သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ်က စစ်ဘေးရှောင်တွေ စားဝတ်နေရေး အခက်ကြုံ


မွန်ပြည်နယ် ကျိုက်မရောမြို့
မွန်ပြည်နယ် ကျိုက်မရောမြို့

မွန်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် တချို့က နယ်စပ်ဖြတ်ကျော် သွားရောက် အလုပ်လုပ်ကြသလို တချို့လည်း အကူအညီရတဲ့ ဒေသတွေဆီ ရွှေ့ပြောင်းနေထိုင်ကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲကာလ ကြာမြင့်လာတာနဲ့အမျှ အဓိကအနေနဲ့ အစာရေစာ ရှားပါလာတဲ့ပြဿနာကို ရင်ဆိုင်လာရတယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲက စစ်ဘေးဒဏ်သင့် ဒေသခံတွေရဲ့ အခက်အခဲတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက တင်ပြပေးထားပါတယ်။

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ ကျေးရွာတဝိုက်က ဒေသခံတွေ ဘေးလွတ်ရာမှာ ထွက်ပြေး တိမ်းရှောင်ခဲ့တာ ၄ လလောက်ရှိလာပါပြီ။ စစ်ပြေးရှောင်တာ ကာလကြာရှည်လို့ အများစုက စားရေးသောက်ရေးအခက်အခဲဖြစ်လာကြပါတယ်။ စားဝတ်နေရေး​ ဖြေရှင်းဖို့အတွက် ကြုံရာကျပန်းအလုပ်လုပ်ကိုင်နေကြသလို ထိုင်းနိုင်ငံကိုသွားပြီး အလုပ်လုပ်သူတွေ များလာတယ်လို့ ချောင်းနှစ်ခွရွာခံ တဦးက ပြောပါတယ်။

“ဒီမှာတော့ ကြုံရာကျပန်းလုပ်နေတယ်။ အခုက ပန်းရံလုပ်နေတယ်ပေါ့။ စားဖို့သောက်ဖို့ အဆင်မပြေဘူးဆိုတော့ အလုပ်လိုက်လုပ်ရတာပေါ့။ ဒီလိုပါပဲ စီးပွားရေးတွေပျက်ကျကုန်တယ်ပေါ့။ တချို့က ရှမ်းပြည်တွေ ဘာတွေသွားကြတာပေါ့။ မုဒုံမှာကျတော့ အလှူရှင်တွေတော့မရှိဘူးပေါ့။ ရွာတွေဘက်ကျ အလှူရှင်တွေတော့ရှိတယ်။ လှူပေးကြတယ်။ စားဖို့သောက်ဖို့ ဆန်တို့ ဘာတို့ပေါ့။ မရပ်တည်နိုင်ဘူး ရေရှည်ကျတော့ အလုပ်တွေဘာတွေ လုပ်လိုက်ရမှာပဲပေါ့။”

သူကတော့ အရင်က ချောင်းနှစ်ခွရွာမှာ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ပြီး အသက်မွေးဝမ်းကြောင်းပြုနေသူပါ။ ရွာမှာ တိုက်ပွဲဖြစ်လို့ မုဒုံမြို့နယ်ဘက်ကို စစ်ဘေးခိုလှုံလာပြီး စားဝတ်နေရေးအခက်အခဲကြောင့် လက်ရှိ ကြုံရာကျပန်းအလုပ်လုပ်နေရတာလို့ ဆိုပါတယ်။ နောက်ထပ် ရွာခံတဦးက စားဝတ်နေရေး​ခက်ခဲလို့ တချို့သူတွေ နိုင်ငံခြားထွက် အလုပ်လုပ်နေတယ်လို့ ပြောပါတယ်။

“အခက်အခဲတွေကျတော့ ကိုယ့်အလုပ်ကိုမလုပ်ရတော့ စုထားတဲ့ပိုက်ဆံတွေလည်း ဒီကြာမှာသုံးလို့ကုန်ပြီဆိုတော့ ထိုင်းပဲသွားကြတာပေါ့။ တော်တော်များများတော့ သွားနေပြီး၊ ထိုင်းဘက်က ထွက်သွားတဲ့လူတော့ သုံးပုံ တစ်ပုံဖြစ်မယ်။ အခုလောလောဆယ် အိမ်မှာဆိုရင်တော့ လူကြီးတွေလောက်ပဲကျန်ပြီးတော့ တချို့ရာဘာရှိတဲ့လူက ရာဘာခြံမှာသွားနေ ရာဘာခြစ်ပေါ့။ ရာဘာခြံမရှိတဲ့လူတွေ ဘာညာဆိုရင်တော့ လူငယ်တွေက ထိုင်းသွား အဲ့ဒီကနေ သူတို့ပြန်ပို့လာတာပေါ့။”

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်ပိုင်းလောက်က မွန်ပြည်နယ် ကျိုက်မရောနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးကို ဆက်သွယ်ထားတဲ့ ချောင်းနှစ်ခွတံတားအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) နဲ့ နွေဦးတော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်ပြင်းထန်ဖြစ်ခဲ့ပြီး ရက်ပိုင်းအတွင်း ချောင်းနှစ်ခွတံတားကို သိမ်းယူနိုင်ခဲ့တာပါ။

တိုက်ပွဲကြောင့် ချောင်းနှစ်ခွ၊ တောင်ကလေး၊ ဘုရားကုန်း၊ မယ်တယို၊ ကျောက်ကွဲ၊ မရမ်းကုန်း၊ ဖက်တေးကုန်း၊ ကော့ခမာ၊ ကော့ပလော့၊ အတ္ထရံ၊ ကနာလို၊ လှကဇိုင်း၊ ကြံတော၊ အကလော၊ မရိကလ၊ ပေါလောငယ်၊ ပေါလောကြီး စတဲ့ ကျေးရွာ ၂၀ ထက်မနည်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ချောင်းနှစ်ခွတဝိုက်မှာ တော်လှန်ရေးတပ်ပေါင်းစုတွေ ပြန်ဆုတ်ပြီးနောက် လက်ရှိ ချောင်းနှစ်ခွရွာမှာ စစ်ကောင်စီတပ်တွေ အထိုင်ချထားပြီး ပြန်လာချင်တဲ့ ဒေသခံတွေကို ရွာထဲ ပေးမဝင်ဘူးလို့ ရွာခံတွေက ပြောကြပါတယ်။ ရွာတွေထဲမှာ စစ်ကောင်စီတပ်တွေ အထိုင်ချ လှုပ်ရှားနေပြီး တွေ့တဲ့လူကို ဖမ်းဆီးမေးမြန်းနေတာမို့ ကြောက်လန့်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာနဲ့ဝေးတဲ့ ကျေးရွာတွေက ပြန်နိုင်ကြပေမယ့် ချောင်းနှစ်ခွနဲ့အနီးအနားရွကတော့ မပြန်နိုင်သေးဘူးလို့ ရွာခံက ခုလို ပြောပါတယ်။

“ပြန်တော့ ပြန်ချင်တာပေါ့ ရွာကို၊ ငြိမ်းချမ်းစေချင်တာပေါ့။ ချောင်းနှစ်ခွရော၊ ဘုရားကုန်း၊ ဖက်သေးကုန်းရော၊ ပြန်မရဘူးပေါ့ အဲ့ဒီစစ်တပ်နယ်မှာဆိုရင် ဘယ်ရွာမှာအခုထိ မပြန်နိုင်ကြသေးဘူးပေါ့။”

အခုအခါ အခြေအနေ တည်ငြိမ်နေတာ ၁ ကျော်လောက်ရှိပြီလို့ ရွာခံတွေပြောပါတယ်။ စစ်ရေးတည်ငြိမ်နေတဲ့ အချိန် စစ်ကောင်စီတပ်စခန်းနဲ့ လှမ်းတဲ့ ကျေးရွာတချို့က နေရပ်ပြန်လာနေကြပါတယ်။ စစ်ပြေးဒုက္ခသည်အများစုက မုဒုံမြို့နယ်ဘက်က ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးနီးစပ်ရာမှာ ခိုလှုံနေကြသလို တချို့က ရာဘာခြံမှာနေရင် ရာဘာအစေးခြစ်နေကြပါတယ်။ ရွာသူရွာသားတွေကတော့ ဒေသတည်ငြိမ်ပြီး နေရပ်ပြန်နိုင်ဖို့ မျှော်လင့်နေကြတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG