သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ပွဲ ကျန်းမာရေး သတိပေးချက်


သင်္ကြန်နှစ်သစ်ကူးပွဲတော်၊ ရန်ကုန်
သင်္ကြန်နှစ်သစ်ကူးပွဲတော်၊ ရန်ကုန်
တိုက်ရိုက် လင့်ခ်

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲကာလမှာ အရက်နဲ့မူးယစ်ဆေး သောက်စားမှုတွေ များတာကြောင့် ယာဉ်မတော်တဆ တိုက်ခိုက်မှုနဲ့ ခိုက်ရန်ဖြစ်မှုတွေ အများဆုံး ပိုဖြစ်လာနေပြီး၊ သေဆုံးမှု၊ ရေရှည်ဆေးကုသရမှုတွေ ကြုံနေရတယ်လို့ အရေးပေါ်အထူးကု ဆရာဝန်တွေက သတိပေးလိုက်ပါတယ်။

သင်္ကြန်ပွဲတော်ကာလအတွင်း ဆေးရုံတွေကို အများဆုံးရောက်လာတဲ့ ပြဿနာကတော့ ယာဉ်မတော်တဆ တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။ အခြားကာလတွေနဲ့ မတူ ထူးထူးခြားခြား သင်္ကြန်တွင်းမှာ ယာဉ်တိုက်မှုတွေ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းကတော့ အရက်နဲ့မူးယစ်ဆေး သောက်စားပြီး မောင်းကြတာ (Drunk Driving) ကြောင့် ဖြစ်ပါတယ်။ အဲဒီလို မူးယစ်ပြီးမောင်းတာကြောင့် ဆင်ခြင်တုံတရားနည်းလာက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို ဂရုမစိုက်တော့ဘဲ၊ အလိုလို ချိုးဖောက်ချင်စိတ် ဖြစ်သွားစေပါတယ်။ ဒါကြောင့် ယာဉ်မတော်တဆမှုကနေ ကာကွယ်နိုင်ဖို့အတွက် အရက်နဲ့မူးယစ်ဆေးသုံးပြီး မမောင်းကြဖို့၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာဖို့၊ ယာဉ်ထိန်းရဲတွေကလည်း စည်းကမ်းကြီးကြပ်ထိန်းသိမ်းပေးဖို့ အထူးအရေးကြီးပါတယ်။

ယာဉ်စည်းကမ်းလိုက်နာဖို့မှာ အဓိကအားဖြင့် အရှိန်ပြင်းပြင်းမမောင်းဖို့၊ ကားထိုင်ခုံခါးပတ်ကို ကားမောင်းသူရော ကားထဲပါသူတွေပါ မဖြစ်မနေ ပတ်ဖို့လိုပါတယ်။ ဆိုင်ကယ်မောင်းသူတွေအတွက်တော့ သင်္ကြန်ကာလက အန္တရာယ်ကြီးလွန်းပါတယ်၊ ဆိုင်ကယ်မောင်းသူအတွက် မျက်နှာကိုရေနဲ့ပက်တာ၊ ဘေးကနေပက်ထဲတာ ခံနေရချိန်မှာ ရေတောထဲ အကာအကွယ်မရှိ မောင်းရတာမို့ပါ။ ဒါပေမဲ့ တခြားနည်းမရှိလို့ ဆိုင်ကယ်နဲ့ လည်ပတ်မယ်ဆိုရင်တော့ ဆိုင်ကယ်ဦးထုပ် မဖြစ်မနေ ဆောင်းပြီး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အပြည့်အဝလိုက်နာပြီး မောင်းဖို့ အလွန် အရေးကြီးပါတယ်။

သင်္ကြန်ကာလအတွင်း ဆေးရုံတွေကို ဒုတိယအများဆုံးရောက်လာတဲ့ ပြဿနာကတော့ ခိုက်ရန်ဖြစ် ထိခိုက်ဒဏ်ရာရ လူနာတွေပါ။ ဒါကလဲ အဓိက အရက်နဲ့မူးယစ်ဆေးလွန်တာနဲ့ ပတ်သက်နေပါတယ်။ အထူးသဖြင့် သင်္ကြန်ပျော်ပွဲရွှင်ပွဲအဖြစ် နောက်ပြောင်စကြရာမှာ သာမန်အချိန်မှာ သည်းခံနိုင်ပေမယ့် အရက်နဲ့မူးယစ်ဆေးလွန်နေချိန် သည်းခံမှုနည်းလွန်းသွားပြီး သွေးကြွကုန်ကြလို့ပါ။ ဒါကို ကာကွယ်နိုင်ဖို့အတွက်လည်း ဖြစ်နိုင်လျှင် သင်္ကြန်လည်ချိန်မှာ အရက်နဲ့မူးယစ်ဆေးကို ရှောင်ကျဉ်သင့်ပါတယ်။ သောက်သုံးမိလျှင်လည်း ဆင်ခြင်တုံတရား လက်လွတ်တဲ့အဆင့် အလွန်အကျွံမဖြစ်အောင် ထိန်းသင့်ပါတယ်။

ဆေးရုံအရေးပေါ်ဌာနတွေကို သင်္ကြန်တွင်း တတိယ အများဆုံး ရောက်လာတဲ့ ပြဿနာကတော့ အမြင့်ကနေ ပြုတ်ကျတာပါ။ အဓိက ဖြစ်ရခြင်းကတော့ သင်္ကြန်မဏ္ဍပ်တွေ မခိုင်ဘဲ ပြိုကျ ပြုတ်ကျတာနဲ့၊ အရက်နဲ့မူးယစ်ဆေးသုံးစွဲထားမှုကြောင့်ပါ။ မဏ္ဍပ်တွေကနေ ပြုတ်ကျတာအပြင်၊ အနားယူချိန် ပန်းခြံထဲ သစ်ပင်ပေါ်တက် ပြုတ်ကျတာနဲ့၊ အိမ်မှာနေရင်း အရက်မူးပြီး အပေါ်ထပ်တွေ၊ ဝရန်တာတွေကနေ ပြုတ်ကျတာတွေလဲ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့်မို့ သင်္ကြန်မဏ္ဍပ်တွေကို ခိုင်ခိုင်မာမာ ဆောက်ထားတာအပြင်၊ ဒီ မဏ္ဍပ်တွေ ရေကစားတဲ့နေရာတွေနဲ့ အဆောက်အဦးတွေမှာပါ အကာအရံတွေထားတာ၊ ပြုတ်မကျအောင် အတားအဆီးတွေလုပ်ထားပေးတာ၊ လက်ကိုင်ဖို့တန်းတွေ ပြင်ဆင်ပေးထားတာနဲ့ ချော်မလဲအောင် လှေကားတွေ ခိုင်ခန့်စေတာတွေ လုပ်ဆောင်ပေးသင့်ပါတယ်။

နောက်ထပ် သင်္ကြန်တွင်း အဖြစ်များလာပြီး သေကျေစေနိုင်တဲ့ အရေးပေါ်ပြဿနာကတော့ ရေနစ်တာပါ။ သင်္ကြန်တွင်း ထုံးစံအားဖြင့် မနက်ရေထွက်ကစားကြပြီး၊ နေ့လည်ပိုင်းမှာ ရန်ကုန်ကလူတွေဆို ကန်တော်ကြီးနဲ့အင်းယားလို ကန်မျိုးမှာ အနားယူတာ၊ နယ်တွေမှာလဲ ရေတံခွန်နဲ့ ရေကန်တွေမှာ အနားယူတာတွေ ပြုလုပ်လေ့ရှိရာပါတယ်။ ဒါပေမဲ့ ပြဿနာက အပျော်လွန်ပြီး၊ တချို့လည်း အရက်နဲ့မူးယစ်ဆေးလွန်ပြီး အထိန်းအသိမ်းမရှိ ရေထဲဆင်းကူးကြကာ၊ လူတွေရှုပ်နေချိန် လူပျောက်သွားတာ သတိမထားမိဘဲ၊ နောက်မှ ရေနစ်မှန်း သိရတာမျိုးတွေ နှစ်စဉ်ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့်မို့ အရက်မူးယစ်ဆေးသုံးထားရင် ရေထဲလုံးဝမဆင်းသင့်ပါဘူး။ ဒါ့အပြင် အချင်းချင်း စောင့်ကြည့်ထိန်းပေးတာ၊ ရေကန်နဲ့ ရေနစ်နိုင်တဲ့နေရာတွေမှာ အစောင့်အကြပ်တွေထားပြီး မဆင်းအောင်ထိန်းကြောင်းပေးတာ၊ ကယ်ဆယ်ရေးသမားတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အသင့်ထားစောင့်ကြည့်၊ ကယ်ဆယ်ပေးတာတွေ လုပ်ဆောင်ပေးသင့်ပါတယ်။

