မြန်မာနိုင်ငံထဲ HIV ရောဂါပိုးကြောင့် သေဆုံးမှုနှုန်းဟာ ၆ နှစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်လို့ UNAIDS ကုလသမဂ္ဂရဲ့ AIDS တိုက်ဖျက်ရေး အဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။ ဒီကိန်းဂဏန်းဟာဆိုရင် အာရှ ပစိဖိတ်ဒေသတွင်းတခုလုံးပါ ကြီးမားတဲ့ အပြောင်းအလဲ အောင်မြင်မှုတရပ်ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ UNAIDS ရဲ့ မြန်မာနိုင်ငံဆိုင်ရာညွန်ကြားရေးမှုး Mr. Oussama Tawil ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားတာပါ။
မေး။ ။ UNAIDS ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ HIV-AIDS ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ၅၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်ဆိုတာ သိရပါတယ်။ ဒီလိုကျဆင်းသွားစေတဲ့ အဓိက အကြောင်းရင်းတွေက ဘာတွေပါလဲ။
ဖြေ။ ။ “ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း HIV ရောဂါ ကုသမှုတွေ သိသိသာသာ တိုးလာခဲ့တာက အဓိက အချက်တခုပါပဲ။ အဲဒီလို ကုသမှုတွေကို အရင်တုန်းကတော့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ၊ တသီး ပုဂ္ဂိလိက အဖွဲ့အစည်းတွေက ဆောင်ရွက်ပေးခဲ့တာပါ။ အဲဒီနောက် ပြီးခဲ့တဲ့ နှစ်အနည်းငယ်က စလို့ အစိုးရကလည်း ဒါကို လူထုကျန်းမာရေးကဏ္ဍတခုအဖြစ် အရှိန်မြင့် ဆောင်ရွက်လာတာကြောင့် အခုလို တိုးတက်မှုတွေ ဖြစ်လာတာပါ။ ဝေးလံခေါင်သီတဲ့ ကျေးလပ်ဒေသတွေမှာပါ လုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ကုသမှုတွေ ပိုကောင်းလာတဲ့အတွက် ဒီရောဂါနဲ့ဆက်စပ်တဲ့ သေဆုံးမှုတွေ နည်းသွားတာပါပဲ။ ပြင်ပ အဖွဲ့အစည်းတွေရဲ့ ဝိုင်းဝန်းကူညီမှုနဲ့ အစိုးရက နည်းဗျူဟာချ ဆောင်ရွက်နိုင်တာကြောင့်လို့လည်း ဆိုနိုင်ပါတယ်။”
မေး။ ။ ဒီတိုးတက်မှုက သတင်းကောင်းပါ။ ဒီတိုးတက်မှုကို ဆက်ပြီး ထိန်းထားနိုင်ဖို့ ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။
ဖြေ။ ။ “ဒါက ကောင်းတဲ့တိုးတက်မှုတခုပါ။ ဒါပေမဲ့ ရှေ့ဆက်တိုးတက်အောင် ဆောင်ရွက်ရမှာတွေလည်း ရှိပါသေးတယ်။ အခုဆိုရင် HIV ရောဂါ ရှိတဲ့သူဦးရေ စုစုပေါင်းရဲ့ ၅၇ ရာခိုင်နှုန်းကိုပဲ ကုသမှု ပေးနိုင်ပါသေးတယ်။ ၉၀ ရာခိုင်နှုန်း ကုသမှုပေးနိုင်တဲ့အထိ လုပ်ဆောင်သွားဖို့ ဆိုတဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက်ရောက်ဖို့ ဆက်ကြိုးစားသွားရဦးမှာပါ။ အဲဒီအတွက် လိုအပ်တဲ့ ကုသမှုဆိုင်ရာ ရင်းမြစ်တွေ ရှိဖို့လိုပါတယ်။ ဆေးဝါးတွေ ရှိရမှာဖြစ်သလို၊ လိုအပ်နဲ့အညီ အခိုင်အမာ ကုသမှုပေးနိုင်မယ့် ကျန်းမာရေးစနစ် ရှိဖို့ လိုအပ်ပါတယ်။ အရေးကြီးတဲ့တခုက - ရှိနေတဲ့ ကျန်းမာရေးစနစ်ထဲမှာ HIV ရောဂါ ကူးစက်ခံထားရ သူတွေ ပြုစုစောင့်ရှောက်ခွင့်ရဖို့၊ ပြီးတော့ ခွဲခြားဆက်ဆံတာတွေ လျော့ကျအောင် လုပ်ဖို့လိုပါတယ်။ နောက် အလေးထားရမှာတခုက HIV ရောဂါ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ဖြစ်နေတဲ့နေရာတွေမှာ ရှိနေကြတဲ့ ကူးဆက်ခံထားရသူတွေ၊ အထူးသဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူတွေ၊ လိင်တူဆက်ဆံသူတွေ၊ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ကြသူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ရှိဖို့လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာပြည်မှာ ဒီလို လူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ အလွယ်တကူ မရနိုင်သေးတာကြောင့်ပါ။ ဆိုတော့ ဒီလိုအချက်တွေကို အလေးထား လုပ်ဆောင်မယ် ဆိုရင်တော့ လက်ရှိ တိုးတက်မှုတွေကနေ တနိုင်ငံလုံး အဆင့် ရည်မှန်းချက်တွေ ပြည့်မီလာအောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။”
မေး။ ။ ဒီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ မြန်မာအစိုးရဘက်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ ပြောနိုင်ပါသလား။
ဖြေ။ ။ “ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရက သန္နိဌာန်ချ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အရေးတကြီး ဆောင်ရွက်ရမယ့်ကိစ္စ ဆိုတာကို သတိပြု လက်ခံထားတာ တွေ့ရပါတယ်။ ကူးစက်ဖို့လွယ်ကူတဲ့ အန္တရာယ်တွေ ရှိနေတာ… ဥပမာ ဆေးထိုးအက် ကနေတဆင့် မူးယစ်ဆေး သုံးစွဲကြတဲ့သူတွေကြောင့် ကူးစက်မှုဖြစ်ရတဲ့ကိစ္စမျိုးတွေပါ။ ဆိုတော့ ဒီလိုကိစ္စရပ်တွေကို ကိုင်တွယ်ဖို့ စိတ်ပိုင်းဖြတ်ထားတာ တွေ့ရပြီး လက်တွေ့ စီစဉ်ဆောင်ရွက်နေတာတွေလည်း မြင်ရပါတယ်။ လက်ရှိမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်ဆောင်ရွက်မှုတွေနဲ့ ဒီလိုလူတွေကို ကုသမှုတွေ ပေးနေတာလည်း ဖြစ်ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူထုတွေနဲ့ ထိတွေ့ ဆောင်ရွက်တာတွေလည်း ရှိပါတယ်။ အဲဒီလို ထိတွေ့မှုတွေ ဖြစ်အောင်လည်း ကျနော်တို့က ကူညီပေးပါတယ်။ လူမှုအသိုင်းအဝိုင်းထဲမှာ ဖယ်ကျဉ်ခံထားရတဲ့သူတွေ အတွက် သူတို့မှာလည်း ကျန်းမာရေး စောင့်ရှောက်ခွင့်ရဖို့ အခွင့်အရေး ရှိတယ်ဆိုတာတွေကို လက်ခံလာအောင် လုပ်ရပါတယ်။ ဆိုတော့ အစိုးရဘက်က ပူပေါင်းဆောင်ရွက်တာ ရှိသလဲမေးရင်တော့ ဟုတ်ကဲ့ ရှိပါတယ်။ အဓိက ကတော့ အစိုးရအနေနဲ့ သူတို့ စိတ်ပိုင်းဖြတ် ဆောင်ရွက်နေတဲ့ ကိစ္စတွေမှာ ဘယ်လို လက်တွေ့ စီမံကိုင်တွယ်သွားမလဲ ဆိုတာပဲဖြစ်ပါတယ်။”
UNAIDS ရဲ့ မြန်မာနိုင်ငံဆိုင်ရာညွန်ကြားရေးမှုး Mr. Oussama Tawil ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားတာပါ။