မြန်မာစစ်ကောင်စီ ဝင်ငွေလမ်းပိတ်ပင်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ HRW တိုက်တွန်း
{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီက ၁ ရက်နေ့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်အနေနဲ့ ၁ နှစ်နီးပါးအတွင်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေအပေါ် အပြင်းအထန်ချေမှုန်း ဖိနှိပ်ခဲ့ကြောင်းနဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံခြားဝင်ငွေမရအောင် အတူတကွ ဝိုင်းဝန်းပိတ်ဆို့ အရေးယူဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက သောကြာနေ့ က တိုက်တွန်းလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားတဲ့အုပ်ချုပ်ရေးအတွက် အထောက်အပံဖြစ်စေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချမှုတွေကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဂျပန် စတဲ့နိုင်ငံတွေ အပါအဝင် မြန်မာ့အရေးအားပေးကူညီလိုတဲ့နိုင်ငံတွေ စုပေါင်းပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်ဖို့ HRW က တိုက်တွန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ လူတွေကိုအစုလိုက် အပြုံလိုက်သတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက်တာ၊ လိင်မှုဆိုင်ရာအကြမ်းဖက်စော်ကားတာ၊ တရားမဝင်ဖမ်းဆီးတာ၊ စတာတွေအပြင် ဆန္ဒပြသူတွေ၊ သတင်းသမားတွေ၊ ရှေ့နေတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပေါ်ဖိနှိပ်ညှင်းပန်းတာ စတာတွေဟာ လူသားမဆန်တဲ့ရာဇဝတ်မှု Crime Against Humanity မြောက်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က သူတို့ရဲ့ကြေညာချက်ထဲမှာဖေါ်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ သြဇာရှိတဲ့အစိုးရတွေအနေနဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီကို ဝင်ငွေနဲ့ လက်နှက်တွေ ဖြတ်တောက်ပိတ်ဆို့ဖို့ နောက်ထပ်မြန်မာပြည်သူတွေ ဘယ်လောက်အသတ်ခံ၊ အဖမ်းခံ၊ နှိပ်စက်ခံနေရမှာလဲလို့HRW ရဲ့ အာရှရေးရာညွန်ကြားရေးမှုး Brad Adams ကပြောဆိုခဲ့ပါတယ်။
ရက်စက်ကြမ်းကြုတ်မှုတွေကို နေ့စဉ်ခံစားနေရပေမယ့် ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ကမ္ဘာအသိုင်းအဝိုင်း တခုလုံးက အားပေးထောက်ခံနေတယ်ဆိုတာကို သိစေလိုပါတယ်လို့လည်း Brad Adams ကHRW ရဲ့ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။
.................................................
{{Zawgyi/Unicode}}