သင်္ကြန်တွင်းမှာ နောက်ထပ် ဖြစ်လေ့ရှိတဲ့ တခြား ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကတော့ ပူလွန်းပြီး အစာအဆိပ်သင့်တာ၊ အစာမှားတာတွေကြောင့် ဝမ်းလျောဝမ်းပျက်ဖြစ်တာနဲ့ နေလောင် အပူရှပ်တာတွေဖြစ်ပါတယ်။ အရက်နဲ့မူးယစ်ဆေးသုံးစွဲမှုကြောင့် အစာနဲ့ရေကို မဆင်မခြင် ဖြစ်သလို ကြုံရာစားသောက်တာနဲ့၊ အပြင်ထွက်ပျှော်ချိန် နေပူဒဏ် တောက်လျှောက်ခံနေရတာကို သတိမပြုမိတာတွေကြောင့် အခြေအနေကို ပိုဆိုးစေပါတယ်။ ဒါကြောင့်မို့ အစားအသောက် ပြင်ဆင်ရောင်းချသူတွေအနေနဲ့ သန့်ရှင်းရေးဂရုစိုက်တာအပြင် မပုတ်မသိုးအောင်ထားတာနဲ့၊ စားသုံးသူတွေအနေနဲ့လည်း သန့်ရှင်း မပုတ်မသိုးတာတွေ ရွေးစားပြီး၊ ကျိုချက်ထားတဲ့ရေနဲ့ ရေသန့်သောက်တာတွေ လုပ်ဆောင်သင့်ပါတယ်။

ဒါ့အပြင် နေပူဒဏ်ကြောင့် နေလောင်တာ အပူရှပ်တာ ခံနိုင်ဖို့အတွက်လည်း ရေနဲ့ ဓာတ်ဆားရည် များများသောက်ပေးတာ၊ နွမ်းနယ်ပြီး အပူဒဏ်ခံရတာမျာလာချိန်မှာ အရိပ်အောက်မှာ အနားယူပေးတာ၊ အရေပြားအတွက် နေလောင်ကာလူးဆေး (Sunscreen) လူးတာ၊ အသားလူးဆေးရည် (Lotion) လူးတာ၊ သနပ်ခါးလူးတာ၊ ဦးထုတ်ဆောင်းတာ၊ အဝတ်အစားလုံခြုံအောင်ဝတ်တာတွေ လုပ်ပေးသင့်ပါတယ်။

အထက်ပါ သင်္ကြန်ဆိုင်ရာ ကျန်းမာရေးပြဿနာတွေ အားလုံးမှာ အရက်နဲ့မူးယစ်ဆေးသုံးတာက အဓိက ပတ်သက်နေရာမှာ၊ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်ရောက်လာသူတွေကို စစ်ဆေးရာမှာလည်း၊ အားလုံးနီးပါး (၈၅-၉၀%) က အရက်နဲ့မူးယစ်ဆေး သုံးထားတာ တွေ့ရှိထားတာမို့၊ ဒါတွေကို သင်္ကြန်မှာ အစကတည်းက ရှောင်ကျဉ်ထားနိုင်ရင်၊ နောက်ဆက်တွဲ ဒီပြဿနာတွေအားလုံး မဖြစ်အောင် ဆင်ခြင်တုံတရားနဲ့ ရှောင်နိုင်မှာဖြစ်တယ်လို့ ဒီအရေးပေါ် အထူးကု ဆရာဝန်တွေက သတိပေးနေကြပါတယ်။ ဒါ့အပြင် ဒီအရက်နဲ့မူးယစ်ဆေး သုံးစွဲသူက တစ်နှစ်ထက်တစ်နှစ် ပိုများလာတာကိုလည်း စစ်ဆေးတွေ့ရှိထားတာမို့၊ သင်္ကြန်တွင်း အရက်မူးယစ်ဆေးရောင်းချမှုကို တားမြစ်အရေးယူတာနဲ့ သုံးစွဲသူတွေရှိခဲ့ရင်လည်း၊ အဆင်ခြင်မဲ့သွားတဲ့အထိ အလွန်အကျွံမဖြစ်ရအောင် အစထဲက ဆင်ခြင်သုံးစွဲကြဖို့၊ ဒီ အရေးပေါ်အထူးကုတွေက တိုက်တွန်းလိုက်ပါတယ်။

ဒီအကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

XS
SM
MD
LG