သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် သေဆုံးမူမြင့်တက်လာတာ ကာကွယ်ရေး


တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ အခု ကိုဗစ်-19 လှိုင်းကြောင့် ကူးစက်နှုန်းတွေ နေ့စဉ် ထောင်ဂဏန်းတွေချီ စံချိန်တင်ပြီး၊ သေဆုံးမူပါ ရာဂဏန်းကို ရုတ်တရက် ခုန်တက်လာချိန်မှာ၊ ပိုမိုသေဆုံးနိုင်မူကနေ ကာကွယ်ဖို့ အလွန့်အလွန် အရေးကြီးနေပါပြီ။

မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်နှုန်းက များလွန်းလာပြီး၊ ဆေးရုံတွေ လက်ခံနိုင်စွမ်းကျော်သွားကာ၊ အိမ်တွေမှာ ကိုယ့်ဟာကိုယ် ဆေးစစ် (သို့မဟုတ်) ရောဂါလက္ခဏာကြည့် ဆုံးဖြတ် (သို့မဟုတ်) ဘာမှန်းမသိပဲ၊ ကုနေရသူတွေ ရုတ်တရက် များလွန်းလာနေပါတယ်။ ဒီအထဲ အသက်အရွက်ကြီးရင့်သူတွေနဲ့ ရောဂါအခံရှိသူတွေ စောစောကုသမူမရ ပိုဆိုးကာ၊ အောက်ဆီဂျင်အချိန်မီမရတာကြောင့်၊ မလိုအပ်ပဲ သေဆုံးမူတွေ များလာနေရပါပြီ။ ဒါတွေကိုလျော့ချနိုင်ဖို့ ပြည်သူတွေ အတတ်နိုင်ဆုံး အိမ်အပြင်မထွက်ပဲ အားလုံးရဲ့အသက်ကို ဝိုင်းကယ်ပေးဖို့နဲ့၊ ဝန်ပိလာနေတဲ့ ဆေးရုံနဲ့ကျန်းမာရေးစနစ် မပြိုလဲအောင် တတတ်တအား ဝိုင်းကူ စောင့်ရှောင့်ပေးဖို့ အထူးအရေးကြီးနေပါပြီ။

အခုလို အိမ်မှာနေရချိန်မှာလည်း ပြည်သူတွေ ဝိုင်းလုပ်ပေးနိုင်တာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ (၁၄) ရက်အတွင်း ရောဂါရှိသူနဲ့ ထိတွေ့ခဲ့သူ (သို့) ထိတွေ့ခဲ့သူမှာ ရောဂါဖြစ်လာခဲ့ရင် (သို့) မိမိကိုယ်တိုင်မှာ ကိုဗစ်လက္ခဏာတွေ (အနံ့ပျောက်တာ၊ ဖျားတာ၊ အသက်ရူခက်တာတွေ) ပြလာလျှင်တော့၊ ကိုယ့်ဟာကိုယ် စတင်ကာကွယ်ပြီး ကိုယ့်ဟာကိုယ် သီးသန့်ခွဲ နေထိုင်စားသောက်သင့်ပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေကို မကူးအောင်၊ လုံးဝခွဲနေဖို့ပါ။ ဒါ့အပြင် ဆေးရုံဆေးခန်းသွား ဆေးစစ်ဖို့အတွက်၊ ကာကွယ်ဆေးထိုးထားသူ၊ ဖြစ်နိုင်လျှင် ငယ်ရွယ်သူ၊ ရောဂါအခံမရှိသူကို အကူအညီတောင်းသင့်ပါတယ်။

ဆေးစစ်ဖို့ကို အနီးဆုံး ဆေးရုံဆေးခန်း၊ ဆေးစစ်ဌာန (Test Center) နဲ့ ဒေသန္တရ ကျန်းမာရေးဌာန၊ မြို.နယ်ကျန်းမာရေးရုံးဦးစီးဌာနတွေကို ဆက်သွယ်အကြောင်းကြား၊ Appointment (တွေ့ရမယ့်အချိန်) တောင်းယူ၊ သွားပြနိုင်ပါတယ်။ မိမိမိသားစုနဲ့ အနားမှာ ကာကွယ်ဆေးထိုးထားသူ မရှိပါကလဲ၊ ငယ်ရွယ်သူနဲ့ ရောဂါအခံမရှိသူတွေကိုပဲ၊ အကူအညီတောင်း သွားပြ၊ ဆေးစစ်သင့်ပါတယ်။

