ထားဝယ်နဲ့ ရန်ကုန်မြို့တွေက ကြက်တချို့မှာ H5N1 ကြက်ငှက်တုပ်ကွေး စဖြစ်နေတာမို့ လူတွေကို မကူးစက်နိုင်အောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးဖို့ အရေးကြီးတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးနေကြပါတယ်။
ဖြစ်လာခဲ့လျှင် အသက်အန္တရာယ်ကြီးလွန်းတဲ့ ဒီကြက်ငှက်တုပ်ကွေးက ရောဂါရှိထားတဲ့ ကြက်တွေကို ကိုင်မိလို့၊ ထိတွေ့မိလို့ ဒီ H5N1 ပိုး အသက်ရှုလမ်းကြောင်းထဲ ဝင်ရောက်ပြီး အဓိက ကူးစက်ရတာပါ။ ကောင်းကောင်းကျက်အောင် ချက်ပြုပ်ထားတဲ့ ကြက်သားကို စားမိလို့ ကူးတာ မဟုတ်ပါဘူး။ ဒါ့အပြင် ကြက်ကနေ လူကိုကူးနိုင်ပေမယ့် လူလူချင်း ကူးစက်တာတော့ မရှိသေးပါဘူး။ ကြက်မှာ ဒီရောဂါစဖြစ်လာရင် ပြသတဲ့ လက္ခဏာတွေကတော့ ကြက် နှာရည်ကျတာ၊ ချောင်းဆိုးတာ၊ ဒယိုးဒယိုင်ဖြစ်တာ၊ ယိုင်လဲကျတာ၊ အစာမစားတာ၊ ဝမ်းသွားတာ၊ အမောက် နီရာကနေ ခရမ်းရောင်ဖြစ်လာတာ၊ အုတဲ့ ကြက်ဥတွေ မာနေရာက ပျော့လာတာတွေ ဖြစ်ပါတယ်။
ဒါကြောင့် ဒီရောဂါကူးစက်တာ မခံရဖို့ ရောဂါရှိပြီး (သို့မဟုတ်) ဒီရောဂါနဲ့ သေသွားတဲ့ ကြက်တွေကို မကိုင်တွယ်၊ မထိတွေ့မိစေဖို့နဲ့ မဖြစ်မနေ ကိုင်တွယ်ရသူတွေအနေနဲ့လည်း PPE လို့ အတိုခေါက်ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး ဝတ်စုံတွေ၊ လက်အိတ်တွေ နှာခေါင်းနဲ့ပါးစပ်ပိတ် မျက်နှာဖုံးတွေ အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် ရောဂါရှိပြီးသား ကြက်တွေကို သုတ်သင်၊ မြေမြုပ်၊ မီးရှို့ပစ်ခြင်းဖြင့်လည်း ရောဂါ မကူးဆက်နိုင်အောင် ကာကွယ်နိုင်ပါတယ်။ နောက်ထပ်ရောဂါဖြစ်လာနိုင်တဲ့ ကြက်တွေ ကြက်ခြံတွေကိုလည်း အနီးကပ် စောင့်ကြည့်သင့်ပါတယ်။ ကာကွယ်ဆေးရှိပေမယ့် မသေချာသေးဘဲ စမ်းသုံးတဲ့ အဆင့်ဘဲ ရှိပါသေးတယ်။ (လက်ရှိ လူတွေ ဖြစ်နေရတဲ့ H1N1 ရာသီတုပ်ကွေးအတွက်တော့ ကာကွယ်ဆေးရှိနေပါပြီ) ဒါပေမဲ့ H5N1 ကြက်ကနေ ကူးစက်ခံရတဲ့ သူတော့ ဒီတစ်ခေါက်မှာ ခုချိန်ထိ မတွေ့ရှိရသေးပါဘူး။ ဒီရောဂါက H1N1 လိုမဟုတ်ပဲ လူကို ကူးစက်ရခက်ပေမယ့် လူမှာဖြစ်လာခဲ့ရင်တော့ သေဆုံးမှု ၆၀% ရှိတာမို့ လူကိုမကူးစက်အောင် အထူးသတိပြုသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၆ ကနေ ၂၀၁၆ အထိ (၁၀) နှစ်အတွင်း အခုလို ကြက်တွေမှာ ဒီရောဂါဖြစ်တာ ရှစ်ကြိမ်ရှိခဲ့ပေမယ့် ကူးစက်ခံရသူက ၂၀၀၆ ခုနှစ်မှာ တစ်ဦးသာ တွေ့ရှိခဲ့ဘူးပါတယ်
တကယ်လို့ လူမှာဒီရောဂါ စဖြစ်လာရင်လည်း ကြိုတင် သိနိုင်တဲ့ လက္ခဏာတွေကတော့ ပုံမှန် တုပ်ကွေးလို ဖျားတာ၊ မအီမသာဖြစ်တာ၊ ချောင်းဆိုး နှာစေးတာ၊ လည်ပင်းနာတာ၊ ကြွက်သားတွေ ကိုက်ခဲတာအပြင်၊ ဒီရောဂါရဲ့ ထူးခြားတဲ့ လက္ခဏာတွေဖြစ်တဲ့ ဗိုက်နာတာ၊ ရင်ဘတ်အောင့်တာ ဝမ်းသွားတာ၊ နောက် ပိုပြင်းထန်လာလျှင် ရင်ကြပ်တာ၊ မောတာ၊ အသက်ရှုမဝပဲ နမိုးနီးယား အဆုပ်ယောင်တာနဲ့ ရုတ်တရက် အသည်းအသန် အသက်ရှုကြပ်မောပန်းတာတွေကနေ နောက်ဆုံး စိတ်ခြောက်ခြားတာ။ အာရုံကြောဝေဒနာတွေခံစားရတာ၊ တက်တာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလို ပြင်းထန်တဲ့ လက္ခဏာတွေ ပြလာခဲ့ရင်တော့ အမြန်ဆုံး ဆေးရုံတင်သင့်ပါတယ်။
ဒီရောဂါက သေဆုံးမှုနှုန်း များလွန်းတာကြောင့် ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ကုသဖို့ လိုပါတယ်။ ခန္ဓာကိုယ်ရဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေ မပျက်စီးအောင် ထိန်းပေးထားပြီး ဒီ ဗိုင်းရပ်စ်ကို သတ်တဲ့ ဆေးကိုပေးရပါတယ်။ အထူးသဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိထားသူတွေကို ပို ဂရုစိုက် ကုသပေးဖို့ အရေးကြီးပါတယ်။ ၂၀၀၆ ခုနှစ်တုံးက မြန်မာနိုင်ငံမှာ ဒီရောဂါကူးစက်ခံရသူကို အသက်မဆုံးရှုံးစေဘဲ ကုသပေးနိုင်ခဲ့တဲ့ ရာဇဝင်ကောင်းရှိပါတယ်။
ဒါ့ပေမဲ့ လက်ရှိဖြစ်နေတဲ့ အမျိုးအစား (A) အုပ်စုပါ ဒီ H5N1 နဲ့ H1N1 ဗိုင်းရပ်စ်ပိုးတွေ မျိုးရိုးဗီဇ ပြောင်းပြီး ပေါင်းစပ်မျိုးသစ်ပေါ်လာလျှင် ပိုပြင်းထန်မှာကို စိုးရိမ်မူတွေရှိနေတာကြောင့် ဒီ H5N1 ကို ထိန်းချုပ်နိုင်ဖို့ ကြက်၊ ကြက်ဆင်၊ ခို၊ ကျီးကန်းတွေအပါအဝင် ကြက်ငှက်တွေ နာတာ၊ သေတာတွေ့လျှင် သက်ဆိုင်ရာကို အမြန်အကြောင်းကြားပြီး မိမိကိုယ်တိုင် အကာအကွယ်မပါဘဲ မကိုင်တွယ်မိဖို့ အရေးကြီးနေပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိ ကာကွယ်ကုသနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။