သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေး (အပိုင်း - ၂)


တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံ ကျန်းမာရေးစနစ်အားနည်းမှုကြောင့် နိုင်ငံခြားဆေးထွက်ကုသူတွေ များလာနေပြီး၊ ငွေကုန်ကြေးကျဒဏ် ကြီးမားလွန်းနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

ကျန်းမာရေးစနစ်ကို ပြုပြင်ပြောင်းလဲရာမှာ ကျန်းမာရေးအဆင့်အတန်း (Level) နဲ့ ကျန်းမာရေးဆိုင်ရာ လိုလားချက်တွေကို ဖြည့်ဆည်းပေးနိုင်မှု တောရော၊ မြို့ပါ တနိုင်ငံလုံး ညီညီမျှမျှ အားကောင်းလာတာအပြင်၊ အားလုံးအတွက် ငွေကုန်ကြေးကျဒဏ်ခံနိုင်ဖို့ လိုအပ်တဲ့ ဘဏ္ဍာရေးစနစ်တွေ ချဲ့ထွင်ဖို့ လိုနေပါတယ်။ သို့မှသာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားလာပြီး၊ ဆင်းရဲချမ်းသာ ကွာခြားမှုနည်းတဲ့ ကျန်းမာရေးစနစ်ကို ရရှိနိုင်ကာ၊ ကျန်းမာရေးစနစ်အပေါ် လူထုယုံကြည်မှု ပြန်ရလာမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဆိုင်ရာ လိုလားမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးရာမှာ ဆေးရုံဆင်းပြီး လူနာတွေအတွက် လူမှုရေးဆိုင်ရာ အထောက်အကူပြု အစီအစဉ်တွေ ဖြည့်ဆည်းပေးဖို့လိုပါတယ်။ ဒါ့အပြင် ဒီလူနာတွေအနေနဲ့ ကိုယ်တိုင်စိတ်ကြိုက် ဆေးရုံနဲ့ ဆရာဝန်တွေကို ရွေးချယ်ကုသနိုင်ရေး အခွင့်အလမ်းရှိလာဖို့လည်း ဖြည့်ဆည်းပေးသင့်ပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးအတွက် ဆေးကုသရင်း ငွေကြေးမတတ်နိုင်တော့ဘဲ၊ ရှိသမျှ ရောင်းချတဲ့အဆင့်ရောက်ကာ ငွေကြေးချွတ်ခြုံကျ မွဲတေတဲ့အထိ မဖြစ်စေဖို့၊ ကျန်းမာရေးအာမခံစနစ် (Health Insurance)၊ လူမှုဖူလှုံရေးစနစ်(Social Security) နဲ့ ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Care) တွေကို ချဲ့ထွင်ပေးဖို့ လိုပါတယ်။ ကျန်းမာရေးအာမခံစနစ် ဝယ်ယူရာမှာ ဆင်းရဲသားတွေကို သူတို့ဝင်ငွေအလိုက် လျှော့ပေးစေပြီး၊ ငွေကြေးတတ်နိုင်သူ၊ ချမ်းသာသူတွေကိုလည်း သူတို့ဝင်ငွေအလိုက် တိုးပေးစေခြင်းဖြင့်၊ ကျန်းမာရေးကုန်ကျစရိတ် တရားမျှတမှုကို အထောက်အကူပြုနိုင်ပါတယ်။ ဒါ့အပြင် ဒီကျန်းမာရေးအာမခံစနစ်အရ နေကောင်းနေချိန် ငွေကြိုထည့်ထားပြီး၊ နေမကောင်းချိန်မှာ အဲ့ဒီ ကြိုထည့်ငွေအပြင်၊ တခြားနေကောင်းနေသူတွေရဲ့ ကြိုထည့်ထားတဲ့ ငွေတွေကိုပါ မျှယူသုံးစွဲနိုင်တာမို့ တစ်ဦးချင်း ငွေကြေးဝန်ထုတ်ဝန်ပိုး မဖြစ်တော့ပါဘူး။

ဒါ့အပြင် လူမှုဖူလှုံရေးစနစ် (Social Security) ကိုလည်း တိုင်းပြည်တွင်းရှိ အစိုးရလစာစား ဝန်းထမ်းအပြင်၊ အစိုးရလခစားမဟုတ်ပေမယ့် နိုင်ငံအတွက် အလုပ်လုပ်ပေးနေသူတွေဖြစ်တဲ့ လယ်သမား၊ အလုပ်သမား၊ အငှားယာဉ် (Taxi) မောင်းသမား စတဲ့သူတွေအတွက်လည်း ဖြည့်ဆည်းပေးနိုင်အောင် အများကြီး တိုးချဲ့ဖို့ လိုနေပါတယ်။ဒါမှသာ နိုင်ငံတွင်းရှိ လုပ်သားတွေအနေနဲ့ ဖျားနာချိန်မှာ ဒီ လူမှုဖူလှုံရေး အထောက်အပံ့ပါရပြီး ဆေးကုသမှုစရိတ် သက်သာနိုင်မှာပါ။ နောက်ဆုံးအနေနဲ့ Universal Health Care စနစ်အရ ရောဂါအားလုံးအတွက် မဟုတ်ဘဲ၊ မရှိမဖြစ်လိုအပ်တဲ့ အရေးပေါ်စောင့်ရှောက်မှုနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ကန့်ကန့်သတ်သတ်ကိုတော့ တောရောမြို့ပါ ဆင်းရဲချမ်းသာမရွေး ဘာသာမရွေး ခံစားနိုင်ဖို့ နိုင်ငံတော်အနေနဲ့ ကျခံပေးသင့်ပါတယ်။

ဒီကျန်းမာရေးဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ဆေးတက္ကသိုလ် (၂) အငြိမ်းစားပါမောက္ခချုပ်နဲ့ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဋ္ဌ၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာတင့်ဆွေလတ် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG