သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလှအပပြုပြင် ဆေးခန်းတွေနဲ့ အရေပြားပြဿနာ


တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ အရင်က သိပ်မရှိခဲ့တဲ့ အလှအပပြုပြင် ဆေးခန်းတွေ အခုနောက်ပိုင်းမှာ အတော်များလာပြီး၊ ကျန်းမာရေးအကျိုးဖြစ်စေတာ ရှိသလို၊ ဘေးထွက်ဆိုးကျိုး ပြဿနာတွေလည်း မကြာခဏ ဖြစ်နေတာတွေလည်း ရှိနေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

အလှအပပြုပြင် ဆေးခန်းတွေမှာ အဓိကအားဖြင့် အသက်ကြီးလာချိန် အရေပြားပျက်စီးတာနဲ့ နေလောင်တာအပါအဝင် အကြောင်းမျိုးမျိုးကြောင့် အရေပြား ထိခိုက်ပျက်စီးတာတွေအတွက် ကုသမှုအမျိုးမျိုး လုပ်ပေးကြပါတယ်။ ဒီအထဲမှာ ဆေးလိမ်းတာ၊ ဆေးသောက်တာ၊ ဆေးထိုးတာနဲ့ စက်နဲ့ကုသတာတွေ ပါဝင်ပါတယ်။ ဒီကုသမှုတွေက ယျေဘူယျအားဖြင့် ကောင်းပေမယ့် တခါတရံမှာ အကြောင်းတစုံတရာကြောင့် အဆင်မသင့်ဖြစ်ပြီး၊ ဘေးထွက်ဆိုးကျိုးအနေနဲ့ အရေပြားပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

အခုလို အရေပြားပြဿနာ ဖြစ်လာတာနဲ့ ပတ်သက်ပြီး အရင်တုံးက နာမည်ကြီးမင်းသား တစ်ဦးက အလှအပပြုပြင် ဆေးခန်းတစ်ခုကို တရားစွဲခဲ့တာရှိသလို၊ အခု မကြာသေးခင်ကလည်း ဆရာဝန်မတစ်ဦး အသိဆေးခန်းမှာ အလှအပပြုပြင် ကုသမှုခံယူရာကနေ အရေပြားပြဿနာ ဖြစ်သွားခဲ့တာကို လူမှုကွန်ယက်တွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဓာတုဆေးဝါးလိမ်း ကုသမှုအပြီးမှာ ဆရာဝန်မလေးရဲ့ မျက်နှာ တစ်ခုလုံး ဖူးယောင်တာ၊ အရည်တွေထွက်တာ၊ အဖတ်တွေကွာကျတာ၊ နေရောင်မခံနိုင်တာ၊ ပူလောင်ပြီး စပ်ဖျင်းဖျင်းဖြစ်တာ၊ နေရထိုင်ရခက်တာနဲ့ အညိုအမည်းတွေ စွဲကျန်နေခဲ့တာတွေ ခံစားခဲ့ရပါတယ်။ Chemical Peel လို့ခေါ်တဲ့ ဒီ ဆေးလိမ်းကုသမှုက အသားနေလောင် ပျက်စီးတာတွေအတွက် ပုံမှန်အားဖြင့် ပြန်ကောင်းစေတဲ့၊ နှစ်အတော်ကြာသုံးခဲ့ပြီးသား အများဆုံးသုံးတဲ့ အလှအပဆိုင်ရာ ကုသမှု တစ်ခုပါ။ ဒါပေမဲ့ အခုတော့ အကြောင်းတစ်ခုခုကြောင့် ပြဿနာ တက်သွားရပါတယ်။ အခုလို ပြဿနာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ အသားညို၊ အသားမည်းသူတွေအတွက် ဒီကုသမှုက ပြဿနာ ပိုဖြစ်စေနိုင်တာကနေ ကိုယ်ပိုင်အသားအရေ ထိလွယ်ရှလွယ်ဖြစ်မှု၊ သုံးတဲ့ဆေးပြင်းအားများလွန်းသွားမှု၊ ဆေးကိုထားရမဲ့အချိန်ထက် ကျော်လွန်သွားမှု၊ မကုသခင်နဲ့ ကုသအပြီး လိုက်နာစရာတွေ လွဲချော်သွားမှုတွေအထိ အမျိုးမျိုး ပါဝင်ပါတယ်။

ဒါကြောင့် အခုလို အလှအပပြုပြင် ဆေးခန်းကုသမှုခံယူရာမှာ အရေပြားပြဿနာ မဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် ကုသမှုခံတဲ့ လူနာမှာရော၊ ကုသပေးတဲ့ ဆရာဝန်မှာပါ တာဝန်ရှိပါတယ်။ ကုသမှုခံယူသူတွေအနေနဲ့ ကုသပေးမယ့် ဆရာဝန်ဖြစ်သူမှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူဟုတ်မဟုတ်၊ အတွေ့အကြုံရှိ မရှိ၊ လုပ်နေကျသူ ဟုတ်မဟုတ် အတတ်နိုင်ဆုံး ကြိုတင်စုံစမ်းပြီးမှ ရွေးချယ်ကုသမှုခံယူသင့်ပါတယ်။

တာဝန်ယူ ကုသပေးတဲ့ ဆရာဝန်တွေအနေနဲ့ လူနာထက် ပိုတာဝန်ရှိတာမို့ လူတစ်ဦးနဲ့တစ်ဦး အသားအရေပုံစံမတူတာ (ဥပမာ ဥရောပသားတွေရဲ့ အသားအရေနဲ့ အရှေ့တောင်အာရှသားတွေ အသွေးအသား မတူတာ၊ အသားအရောင် မတူတာ) နဲ့၊ ထိလွယ်ရှလွယ်မှု အနေအထားရှိထားတာတွေကြောင့် ကုသမှုတွေအပေါ် အရေပြားတွေရဲ့ တုံ့ပြန်မှုက ကွဲပြားကြပါတယ်။ ဒါကြောင့်မို့ မကုသခင်မှာ လူနာရဲ့ အသားအရေ ထိလွယ်ရှလွယ်အနေအထား၊ မျက်နှာမှာ အနာတွေ နေလောင်တာတွေ တစ်ခုခုဖြစ်နေတာတွေ ရှိ မရှိ၊ နောက် ဘယ်လိုဆေးမျိုးသုံးသင့်တာ၊ ဘယ်လိုပြင်းအားသုံးသင့်တာ၊ ဘယ်အချိန်မှာ ဆေးကိုရပ်မှာ၊ မကုသခင်နဲ့ ကုသအပြီး အတိအကျလိုက်နာဖို့ ဘာတွေမှာမှာ၊ လူနေမှုပုံစံအလိုက် ဘယ်လိုကုသမှုပုံစံချမှာ စတာတွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာက နောက်ဆက်တွဲပြဿနာပိုဖြစ်နိုင်တဲ့ အသားညိုသူများတာမို့ အထူးသတိထားသင့်ပါတယ်။

ဒါ့အပြင် ကုသပေးသူတွေအနေနဲ့ တကယ်သင်တန်းတွေ လိုအပ်တဲ့အချိန်အထိတက်ထားပြီး၊ လိုအပ်တဲ့ လက်တွေ့အတွေ့အကြုံရှိထားသူတွေ၊ တကယ်ထိထိရောက်ရောက် ကုသတတ်သူတွေဖြစ်ဖို့ အရေးကြီးတာကြောင့် နိုင်ငံတော်အနေနဲ့ အလှအပပြုပြင် ဆေးခန်း ဖွင့်ခွင့် လိုင်စင်ကို စနစ်တကျ စီစစ် ချပေးတာမျိုး လုပ်ဆောင်ပေးသင့်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG