တုန်၊တောင့်၊နှေးရောဂါလို့လည်း ပြောစမှတ်ပြုကြတဲ့ ခြေလက်တုန်၊ ကြွက်သားတောင့်၊ လှုပ်ရှားမှုနှေးလာတဲ့ Parkinson (ပါကင်ဆန်) ရောဂါဟာ သက်ကြီးပိုင်းမှာ တစုံတရာအဖြစ်များတယ်လို့ ဆိုပါတယ်။
ပါကင်ဆန်ရောဂါ အဓိကဖြစ်ရခြင်း အကြောင်းရင်း အတိအကျကိုတော့ မသိရသေးပါဘူး။ သိရှိထားတာကတော့ ဦးနှောက်အာရုံကြောဆဲလ် (Nerve Cells) တွေ တဖြည်းဖြည်းပျက်စီးလာပြီး၊ လှုပ်ရှားမှုတွေကို လွယ်ကူအောင်လုပ်ပေးတဲ့ ဦးနှောက်နေရာမှာ စေ့ဆော်မှုဖြစ်စေတဲ့ ဓာတုပစ္စည်း (အဓိက Dopamine) အထွက်နည်းသွားတာကြောင့် လှုပ်ရှားမှု ထိခိုက်သွားရတာပါ။ အခုလိုဖြစ်လာစေတဲ့ အဓိက အကြောင်းရင်းကို မသိရသေးပေမယ့် ဖြစ်နိုင်ခြေ တစ်ခုကတော့ ပိုးသတ်ဆေး (Insecticides၊ Pesticides) အပါအဝင် ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာများတာကြောင့်ပါ။
ဒီ ရောဂါဖြစ်လာလျှင် တွေ့ရမယ့် လက္ခဏာတွေက တုန်၊ တောင့်၊ နှေးရောဂါ ဆိုတဲ့အတိုင်း ပထမပိုင်း တုန်တာဖြစ်လာရာမှာ လက် တစ်ဖက်ထဲ စတင်တုန်လာတာ၊ ထိုင်နေချိန် နားနေချိန်တွေမှာ တုန်လာတာ (Resting Tremor)၊ နောက်ပိုင်း တောင့်လာတဲ့အခါမှာလည်း ကြွက်သားတောင့်ပြီး လမ်းလျှောက်ရခက်တာ၊ ခါးကုံးပြီး လမ်းလျှောက်တာ၊ လက်မလွှဲဘဲ လမ်းလျှောက်တာ၊ မျက်နှာကြွက်သားပါတောင့်ပြီး ခပ်တင်းတင်းဖြစ်လာတာ၊ ပါးစပ်ကြွက်သားတောင့်ပြီး စကားပြော ခက်လာတာ၊ နှေးလာတာတွေ ဖြစ်ပါတယ်။ ပုံမှန်လှုပ်ရှားမှုလုပ်ရာမှာ ကြွက်သားတချို့က ဆွဲပေးတာနဲ့ ကြွက်သားတချို့က လျှော့ပေးတာတွေ ဟန်ချက်ညီလုပ်ပေးကြပေမယ့် ဒီရောဂါဖြစ်လာသူတွေမှာတော့ ဒီ ကြွက်သားအားလုံးက တောင့်သွားပြီး လှုပ်ရှားမှုလုပ်ရခက် နှေးကွေးသွားတော့တာပါ။ အခုလို အစပိုင်းလက္ခဏာတွေအပြင် နောက်ပိုင်းပိုဆိုးလာတဲ့ လက္ခဏာတွေကတော့ စကားပြောရခက်ပြီး ဗလုံးဗထွေး မပီမသဖြစ်လာတာ၊ မြိုချရခက်တာ၊ ညအိပ်ချိန် ဟိုဘက်ဒီဘက် အလိုလို မစောင်းနိုင်တော့ဘဲ အိပ်ရခက် လန့်နိုးတာ၊ ဝမ်းချုပ်တာ၊ တနေ့ဓူဝလုပ်ငန်းတွေလုပ်ရ အများကြီးခက်လာတာ၊ လမ်းလျှောက်လျှင် ချော်လဲတာ၊ ပြုတ်ကျတာ၊ နောက်ပိုင်း စိတ်ဓာတ်ကျတာ (၄၀%)၊ မှတ်ဉာဏ်ကျတာ (၄နှစ်မှ ၇ နှစ်အကြာ)၊ ထလိုက်လျှင် မူးကနဲ မိုက်ကနဲဖြစ်တာတွေပါ။
ဒီရောဂါကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ပေမယ့် အစပိုင်းဖြစ်လာတဲ့ လက္ခဏာတွေကို သက်သာအောင်၊ ပိုမဆိုးလာအောင်တော့ ဆေးနဲ့ထိန်း ကုသပေးနိုင်ပါတယ်။ ဒီရောဂါ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသပြီး ဆရာဝန်ပေးတဲ့ ဆေးတွေ ပုံမှန် မှာတဲ့အတိုင်း အတိအကျ သောက်ကာ၊ လှုပ်ရှားမှုလေ့ကျင့်ခန်းပါ တွဲလုပ်ပေးခြင်းဖြင့် ထိန်းသွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီရောဂါရဲ့ သဘာဝအရ တဖြည်းဖြည်း အာရုံကြောတွေ ပိုပျက်စီးပြီး၊ ပိုဆိုးလာတတ်တာကြောင့်၊ ဒါကို ကာမိအောင် ဆေးကိုလည်း တိုးပေးသွားဖို့ လိုပါတယ်။ တချို့ကုသဆေး (Sinemet ၊ Madopar) တို့ကို အစာနဲ့ (အသား၊နို့) နဲ့ တွဲသောက်လျှင် အာနိသင်ရဖို့ ခက်တာကြောင့်၊ ရေ (သို့မဟုတ်) စပါကလင်နဲ့ ပက်ဆီ ကိုလာတို့လို ဆိုဒါရည် (Carbonated Water) နဲ့ တွဲသောက်ခြင်းဖြင့် အာနိသင်ကောင်းစေပါတယ်။ ဒီရောဂါနောက်ပိုင်း စိတ်ဓာတ်ကျ၊ မှတ်ဉာဏ်လျော့လာချိန်မှာ မိသားစုအတွက် ဝန်ထုတ်ဝန်ပိုး ကြီးလာနိုင်ပေမယ့် ဆေးမှန်မှန် တိုက်ပေးပြီး၊ လေ့ကျင့်ခန်းဆက်လုပ်ပေးခြင်းဖြင့် ဆက်ထိန်းသွားနိုင်ပါတယ်။
ကာကွယ်ရာမှာတော့ အဓိက ဖြစ်စေတဲ့ အကြောင်းရင်းကို မသိတာကြောင့် အတိအကျ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ ဓာတုပစ္စည်းဒဏ် မခံရအောင် ဆေးတွေ (အမူးပြေဆေး၊ စိတ်ပိုင်းဆိုင်ရာဆေး) ကို အကြာကြီး မသောက်တာ၊ ပိုးသတ်ဆေးတွေ အမြဲမထိတွေ့အောင် ကာကွယ်တာတွေ လုပ်ပေးနိုင်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က သက်ကြီးရွယ်အိုနဲ့ ဦးနှောက်အာရုံကြောရောဂါဆိုင်ရာ အထူးကု၊ ပါမောက္ခ ဒေါက်တာသန်းဝင်းညွန့် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။