သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် မုန်တိုင်းသင့်သူတွေအတွက် သြစတြေးလျ နောက်ထပ် ဒေါ်လာ ၁၂သန်းခွဲ ကူမည်


စစ်တွေမြို့ မိုခါမုန်တိုင်း တိုက်ခိုက်ခံခဲ့ရ။ (မေ ၁၅၊ ၂၀၂၃)
စစ်တွေမြို့ မိုခါမုန်တိုင်း တိုက်ခိုက်ခံခဲ့ရ။ (မေ ၁၅၊ ၂၀၂၃)

ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် နောက်ထပ် ဒေါ်လာ ၁၂.၅ သန်း ကူညီမယ်လို့ သြစတြေးလျအစိုးရက ကြေညာလိုက်ပါတယ်။

မေလ ၁၄ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ခန့်မှန်းခြေ လူပေါင်း ၂.၄ သန်းလောက် မုန်တိုင်းဒဏ်ခံခဲ့ရပြီး စာနာမှု အကူအညီလိုအပ်ချက်တွေလည်း ကြီးထွားလာခဲ့တာပါ။

ဒီအလှူငွေထဲက မြန်မာနိုင်ငံက ထိခိုက်ခံစားနေရတဲ့ လူပေါင်း ၁.၆ သန်းကို ထောက်ပံ့ပေးဖို့အတွက် ဒေါ်လာ ၁၀ ဒသမ ၅ သန်း ထောက်ပံ့ပေးမှာပါ။ ဒီအကူအညီဟာ စစ်အစိုးရကို တိုက်ရိုက်အကျိုးအမြတ် သို့မဟုတ် တရားဝင်မှုကို အသိအမှတ်ပြုရာ မရောက်ဖို့အတွက် ကုလသမဂ္ဂအေဂျင်စီတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်တွေကို တိုက်ရိုက်ပေးသွားမယ်လို့လည်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong ရဲ့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျန်တဲ့ အလှူငွေ ဒေါ်လာ ၂ သန်းကိုတော့ ဘင်္ဂလားဒေ့ရှ်က မုန်တိုင်းဒဏ်ခံရတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကူညီပေးမယ့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေကို ပေးမှာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကလည်း ဒေါ်လာ ၅ သိန်းကျော် တန်ဘိုးရှိတဲ့ အရေးပေါ် အကူအညီတွေကို ပေးပို့လိုက်ကြောင်း ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ ယာယီခိုလှုံနေထိုင်စရာ နေရာအတွက် ဆောက်လုပ်ရေးပစ္စည်းတွေ၊ အစားအသောက်နဲ့ တကိုယ်ရေ သန့်ရှင်းရေအတွက် ၄၅ တန် ရှိတဲ့ အထောက်အပံ့တွေကို ပေးအပ်ခဲ့တာလို့လည်း အင်ဒိုနီးရှားသတင်းဌာန Antara တာဝန်ရှိသူတွေကို ကိုးကားဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂတော့ မြန်မာနိုင်ငံက မုန်တိုင်းသင့်သူတွေအတွက် အကူအညီအဖြစ် ဒေါ်လာသန်း ၃၃၃ သန်း လိုအပ်တယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG