မြန်မာနိုင်ငံ နေရာအတော်များများမှာ ပြင်းထန်တဲ့ မိုးရွာ၊ မြစ်ချောင်းရေတွေ တက်လာမှုကြောင့် ရေကြီးတာတွေဖြစ်ရာကနေ ရေနဲ့အတူ ပါလာတဲ့ မြွေတွေကိုက်မှုကြောင် လူတွေ အသက်ဆုံးရှုံးကြရတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။
မြွေတိုင်းအဆိပ်မရှိကြသလို၊ မြွေကိုက်တိုင်း အဆိပ်မသင့်နိုင်တာကြောင့် မြွေကိုက်ခံရသူတွေကို သွေးမလန့်အောင် စပြီးပြုစုပေးဖို့ အရေးကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ အဆိပ်ကြောင့် မဟုတ်ဘဲ၊ သွေးလန့်တာကြောင့်လည်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ပြီးရင် မြွေဆိပ်ရှိတဲ့ လက္ခဏာ ပြမပြ ခွဲခြားသိနိုင်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြွေကိုက်ခံရပြီး (၁) နာရီကနေ (၃) နာရီအတွင်း မြွေဆိပ်ဖြေဆေးရှိရာကို မြွေဆိပ်မပြန့်အောင် ပို့ဖို့ အရေးကြီးလို့ပါ။
မြွေကိုက်ခံရရင် ကိုက်ခံရတဲ့ နေရာမှာ နာတာ၊ နီတာနဲ့ မြွေစွယ်ပေါက် နှစ်ပေါက် သွေးစို့ ကျန်ခဲ့တာတွေ ရှိပါတယ်။ မြွေဆိပ်တက်တဲ့ လက္ခဏာတွေကတော့ အသက်ရှု မြန်လာတာ၊ မျက်စိဝေဝါးလာတာ၊ တကိုယ်လုံးချွေးစီးပြန်လာတာ၊ လျှာမျက်နှာနဲ့ ခြေလက်တွေ ထုံကျင်လာတာ၊ တချို့မှာ သွားရည်ယိုလာတာတွေ ဖြစ်တတ်ပါတယ်။
အဲဒီလို လက္ခဏာတွေ ပြသလာရင် အနီးစပ်ဆုံး မြွေဆိပ်ဖြေဆေးရှိရာကို ပို့ဆောင်ပြီး၊ မြွေဆိပ်များများ မပြန့်သွားအောင် စနစ်တကျ တားဆီးဖို့ လိုပါတယ်။ လူနာကို လှုပ်ရှားမှု အနည်းဆုံးနဲ့ သယ်ယူပို့ဆောင်ရမှာပါ။ အဲ့ဒီအတွက် ရှောင်ကျဉ်ရမှာတွေ ရှိပါတယ်။ လူနာကို လမ်းမလျှောက်စေဖို့ အရေးကြီးပါတယ်၊ မြွေကိုက်တဲ့နေရာမှာ ကြိုးစည်းထားတာ၊ ရေဆေးတာ၊ ကျင်ငယ်ရေနဲ့ ဆေးတာ၊ ညှစ်ထုတ်တာ၊ ပါးစပ်နဲ့စုပ်ထုတ်တာ၊ ဒါးနဲ့မွှန်းတာ၊ ရေခဲစိမ်တာတွေ မလုပ်သင့်ပါဘူး။ ဒါ့အပြင် လူနာကို အစားအစာတွေလည်း မကျွေးပါနဲ့၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်လည်း မတိုက်ဖို့ ရှောင်ကျဉ်းရပါမယ်။
အကောင်းဆုံး လုပ်ပေးသင်တာကတော့ မြွေကိုက်တဲ့နေရာကို အဝတ်သန့်သန့်နဲ ဖုံးပေးပြီး၊ လူနာကို ထမ်းစဉ်နဲ့ လှုပ်ရှားမှု အနည်းဆုံးဖြစ်အောင် သယ်တာပါ။ လူနာ လက်ကိုက်လာရင် လက်ကို အောက်ကို လျှောချပေးပါ။ ခြေထောက်ကိုက်လာရင်လည်း ခြေထောက်ကို လှဲပေးပြီး၊ မလှုပ်ပါစေနဲ့။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။