မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အညီ တိုင်းပြည်အာဏာကို လွှဲပြောင်းရယူခဲ့တဲ့ အစိုးရသစ်အနေနဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ထိတွေ့ ဆက်ဆံရေးဟာလည်း အရေးပါတဲ့ ကိစ္စရပ် ဖြစ်ပါတယ်။
ဒါကြောင့်လည်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ၅ ရက်ကြာ သွားရောက် လည်ပတ်တာနဲ့ ပတ်သက်လို့ ဘယ်နိုင်ငံက ပိုပြီး အလေးပေးခံရတယ်ဆိုတဲ့ ကိစ္စအပေါ် ဒီအင်အားကြီး ၂ နိုင်ငံအတွင်းက သတင်းမီဒီယာတွေမှာ အခုရက်ပိုင်းအတွင်း ရေးသားဖော်ပြမှုတွေ ပိုများလာနေပါတယ်။ မြန်မာ၊ တရုတ်၊ အိန္ဒိယ ၃ ပွင့်ဆိုင် ဆက်ဆံရေးအပေါ် မြန်မာ့အရေး လေ့လာသုံးသပ်သူတွေရဲ့ အမြင်တွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း တရုတ်နိုင်ငံက မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် အကူအညီပေးမယ့်အကြောင်း ပြောကြားခဲ့တာပါ။ တဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ တရုတ်နိုင်ငံအတွက် သံတမန်ရေးအရ အောင်မြင်တဲ့ ခရီးစဉ်အဖြစ် တရုတ်အစိုးရက ယူဆခဲ့တယ်လို့ တရုတ် - မြန်မာဆက်ဆံရေးကို အနီးကပ် လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒါကြောင့်လည်း NLD အစိုးရတက်လာပြီးနောက်ပိုင်းမှာ အာဆီယံအဖွဲ့ ပြင်ပက တရုတ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပထမဆုံးအကြိမ် လာရောက်တာဟာ သူမအနေနဲ့ တခြား အိမ်နီးချင်း အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ အိန္ဒိယနိုင်ငံထက် တရုတ်နိုင်ငံဟာ ပိုအရေးကြီးတယ်ဆိုတာကို ပြသလိုက်ခြင်းဖြစ်တယ်လို့ ရေးသား ဖော်ပြကြပါတယ်။
ဒါပေမဲ့ အိန္ဒိယက သတင်းမီဒီယာတွေကတော့ အဲဒီလို မယူဆကြပါဘူး။ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးတို့အပြင် နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ယခင်ကတည်းက နီးကပ်စွာ ထိတွေ့ ဆက်ဆံခဲ့တဲ့ သာဓကတွေ ရှိခဲ့တာကြောင့် အိန္ဒိယနဲ့ မြန်မာဟာ ပိုမို နီးစပ်တဲ့ နိုင်ငံတွေအဖြစ် ရေးသား ဖော်ပြကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ထိတွေ့ ဆက်ဆံပြီး ဘက်မလိုက် မူဝါဒကို ဆက်လက် စွဲကိုင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားတဲ့အတွက် ဒီ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို အိန္ဒိယနဲ့ မြန်မာခေါင်းဆောင်တွေက စတင် တည်ထောင်ခဲ့ကြတာကြောင့် နှစ်နိုင်ငံအကြား နီးစပ်မှုရှိစေတဲ့ နိုင်ငံခြားရေးမူဝါဒ ဖြစ်နေတာပါ။
မြန်မာနိုင်ငံဟာ ဒီအင်အာကြီး ၂ နိုင်ငံအကြား မဟာဗျူဟာကျကျ ဘက်လိုက်မှုမရှိအောင် ကြားနေမူဝါဒနဲ့ ရပ်တည်လာခဲ့တဲ့ အစဉ်အလာ ရှိတာမှန်ပေမဲ့ လက်ရှိ NLD အစိုးရရဲ့ ချဉ်းကပ်ပုံမှာ အရင်အစိုးရအဆက်ဆက်က လုပ်ဆောင်ခဲ့တာတွေနဲ့ ကွာခြားမှုရှိတာကို တွေ့ရတယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။
“မဟာဗျူဟာကျတယ်ဆိုတဲ့အချက်က မှန်တယ်ဗျ။ ဒါကတော့ အစဉ်အလာပါပဲ။ မဟာဗျူဟာကျမှုကတော့ အခုမှတောင် မဟုတ်ဘူး။ ဝန်ကြီးချုပ် ဦးနု၊ ဗိုလ်ချုပ်ကြီး နေဝင်း စသဖြင့် နောက် စစ်အစိုးရနဲ့ ဦးသိန်းစိန်အစိုးရလည်းပဲ ဒီလိုပုံစံရှိခဲ့တယ်။ ဒါပေမဲ့လို့ ကွာခြားချက်ကတော့ အရင် စစ်အစိုးရနဲ့ အရင် သမ္မတ အစိုးရလက်ထက်တွေတုန်းကတော့ အုပ်ချုပ်နေတဲ့ စစ်အစိုးရနဲ့ ဦးသိန်းစိန်အစိုးရက ကိုယ့်အစိုးရအကျိုးစီးပွားကို မူတည်ပြီးတော့ အိန္ဒိယကိုရော၊ တရုတ်ကိုရော ဆက်ဆံရေးထားခဲ့ကြတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကျတော့ကာ တကယ့် စစ်မှန်တဲ့ အမျိုးသားအကျိုးစီးပွားဘက်ကို ဦးတည်ပြီးတော့ ဒီမဟာဗျူဟာကျမှုကို အသုံးချမယ်လို့ ယူဆရတယ်။ ဒီအတိုင်းလည်းပဲ လုပ်နေတာကို အခုတော့ လပိုင်းလေးအတွင်းမှာ မြင်လာရပါတယ်ခင်ဗျ။ အဲတော့ ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်နဲ့တောင် မကြာခင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj ခရီးစဉ်နဲ့ သမ္မတဦးထင်ကျော်ရဲ့ အိန္ဒိယခရီးစဉ်တွေကို ကြည့်လို့ရှိရင် ဒီဟာက ပိုပြီးတော့ ပေါ်လွင်လာတယ်။”
တရုတ် - မြန်မာ ဆက်ဆံရေးနဲ့ အိန္ဒိယ - မြန်မာဆက်ဆံရေးတွေကို လေ့လာကြည့်မယ်ဆိုရင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွင်း ဝင်ရောက် ထိုးထောက်မှု အိန္ဒိယထက် ပိုများတာကို တွေ့ရတယ်လို့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမတ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
“တရုတ်နိုင်ငံက ကျနော်တို့နဲ့ နယ်နမိတ်ချင်း ဆက်စပ်တာမှာဆိုရင်လည်း အိန္ဒိယနိုင်ငံထက် ပိုတယ်။ နောက် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဆက်ဆံရေးမှာလည်း အိန္ဒိယထက် ပိုများတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ပိုများတယ်။ အဲဒါကို တဘက်က အိန္ဒိယကလည်း သိတယ်။ ကျနော်တို့ အိန္ဒိယအစိုးရကဖိတ်တဲ့ ဆွေးနွေးပွဲတခုကို သွားတဲ့အခါမှာ သူတို့ကလည်း အဲဒါကို ပြောတယ်။ သူတို့အစိုးရအနေနဲ့ ဒါကို လုပ်ချင်တယ်ဆိုပေမဲ့ ကျနော်တို့အစိုးရဘက်က လှုပ်ရှားမှုတွေက အားနည်းပါတယ်တဲ့။ တခုခံသာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အိန္ဒိယမှာ ငယ်ငယ်က နေထိုင်ပြီး ကျောင်းတက်ခဲ့တဲ့သူဆိုတော့ အိန္ဒိယအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်ဟာ တစိမ်းမဟုတ်ဘူးပေါ့နော်။ သူတို့နိုင်ငံမှာ ပညာသင်ပြီးတော့ ကြီးပြင်းလာတဲ့ မိတ်ဆွေတယောက်ပဲဆိုတဲ့ ခံစားချက်မျိုးတော့ရှိတယ်။ အဲဒီအတွက်တော့ ကျနော်တို့နိုင်ငံရဲ့ အနေအထားကိုလည်း သူတို့နားလည်ပြီးတော့ ခွင့်လွှတ်နိုင်တဲ့သဘော ရှိမှာပါ။”
မြန်မာနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍမှာလည်း တရုတ်နိုင်ငံက အိန္ဒိယထက် အသာစီးရနေတာကြောင့် အိန္ဒိအစိုးရအနေနဲ့ မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့် လုပ်ဆောင်လိုတယ်ဆိုရင် နှစ်နိုင်ငံ နယ်စပ်မှာရှိနေတဲ့ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကိစ္စကို အရင် ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်မယ်လို့ ဒေါက်တာ တင့်ဆွေက ထောက်ပြပါတယ်။ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj နဲ့ တနင်္လာနေ့က နေပြည်တော်မှာတော်မှာ တွေ့ဆုံစဉ် အိန္ဒိယအစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေ မြန်မာနိုင်ငံအတွင်း အခြေစိုက် လှုပ်ရှားခွင့်ပြုမှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
မြန်မာသမ္မတ ဦးထင်ကျော်ဟာ အိန္ဒိယနိုင်ငံကို သြဂုတ်လ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ သွားရောက် လည်ပတ်ဖို့ ရှိနေတာကြောင့် အဲဒီ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေ တိုးမြှင့် လုပ်ဆောင်နိုင်ဖို့အတွက် သဘောတူညီချက်တွေ ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မြန်မာ့အရေး လေ့လာသူတွေက သုံးသပ် ပြောဆိုကြပါတယ်။