အကယ်၍ ဆေးမစစ်နိုင်ပဲ ရောဂါလက္ခဏာပေါ် ကြည့်ဆုံးဖြတ်တာပဲဖြစ်ဖြစ်၊ ဆေးစစ်ပြီး ပိုးရှိတာ သိသိချင်းပဲဖြစ်ဖြစ်၊ ဆေးရုံမသွားနိုင်သေးဘဲ၊ အိမ်မှာ ကိုယ့်ဟာကိုယ် ကုနေရပါကလဲ၊ ပိုအထူးသတိထား စောင့်ကြည့်စရာတွေ ရှိလာပါတယ်။ ပြင်းထန်နိုင်တဲ့ အနေအထားကို ကြိုမှန်းရခက်ပေမယ့်၊ ရောဂါအခံရှိသူနဲ့ သက်ကြီး၊ ကိုယ်ခံအားနည်းသူတွေမှာ ပိုပြင်းထန်လာနိုင်တာကို ကြိုသတိပြုသင့်ပါတယ်။ အဓိက လုပ်နိုင်တာကတော့ အောက်ဆီဂျင်နဲ့ အပူချိန် (အဖျား) ပုံမှန်တိုင်းဖို့ပါ။ Pulse အောက်ဆီမီတာ (လက်ဖျားမှာညှပ်ပြီး အောက်ဆီဂျင်တိုင်းတဲ့ကရိယာ) ဝယ်ကာ၊ တစ်နေ့ (၃) ကြိမ်တိုင်းသင့်ပါတယ်။ ကိုယ်အပူချိန်ကိုလည်း တစ်နေ့ (၂) ကြိမ်တိုင်းသင့်ပါတယ်။ အောက်ဆီဂျင် (၉၂) အောက် (သို့) ၉၀ အောက်ရောက်လျှင်တော့၊ အောက်ဆီဂျင် စနစ်တကျရှုနိုင်တဲ့နေရာ ရောက်ဖို့လိုပါတယ်။ အိမ်မှာ အောက်ဆီဂျင်ရှုတာက နားလည်သူ၊ ကျွမ်းကျင်တဲ့ Special Nurse တွေကူညီမူမရှိပဲ လုပ်ရတာ ခက်နိုင်ပါတယ်။

ဖြစ်နိုင်လျှင် ဆေးရုံအမြန်သွားတာ (သို) အောက်ဆီဂျင် မကျခင်ကတည်းက၊ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ကြိုအချိန်းအချက်ယူပြီး (အထက်ပါ ကျန်းမာရေးဌာနတွေအပြင်၊ Call Center တွေမှာလည်း - ၀၆၇ ၃၄၁၁ ၅၀၈၊ ၀၆၇ ၃၄၁၁ ၅၀၉၊ ၀၆၇ ၃၄၁၁ ၁၄၄ နဲ့ ၀၉ ၈၈၂၅၅ ၇၉၉၁၊ ၀၉ ၈၈၂၅၅ ၇၉၉၂၊ ၀၉ ၈၈၂၅၅ ၇၉၉၃ - မေးမြန်းချိတ်ဆက်ကာ) အခုလို အိမ်မှာ စောင့်ကြည့်ကုသနေကြောင်းနဲ့၊ အောက်ဆီဂျင်ကျလာလျှင်၊ အောက်ဆီဂျင် အသင့်ရှိတဲ့ ဆေးရုံအမြန်သွားနိုင်ဖို့ ချိတ်ဆက်ထားသင့်ပါတယ်။ အရေးပေါ်လူနာတွေကို ပြန်မလွှတ်ဘဲ ကုသပေးဖို့တော့၊ ဆေးရုံတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

တကယ်တော့၊ ဗြိတိန်နိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်း ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ချိန် ဝန်ကြီးချုပ်ကိုယ်တိုင် ထွက်ပြောခဲ့သလို၊ အိမ်မှာနေပြီး လူ့အသက်ကယ်ကာ ကျန်းမာရေးစနစ်ကို ဝိုင်းကူစောင့်ရှောက်ပေးဖို့၊ မြန်မာနိုင်ငံမှာ ဒီနေ့ အရေးပေါ်လိုအပ်နေပါပြီ။ အခု ကိုဗစ်လူနာတွေ များလွန်းလာချိန်မှာ၊ အရင်ရှိခဲ့တဲ့ ဆေးဝန်ထမ်းတစ်ဝက်တစ်ပျက် မနိုင်မနင်းနဲ့၊ ဆေးရုံကုတင်တွေရှိလျှက် လူနာတွေကိုပြန်လွှတ်ရ၊ အောက်ဆီဂျင်ပြတ်တဲ့အထိ ဖြစ်လာရချိန်မှာ၊ ကျန်တဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေပါ၊ တတ်နိုင်တဲ့ဘက်က ဝိုင်းကူပေးနိုင်ဖို့ သေရေးရှင်ရေး လိုအပ်နေပါပြီ။ ဒါမှသာ လူနာတွေဆေးရုံအရောက် နောက်မကျ၊ စောစောကုသပေးနိုင်ကာ ပိုမဆိုးလာတော့ဘဲ၊ အောက်ဆီဂျင် မလောက်မငှဖြစ်၊ အသက်ဆုံးရှုံးနေရတာတွေကိုပါ အမြန်ကာကွယ်ပေးနိုင်မှာပါ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရနဲ့၊ အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနမှာ လေ့လာသင်ကြားခဲ့တဲ့၊ ကူးစက်ရောဂါဗေဒကျွမ်းကျင်သူ ဒေါက်တာသန်းနိုင်စိုးကို ဆက်သွယ်မေးထားပါတယ်။

@ https://www.facebook.com/than.n.oo.9/posts/10219290501150057

==Unicode==









@ https://www.facebook.com/than.n.oo.9/posts/10219290501150057

XS
SM
MD
LG