အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်မှုရှိတယ်လို့ သံသယရှိသူ ၁၄၉ ယောက်ကို လွန်ခဲ့တဲ့ ၈ လအတွင်း ဖမ်းဆီးခဲ့ကြောင်း ဆော်ဒီအာရေဗီးယား နိုင်ငံက ပြောဆိုလိုက်ပါတယ်။ စစ်သွေးကြွတွေအဖြစ် သံသယရှိသူတွေဟာ အစိုးရတာဝန်ရှိသူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သတင်းမီဒီယာကလူတွေကို တိုက်ခိုက်ဖို့ စီစဉ်ရာမှာ ပါဝင်ပတ်သက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဌာနက သောကြာနေ့မှာပဲ ပြောဆိုလိုက်တာပါ။ ဒီလူတွေရဲ့ လှုပ်ရှားမှုတွေမှာ သူတို့အဖွဲ့ဝင်တွေကို ဖောက်ခွဲရေး ပစ္စည်းတွေ အသုံးပြုနည်းတွေ၊ ရန်ပုံငွေ ရှာဖွေနည်းတွေကို လေ့ကျင့်သင်ကြားပေးတာတွေ ပါဝင်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ Mansour al-Turki က ပြောပါတယ်။
ဒီအထဲက တချို့ဟာ မူဆလင်တွေရဲ့ နှစ်စဉ် Hajj နဲ့ Umrah ဘုရားဖူး ရာသီတွေမှာ ဆော်ဒီအာရေဗီးယား နိုင်ငံကို လာရောက်သူတွေဆီက ငွေကြေးစုဆောင်းတာတွေ၊ အတွေးအခေါ် အယူအဆတွေကို ဖြန့်ချီတဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်နေသူတွေအဖြစ် သံသယရှိသူတွေ ဖြစ်တယ်လို့လည်း ဆိုခဲ့တာပါ။ စစ်သွေးကြွတွေအဖြစ် မသင်္ကာသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက စီးနင်းဖမ်းဆီးမှုတွေအတွင်း ဒေါ်လာ ၆ သိန်းလောက် သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးမိသူတွေဟာ ဆော်ဒီအာရေဗီးယား နိုင်ငံသားတွေနဲ့ တခြားနိုင်ငံသားတွေလည်း ပါဝင်ပြီး အယ်လ်ခိုင်းဒါး လျို့ဝှက်အဖွဲ့ ၁၉ ခုနဲ့ ဆက်နွယ်မှုရှိတယ်လို့လည်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ သံသယရှိသူတွေအနက် ၂၅ ယောက်ဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပြီး အာဖရိကနဲ့ တောင်အာရှနိုင်ငံတွေကသူတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။