သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိုပင်မြို့ပေါ် ပစ်ခတ်မှု ၆ ဦးသေဆုံး


ဟိုပင်မြို့မြေပုံ။ (Credit - Google Map)
ဟိုပင်မြို့မြေပုံ။ (Credit - Google Map)

(Zawgyi / Unicode)

ကချင်ပြည်နယ် ဟိုပင်မြို့က လက်ဖက်ရည်ဆိုင်တဆိုင်အတွင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက နိုဝင်ဘာ ၇ ရက် တနင်္ဂနွေနေ့က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သံဃာတော်တပါး အပါအဝင် စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ပါတယ်။ ဒီပစ်ခတ်မှုကြောင့် ဟိုပင်မြို့ခံတွေ ထိတ်လန့် စိုးရိမ်နေကြတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုငြိမ်းချမ်း ပြောပြပါမယ်။

ကချင်ပြည်နယ် ဟိုပင်မြို့ ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ ထူးထိုက်စံ လက်ဖက်ရည်ဆိုင်မှာ နိုဝင်ဘာ ၇ ရက် တနင်္ဂနွေနေ့ မနက် ၈ နာရီခွဲဝန်းကျင်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ကားနဲ့ရောက်လာတဲ့ သေနတ်သမား ဆိုင်ထဲပစ်ခတ်ခဲ့ပုံကို ဟိုပင်ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“မျက်မြင်သက်သေတွေအရ ဆိုရင်တော့ ဖင်ကောက်ပေါ့၊ နို့နှစ်ရောင် ကားအဖြူပေါ့။ ခေါင်းခန်းမှာ ယာဉ်မောင်းတယောက်ပါတယ်။ နောက်ခန်းမှာက လက်နက်ကိုင်တဲ့သူတယောက် ပါတယ်ပေ့ါ။ သူတို့က လက်ဖက်ရည်ဆိုင်ရှေ့ကို ကားထိုးရပ်ပြီး လက်ဖက်ရည်ဆိုင်ကြားမှာရှိတဲ့ တံခါးဘက်ကနေ မဖွင့်ဘဲနဲ့ ကားလမ်းဘက်ကနေ ရှိတဲ့ တံခါးကနေ ဖွင့်ပြီးမှ ကားကို အကာအကွယ်ယူပြီးမှ ပစ်တယ်လို့ ကြားတာကိုး။ သူတို့ မျက်မြင်တွေ ပြောတဲ့ဟာကတော့ တယောက်တည်းပဲ ပစ်တာပါ။”

လက်ဖက်ရည်ဆိုင်ထဲ ပစ်ခတ်မှုအတွင်း ၅ ယောက် သေဆုံးခဲ့ပါတယ်။ တော်တော်များများလည်း ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သူက ပြောပြပါတယ်။

“ထိခိုက်သေဆုံးမှု အခြေအနေကတော့ ၁၅ ဦးပေါ့။ သေဆုံးတဲ့ဟာက ၅ ယောက်ထဲမှာ ၁၈ နှစ်အထက် အမျိုးသား ၃ ယောက်၊ အမျိုးသမီးတယောက်နဲ့ ရဟန်းတပါးပေါ့။ ထိခိုက်ဒဏ်ရာရတဲ့ ၁၀ ယောက်ကကျတော့ ဆိုင်ရှင်လင်မယားရယ်၊ သူ့ရဲ့သမီးရယ် ၃ ယောက်။ ကျန်တာကတော့ လက်ဖက်ရည်သောက်တဲ့သူထဲကနေ ၇ ယောက်ပေါ့။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကတော့ အခင်းဖြစ်ပြီးပြီးချင်း အကုန်လုံးကို ဟိုပင်ဆေးရုံကို သူတို့ ဆေးဝါးကုသပေးတာပေါ့။ စိုးရိမ်ရတဲ့ ၇ ယောက်ကိုတော့ မြစ်ကြီးနားကို လွဲှပေးလိုက်တာကိုး။”

ဟိုပင်ဆေးရုံမှာ ကုသခံနေရသူ ၃ ယောက်ထဲက တယောက်က ဒဏ်ရာမပြင်းထန်တာကြောင့် ဆင်းသွားပြီ ဖြစ်ပါတယ်။

အခြား ဟိုပင်ဒေသခံတဦးကတော့ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်သူ ၇ ယောက်အနက်မှာ ဒီကနေ့ မနက်ခင်းမှာ တယောက်ဆုံးပါးခဲ့ကြောင်း ပြောပေမယ့် သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ဒီကနေ့ တနင်္လာနေ့မှာတော့ ဟိုပင်မြို့တွင်းမှာ အသွားအလာ နည်းပါးနေသလို မြို့ခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြောင်း အခုလို ပြောပါတယ်။

“အသွားအလာတော့ ကျဲသွားတာပေါ့ဗျ။ ညပိုင်းလည်းကျဲတယ်။ အခု နေ့လယ်ပိုင်းလည်း ဈေးတွေ ဘာတွေလည်း ခြောက်ကပ်သွားတာပေါ့။ လူတွေရဲ့ စိတ်ထဲမှာတော့ စိုးရိမ်စိတ်တွေ ဝင်နေကြတာပေါ့ဗျာ။”

ဒေသခံတွေကတော့ ပစ်ခတ်သူ တရားခံကို ဖမ်းဆီးမိတယ်ဆိုတာ မကြားသိရသေးကြောင်း ပြောဆိုပါတယ်။ ဒီအခြေအနေကို မေးမြန်းနိုင်ဖို့ ဟိုပင်ရဲစခန်းကို ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ဟိုပင်မြို့မှာ စစ်ကောင်စီလိုလားသူ သတင်းပေးအဖြစ် စွပ်စွဲခံရတဲ့ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး အောက်တိုဘာ ၁၂ ရက်နေ့နဲ့ ၂၉ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ အခု ထူးထိုက်စံ လက်ဖက်ရည်ဆိုင် ပစ်ခတ်မှုဟာ ပြီးခဲ့တဲ့လ သတ်ဖြတ်ခံရမှုနဲ့ ဆက်စပ်နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုနိုင်တာ မရှိပါဘူး။

ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟိုပင်) ကတော့ လက်ဖက်ရည်ဆိုင် ပစ်ခတ်မှုဟာ သူတို့လက်ချက် မဟုတ်ကြောင်း၊ ဒါဟာ ပျူစောထီးတွေ ပစ်ခတ်တာလို့ စုံစမ်းသိရှိရကြောင်းနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း စာထုတ်ပြန်ထားပါတယ်။ ပျူစောထီးဆိုတာကတော့ စစ်တပ်လိုလားသူတွေလို့ အများအမြင်ခံနေရသူတွေ ဖြစ်ပါတယ်။ ပျူစောထီးဆိုတဲ့ အဖွဲ့ကို ဖွဲ့ပေးထားခြင်း မရှိသလို လက်နက်တပ်ဆင်ပေးထားခြင်းလည်း မရှိဘူးလို့ စစ်ကောင်စီက ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)














XS
SM
MD
LG