ကိုယ်လက်လှုပ်ရှား အားကစား အများကြီးလုပ်တာကြောင့် သက်ကြီးအရွယ်မှာ မပျက်စီးဘဲ၊လူငယ်လေးတွေလို ကိုယ်ခံအားစနစ်နဲ့ ကိုယ်ခန္ဓာမျိုး ဆက်ပိုင်ဆိုင်နိုင်တယ်လို့ ဗြိတိန်နိုင်ငံ King’s ကောလိပ်က သုတေသီတွေ တွေ့ရှိလိုက်ပါတယ်။
အင်္ဂလန်နိုင်ငံမှာ အသက် (၈၀) ကျော် သက်ကြီးတွေအနေနဲ့ ရက်သတ္တပတ်တစ်ပတ်ကို မိုင် (၆၀) – (၁၀၀) ခရီးရှည်၊ နာရီတွေချီပြီး၊ စက်ဘီးစီးတာကြောင့် သူတို့ရဲ့ ကိုယ်ခံအားစနစ်၊ ကြွက်သားအရွယ်အစားနဲ့ အဆီပမာဏတွေဟာ အသက် (၂၀) အရွယ် လူငယ်လေးတွေအတိုင်း ကောင်းစွာရှိနေတာကို မကြာခင်ကပဲ တွေ့ရှိလိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ လူ့ကိုယ်ခံစွမ်းအားက အသက် (၂၀) ကနေ စပြီး တစ်နှစ်ကို (၂)% ကနေ (၃)% အတွင်း တဖြည်းဖြည်းကျဆင်းသွားပြီး၊ အသက်အရွယ်အိုမင်းလာချိန်မှာ ကိုယ်ခံအား အများကြီးကျဆင်းကာ ရောဂါမျိုးစုံဝင်လာလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီ ခရီးဝေး စက်ဘီးစီးသူတွေအနေနဲ့တော့ အသက် (၈၀) အထိတိုင် ကိုယ်ခံအားက အသက် (၂၀) လိုပဲ မပျက်မစီး ဆက်ရှိနေတာကို ထူးထူးခြားခြားတွေ့ရှိလိုက်တာကြောင့် အရင် အစာလည်းဆေးတစ်ပါး ပြောရာကနေ၊ အခု အားကစားလည်း ကျန်းမာနုပျိုဆေးတစ်ပါးလို့ ပြောနေကြပါပြီ။
မြန်မာနိုင်ငံမှာလည်း အခုလို ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာကြောင့် အသက်ရှည်နေထိုင်သူတွေကို တွေ့နေရတာအပြင်၊ ကိုယ်လက်လှုပ်ရှား အားကစား ဆေးတစ်ပါးလို့ ဆိုင်းဘုတ်တင် လှုံဆော်သြထားတာရှိနေပါပြီ။ တကယ်တော့ မြန်မာနိုင်ငံမှာက ရုံးထဲ အကြာကြီးထိုင်လုပ်ရတာ၊ ကားကြပ်တာ စတာတွေကြောင့်၊ လူအများ လှုပ်ရှားမှုနည်းလာပြီး၊ ရောဂါထူပြောလာတာ၊ အဝလွန်တာနဲ့ ကင်ဆာဖြစ်တာတွေ ပိုတွေ့လာနေရပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုတွေ ပိုလုပ်ပေးသင့်ပါပြီ။
အခုလို ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေအများကြီး အရင်ကလည်း တွေ့ရှိထားရာမှာ၊ ရင်သားကင်ဆာကြောင့် သေဆုံးရမှု (၅၀)% လျော့ချပေးတာ၊ အူမကြီးကင်ဆာဖြစ်တာ (၆၀)% လျော့ချပေးတာ၊ အယ်လ်ဇိုင်းမား (ခေါ်) သက်ကြီး သူငယ်ပြန်မှတ်ဉာဏ်ကျရောဂါကနေ (၄၀)% လျော့ချပေးတာ၊ ဆီးချိုရောဂါကနေ (၅၈)% လျော့ချပေးတာ၊ နှလုံးသွေးကြောနဲ့ သွေးတိုးရောဂါ လေဖြတ်တာတွေကနေ (၂၇)% လျော့ချပေးတာအပြင်၊ စိတ်ကျရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါနဲ့ ကင်ဆာရောဂါတွေကို လျော့ပါးစေတာတွေ ပါဝင်ကာ၊ ကြွက်သားတွေကိုလည်း ဆက်သန်မာစေပါတယ်။
အခု ဗြိတိန်က သက်ကြီးတွေလောက် မိုင်အများကြီးချီ၊ နာရီတွေနဲ့ချီ အားကစား လုပ်ဖို့ ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့် သာမန်ပုံမှန် အားကစားလုပ်ပေးခြင်းဖြင့် အသက်ကြီးလာချိန် မပျက်စီးဘဲ ကျန်းမာနုပျိုအောင် ထိန်းသိမ်းထားနိုင်ပါတယ်။ အဲ့ဒီအတွက် အားကစားကို အနည်ဆုံး တနေ့ နာရီဝက်၊ မိနစ် (၃၀)၊ တပတ်ကို (၅) ရက် ချွေးထွက်အောင် နှလုံးခုန် တစုံတရာမြန်လာပြီး မောသွားတောင် လုပ်ပေးသင့်ပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံမြို့ကြီးတွေက ရပ်ကွက်တိုင်းလိုလိုမှာ အားကစားခန်းမတွေ (Gym) တခြားနိုင်ငံတွေလိုမှာပဲ ပေါ်ပေါက်ကာ၊ လူငယ်တွေ စပြီး ကိုယ်လက်လှုပ်ရှား ကစားလာတာက အနာဂတ်ကျန်းမာရေးအတွက် လက္ခဏာကောင်းပါ။ ဒါပေမဲ့ အလွန်အကျွံ မကစားမိဖို့တော့ အရေးကြီးပါတယ်။ တလောကပဲ အားကစား အသည်းအသန်လုပ်မိပြီး မော်ဒယ်အမျိုးသမီး တစ်ဦး နှလုံးဖောက် သေဆုံးခဲ့ရပါတယ်။ အထူးသဖြင့် နှလုံးရောဂါလိုမျိုး၊ အဆစ်အမြှစ်ရောင်ရောဂါမျိုး ရောဂါအခံ ရှိထားသူတွေ၊ ပြင်းထန်တဲ့ဆေး တွေသောက်နေရသူတွေ၊ မိုက်ကနဲ အလွယ်တကူမူးသွားတတ်သူတွေမှာ အထူး သတိထားပြီး၊ ဖြည်းဖြည်းပဲ အားကစားလုပ်သင့်ပါတယ်။ Gym တွေမှာလည်း အားကစား လုပ်သင့်မလုပ်သင့် ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေ မေးမြန်းပြီး၊ အားကစားလုပ်နေသူတွေ တစ်ခုခုမဖြစ်အောင်လည်း စောင့်ကြည့်ထိန်းသိမ်းပေးသူတွေ ခန့်ထားဖို့လိုပါတယ်။
အခုလို Gym အားကစားရုံတွေ ပေါ်လာတာအပြင် အလုပ်ခွင်တွေ၊ ကျောင်းတွေ စတာတွေမှာလည်း အားကစားလုပ်နိုင်အောင် အားကစားပစ္စည်းတွေ တပ်ဆင်ပေးသင့်ပါတယ်။ ဆွဲခိုနိုင်တဲ့ ဘားကွင်းချိတ်ပေးထားတာ၊ လမ်းလျှောက်နိုင် ပြေးနိုင်တဲ့စက် တပ်ပေးထားတာ စတာတွေလုပ်ပေးခြင်းဖြင့် တနေကုန်ထိုင်အလုပ်လုပ်၊ ကျောင်းတက်ရသူတွေ အညာင်းမိတာအတွက်၊ အပြင် Gym တွေကို တကူးတကသွားစရာမလိုပဲ အလွယ်တကူ အားကစားလုပ်နိုင်စေပါတယ်။ ပုံမှန် ဈေးသွား၊ အလုပ်သွား၊ ကျောင်းသွား အပြင်ထွက်ချိန် လှုပ်ရှားသွားလာတင်မက၊ ကိုယ်လက်လှုပ်ရှားကစားတာကို လေကောင်းလေသန့်ရတဲ့နေရာမှာ သီးသန့်လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် အချိန်မပေးနိုင်လောက်အောင် အလုပ်များတယ်လို့ အကြောင်းပြနေသူတွေအတွက်လည်း အိမ်မှာ လဲလျောင်းရင်း ခြေထောက်လေထဲလှုပ်တာ၊ ပက်လက်အိပ်ထလုပ်တာ၊ ဒိုက်ထိုးတာ၊ ခါးလှည့်တာ စတာတွေကို ချွေးထွက်အောင် ပုံမှန်လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခါးနာ၊ ဒူးနာနေသူတွေ၊ အဝလွန်သူတွေအတွက်လည်း ခုလို ပက်လက်၊ မှောက်လျှက်အနေအထားနဲ့ လုပ်နိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပေးနိုင်ပါတယ်။ ဒူးနာတာနဲ့ ပတ်သက်ပြီး အသက်ကြီးလာသူတွေအတွက် ရေကူးတာ၊ စက်ဘီးစီးတာကလည်း၊ ပြေးတာထက်စာရင် ဒူးနာသက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ အားကစားလုပ်ရာမှာလည်း အသက်အရွယ်အပိုင်းအခြာအရ ကြီးလာလျှင် မလုပ်ရဘူး၊ ငယ်စဉ်ကမှ စလုပ်ရတယ်လို့ အကန့်အသတ် မရှိဘဲ၊ ဘယ်အရွယ်မဆို စလုပ်နိုင်ပါတယ်။ အချိန်ကာလအားဖြင့်လည်း ဒီဇင်ဘာကားကစားလမှ အားကစာလုပ်တာမျိုးလည်းမဟုတ်ပဲ အမြဲပုံမှန် လုပ်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် နေ့စဉ်မှာလည်း မနက်စောစောမှ အားကစားလုပ်ရမယ်လို့ မရှိပါဘူး ကိုအဆင်ပြေတဲ့အချိန် ထ လုပ်နိုင်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။