ဆော်ဒီ အာရေးဘီးယားနိုင်ငံမှာ တနင်္ဂနွေနေ့ကစတင်တဲ့ Hajj ဘုရားဝတ်ပြုပွဲအတွက် ကမ္ဘာတဝန်းက မွတ်ဆလင် နှစ်သန်း ကျော် ရောက်နေကြပြီဖြစ်ပါတယ်။ဒီပွဲတော်ဟာဖြင့် အရင်ကနဲ့မတူတဲ့ အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့ ဆော်ဒီ အာရေးဘီးယားမှာ နှစ်စဉ်လုပ်တဲ့ ကမ္ဘာ့ အကြီးဆုံး ဘာသာရေးပွဲတော်ဖြစ်ပါတယ်။
လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပေမဲ့လည်း ဘာသာရေးဟာ အဓိက လမ်းညွှန်အင်အားစုတခု ဖြစ်နေဆဲ ရှေးရိုးစွဲအယူအဆပြင်းထန်တဲ့ ဆော်ဒီ အာရေးဘီးယားနိုင်ငံဟာ အစ္စလာမ်ဘာသာရဲ့ အဓိကဒေါက်တိုင်ကြီးတခု ဖြစ်တဲ့ ဒီ ခြောက်ရက်ကြာ Hajj ပွဲတော်အတွက် အထူး ပြင်ဆင် လုပ်ဆောင်ထားတာပါ။
ပြင်သစ်နိုင်ငံသား မွတ်ဆလင်တဦးဖြစ်သူ Soliman Ben Mohri က “မက္ကာကို လာဖို့ဆိုတာ မွတ်ဆလင်တိုင်းရဲ့ အိပ်မက်ဖြစ်ပါ တယ်” လို့ပြောပါတယ်။
“ဒါဟာ အဆုံးစွန် ခရီးတခုပါ။ ကျနော် ပူမိတာကတော့ ကျနော့်ရဲ့ပုံမှန်ဘဝကို ပြန်သွားရမှာကိုပါပဲ။ လက်ရှိမှာတော့ အိပ်မက်ထဲ မှာ ကျနော်ရှိနေပါတယ်” လို့ အသက် ၅၃ နှစ်အရွယ် Mohri က AFP သတင်းဌာနကိုပြောပါတယ်။
ကျန်းမာရေးလည်းကောင်းတယ်၊ သွားနိုင်တဲ့အခြေအနေလည်း ရှိတယ်ဆိုရင် မွတ်ဆလင်တိုင်းဟာ သူတို့ဘဝတသက်တာမှာ တကြိမ်တော့ မဖြစ်မနေ Hajj ဘုရားဖူးသွားကြရမှာဖြစ်ပါတယ်။
ဒီနှစ်ပွဲတော်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ချထားပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်က ဘုရားဖူးပွဲတော်ကာလ အတွင်း လူအုပ်ကြီး ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပြေးလွှားကြတာကြောင့် လူပေါင်း ၂၃၀၀ လောက် သေဆုံးထားဖူးတဲ့အတွက် ဒီလို ဖြစ်ရပ်မျိုး ထပ်မကြုံရအောင် ဆော်ဒီတာဝန်ရှိသူတွေက အထူးပြင်ဆင်ထားတာဖြစ်ပါတယ်။