ကိုဗစ်-19 ပြန်အဖြစ်များလာချိန် ကိုယ်ခံအားမြှင့်တင်ပြီး ကာကွယ်ဖို့၊ အစားအသောက်၊ အားဆေးတွေနဲ့ ဆက်စက်လုပ်ဆောင်သင့်တာတွေ ရှိတယ်လို့ အာဟာရပညာရှင်တွေက ပြောဆိုကြပါတယ်။
ပထမဆုံးကတော့ ဆေးလိပ်ဖြတ်ပြီး ကွမ်းနဲ့ အရက် တတ်နိုင်သလောက် (အကြိမ်နဲ့ ပမာဏ) လျှော့ချဖို့ပါ။ နောက် အိပ်ချိန်ပြည့်အောင် (၇-၉ နာရီ) အိပ်ပြီး၊ ကိုယ်လက်လှုပ်ရှားမူ လေ့ကျင့်ခန်းတွေ နည်းနည်းချင်း ပုံမှန်လုပ်သွားတာပါ။ ဒါကို တစ်ရက်လျှင် နာရီဝက် (သို့) တစ်နာရီ နေ့စဉ်နီးပါး လုပ်နိုင်တဲ့ ပုံစံနဲ့ စနိုင်ပါတယ်။ ဖြေးဖြေးချင်းလမ်းလျှောက်တာ၊ အိမ်ထဲမှာ (သို့) ခြံထဲမှာ ပတ်လျှောက်တာ၊ ခြံအလုပ်လုပ်တာ၊ ဖြစ်နိုင်လျှင် ပြေးတာ၊ တတ်နိုင်လျှင် စက်ဘီးစီး၊ ရေကူးတာ စတာတွေ လုပ်ပေးသင့်ပါတယ်။ ကျေးလက်ဒေသနေသူတွေအတွက်တော့ သဘာဝအားဖြင့် ကိုယ်လက်လှုပ်ရှားမှု အလိုလို ရထားပြီးသား ဖြစ်လေ့ရှိပါတယ်။ မြို့ပေါ်နေသူတွေအတွက်လည်း မိမိဆန္ဒအလျှောက် ကခုန်တာ၊ အေရိုးဘစ် (Aerobic) လေ့ကျင့်ခန်းကတာတွေ လုပ်ပေးခြင်းဖြင့် တကိုယ်လုံးကို လှုပ်ရှားတက်ကြွနေစေပါတယ်။ သို့မှာသာ ကျန်းမာရေးနဲ့ သင့်တော်တဲ့ စားသောက်မှု (Healthy Food Intake) နဲ့ ခန္ဓာကိုယ်လှုပ်ရှားနေထိုင်မှု မျှတညီညွတ်သွားမှာပါ။
ဒါ့အပြင် ကိုဗစ်နဲ့ မတည်မငြိမ်ဖြစ်နေတဲ့ကာလ စိတ်ဖိစီးမှု (Stress) ဒဏ်တွေ ရေရှည် ခံနိုင်ရည်ရှိဖို့လည်း လုပ်ဆောင်သင့်တာတွေ ရှိပါတယ်။ ဒီကာလအတွင်း အပြင်မထွက်ဖြစ်တာ၊ အပန်းဖြေခရီးမထွက်ဖြစ်တာ၊ မိသားစုချင်းမတွေ့ရတာ၊ မိတ်ဆွေအပေါင်းအသင်းရှိရာ ကျောင်းနဲ့အလုပ် ပုံမှန်မသွားနိုင်ဘဲ အိမ်ကနေ သီးသန့်လုပ်ရတာ စတာတွေကြောင့် စိတ်ဖိစီးမှု အနည်းနဲ့အများ ကြုံနေရတတ်ပါတယ်။ အထက်ပါ ကိုယ်လက်လှုပ်ရှားမှုကြောင့်လည်း စိတ်ဖိစီးတာ တစုံတရာ သက်သာစေနိုင်သလို၊ ဒီလှုပ်ရှားမှုတွေကို သဘာဝပတ်ဝန်းကျင် လေကောင်းလေသန့်ရရာ သစ်ပင်သစ်တောနဲ့ ရှုခင်းကောင်းတဲ့နေရာမျိုးမှာ လုပ်နိုင်လျှင်တော့ ပိုစိတ်ချမ်းသားပြီး စိတ်ဖိစီးမှု ပိုလျှော့ချနိုင်ပါတယ်။ ဒါ့အပြင် တရားထိုင်တာ (၁၅-၃၀ မိနစ်စာ)၊ ခေတ်ပေါ် ယိုဂါ (Yoga) လှုပ်ရှားတာ (နာရီဝက်-တစ်နာရီ) တွေနဲ့လည်း စိတ်စုစည်းမှုနဲ့ အသက်ရှုမှုတွေကို အားကောင်းစေပါတယ်။
အထက်ပါ လုပ်ရပ်တွေကို အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို ဦးစားပေးပြီး လုပ်ဆောင်နိုင်အောင် ဖေးမကူညီပေးသင့်ပါတယ်။ မိခင် ကိုယ်စိတ်ခုခံအားကောင်းဖို့အပြင် ကလေးအတွက်ပါ အလားတူကောင်းစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုပါကောင်းကာ အနာဂတ်တိုးတက်မူကို ဖန်တီးပေးနိုင်လို့ပါ။ တချိန်တည်းမှာ ကူးစက်မြန်လွန်းတဲ့ ကိုဗစ်မျိုးကွဲစိတ်သစ် (BA-4 နဲ့ BA-5) တွေ ပြန်အဖြစ်များလာချိန်မှာ အရင်ကာကွယ်ဆေးထိုးထားသူ၊ အရင်ကိုဗစ် ဖြစ်ထားပြီးသူတွေမှာလည်း၊ ကိုယ်ခံအားကောင်းအောင် စားသောက်မနေထိုင်တာနဲ့ အခြေခံကာကွယ်နည်းတွေ မကျင့်သုံးတော့တာကြောင့် အကြိမ်ကြိမ် ကိုဗစ်ပြန်ဖြစ်လာချိန်မှာ၊ လှိုင်းကြီးအသွင် လူအများတချိန်ထဲ မကူးစက်ရအောင် Mask ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ Social Distancing ခပ်ခွာခွာနေတာ၊ လူစုလူဝေးရှောင်တာတွေကို ပြန်အလေးပေး လုပ်ဆောင်သင့်နေပါပြီ။
ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Cornell တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချိုကို ဆက်သွယ်မေးမြန်းထားပါတယ်။
=== Unicode ===