော်ထိ နှစ်လအတွင်း အမြင့်ဆုံးရောက်လာချိန်မှာ ကာကွယ်ဆေးထိုးနှံမှုတွေလည်း အရှိန်ကောင်းလာတာ ဖြစ်ပါတယ်။
ကိုဗစ်တတိယလှိုင်းနဲ့ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံမှာတော့ နေ့စဉ်ပိုးကူးသူ ၂၀,၀၀၀ ဝန်းကျင်ရှိနေပါတယ်။ နိုင်ငံတဝန်း ဆေးရုံဆေးခန်းတွေမှာ ကိုဗစ်လူနာတွေနဲ့ မနိုင်မနင်းဖြစ်နေချိန်မှာ ဘုန်းကြီးကျောင်းတွေမှာ ဆေးစစ်တာတွေ၊ သီးသန့်ခွဲထားတဲ့နေရာတွေ လုပ်ထားရပါတယ်။
ဘုန်းကြီးတွေကိုယ်တိုင် သင်္ကန်းတွေပေါ်မှာ တကိုယ်ရေကာကွယ်ရေးသုံး PPE ဝတ်စုံတွေဝတ်ပြီး လူနာတွေအတွက် အောက်ဆီဂျင်ဗူးတွေနဲ့ အစားအစာတွေ အိမ်အရောက် လိုက်ပို့တာ၊ ဓာတ်ခွဲနမူနာယူတာမျိုးလိုဝိုင်းလုပ်ပေးနေပါတယ်။ သောကြာနေ့ကတော့ ကိုဗစ်ကြောင့် လူ ၃၀၀ နီးပါးသေဆုံးခဲ့တာပါ။
သြစတြေးလျနိုင်ငံ New Sough Wales ပြည်နယ်မှာတော့ ဒီကနေ့တရက်တည်း ပိုးကူးသူ ၁,၀၃၅ ဦးထိ စံချိန်တင် အများဆုံးကိုရောက်လာပါတယ်။ သောကြာနေ့ကတော့ ပြည်နယ်တဝိုက် ကိုဗစ်ကာကွယ်ဆေး ၁၆၀,၀၀၀ လောက်ထိ ထိုးပေးခဲ့တယ်လို့ပြည်နယ်ကျန်းမာရေးဝန်ကြီး Brad Hazzard ကသတင်းထောက်တွေကို ပြောပါတယ်။
ပိုးကူးစက်မှုတိုးလာပေမယ့် ကာကွယ်ဆေးထိုးထားပြီးသူတွေအတွက် ကန့်သတ်ချက်တွေကို စက်တင်ဘာ ၃ ရက်နေ့ကစပြီး ဖြေလျော့ပေးတော့မယ်လို့လည်းပြောပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးကူးသူ ၆၄ ဦးရှိပြီး မနေ့တရက်တည်း လူပေါင်း ၃၅,၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေကပြောပါတယ်။
======
Unicode