သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Heather Nauert ကို ကုလဆိုင်ရာကန်သံအမတ် အဖြစ်ခန့်အပ်


Heather Nauert
Heather Nauert

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး အသစ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert ကို ခန့်အပ်မယ်လို့ သမ္မတဒေါ်နလ်ထရမ့်ကကြေညာပါတယ်။ လက်ရှိကုလသမဂ္ဂမှာတာဝန်ထမ်းဆောင် နေတဲ့ သံအမတ်ကြီး Nikki Haley နေရာမှာ Heather Nauert ကိုအစားထိုးမှာလို့ သမ္မတထရမ့်က သတင်းထောက်တွေ ကို မနေ့သောကြာနေ့တုန်းကပြောခဲ့ပါတယ်။

သံအမတ်ကြီး Nikki Haley က ဒီနှစ်ကုန်ရင် ကုလသမဂ္ဂက သူ့ရဲ့တာဝန်တွေ ကိုအဆုံးသတ်မယ်လို့ အောက်တိုဘာလတုန်းကပြောထားတာပါ။ သံအမတ်ကြီးအသစ်ဖြစ်လာမယ့် Heather Nauert က သတင်းလောကကလာတာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၂၀၁၇ ခုဧပြီလမှာစပြီးအလုပ်လုပ်ခဲ့သူပါ။ သူဟာ Fox ရုပ်မြင်သံကြားသတင်းဌာနရဲ့ မနက်ပိုင်းအစီအစဉ်မှူးလုပ်ခဲ့သူဖြစ်ပြီး သူ့ရဲ့အစီအစဉ်တွေကို သမ္မတထရမ့်က ပုံမှန် ကြည့်တယ်လို့ဆိုပါတယ်။

သောကြာနေ့မှာပဲ သမ္မတထရမ့်က အသစ်ခန့်အပ်မယ်လို့ကြေညာခဲ့တဲ့ ပုဂ္ဂိုလ်နောက် တဦး ကတော့ Willian Barr ပါ။ သူ့ကို အမေရိကန်နိုင်ငံရဲ့ရှေ့နေချုပ်အဖြစ်ခန့်အပ်မှာပါ။ Willian Barr မကြာခင်ရက်ပိုင်းကပဲ ကွယ်လွန်သွားခဲ့တဲ့ သမ္မတဟောင်း George H.W Bush အစိုးရလက်ထက်မှာတုန်းကလည်း ရှေ့နေချုပ်အဖြစ်တာဝန် ထမ်းဆောင်ခဲ့သူပါ။ Willian Barr ဟာ အသက် ၆၈ နှစ်ရှိပြီး ရှေးရိုးစွဲရီပါဘလစ်ကန်တဦး၊ ရှေ့နေတဦးလည်းဖြစ်ပါတယ်။ သူ့ဟာ ရီပါဘလစ်ကန်တွေရော ဒီမိုကရက်တွေကပါ လေးစားခံရသူတဦးဖြစ်တယ်လို့ သမ္မတထရမ့်က သတင်းထောက် တွေကို မနေ့ကပြောပါတယ်။

အမေရိကန်တရားရေးဝန်ကြီးဌာနရဲ့အကြီးအကဲ Jeff Sessions ကို ပြီးခဲ့တဲ့လတုန်းက သမ္မတထရမ့်ကနေ ရာထူးကဖယ်ရှားခဲ့ပြီး သူ့နေရာမှာ ယာယီရှေ့နေချုပ်အဖြစ် Matthew Whitaker ကိုခန့်ထားပါတယ်။ အခုဒီနေရာကို Willian Barr က ရှေ့နေချုပ်အဖြစ်တာဝန်ယူတော့မှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG