သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်များ သီးခြားတွေ့ဆုံမည်


RCSS ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော ဆွေးနွေးပွဲ ။ photo- U Nay Min
RCSS ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော ဆွေးနွေးပွဲ ။ photo- U Nay Min

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ နဲ့ အစိုးရ၊ တပ်မတော်တို့ကြား နေပြည်တော်မှာ ဒီလအတွင်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒီလိုတွေ့ဆုံမယ်ဆိုတာကို RCSS အဖွဲ့ တာဝန်ရှိသူတဦးကလည်း အတည် ပြုပြီး အမြန်ဆုံးတွေ့ဖို့ သဘောထားရှိကြတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

NCA ကို လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တို့ က တာဝန်ရှိသူတွေနဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ သီးခြားစီ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် တိုးတက်မှုရှိတဲ့ အကြောင်း ဆွေးနွေးပွဲ တက်ရောက်သူတွေက ဗွီအိုအေကိုပြောတာပါ။

ဒီဆွေးနွေးပွဲတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ အစိုးရကိုယ်စားလှယ်အဖွဲ့ဝင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးတဦးဖြစ်သူ ဦးလှမောင်ရွှေက ဗွီအိုအေကို အခုလိုပြောပါတယ်။

“KNU နဲ့ RCSS ကတော့ NCA လည်းထိုးထားတယ်။ NCA လမ်းကြောင်းအတိုင်းပဲ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ပြောတဲ့အတွက် လိုအပ်တာတွေတော့ ကျွန်တော်တို့ ညှိနှိုင်းရပါမယ်။ အခုလည်း လာညှိတာပါပဲ။ ဒီ NCA လက်မှတ်ရေးထိုးထားပြီးတော့ တရားဝင်ဆွေးနွေးပွဲတွေက ခေတ္တဆိုင်းငံ့ထားတယ် KNUနဲ့ RCSS ကို တရားဝင်ဆွေးနွေးပွဲတွေမှာ အမြန်ဆုံး ပါဝင်လာနိုင်ဖို့ပေါ့လေ၊ လိုအပ်တဲ့ ညှိနှိုင်းမှုတွေ ကျွန်တော်တို့လာပြီးတော့ လာလုပ်တာ ဖြစ်ပါတယ်။ ဒါနဲ့ ဒီတစ်ပတ်ဆွေးနွေးပွဲတွေကတော့ အရင်တစ်ခေါက်ဆွေးနွေးတာထက် ပိုပြီးတော့ တိုးတက်လာတယ် ဒါကြောင့်မို့ နှစ်ဖွဲ့လုံးဟာ သိပ်မကြာမီ တရားဝင်ဆွေးနွေးပွဲစားပွဲတွေဆီ ပြန်ရောက်မယ်လို့ ကျွန်တော်တို့ကတော့ ယုံကြည်ပါ တယ်။ ငြိမ်းချမ်းရေးကော်မရှင်ဘက်ကလည်း ဒီအစည်းအဝေးဆုံးဖြတ်ချက်တွေရှိတယ်၊ အဲဒါကတော့ လက်မှတ်ထိုးပြီးသား ဆယ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းတဲ့ လုပ်ငန်းရပ်တွေ လုပ်နိုင်ဖို့ဆိုတာလည်းရှိပါတယ်။ ဒါကိုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကိုလည်း အသိပေးထားတာရှိတယ်။ အဲဒါကတော့ သူတို့နဲ့ ညှိနိုင်းပြီးတော့ ဆောင်ရွက်ရမှာဖြစ်တော့ ဒီလထဲမှာပဲ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်ဗျ။ သူတို့အများစု တက်ရောက်နိုင်တဲ့ရက်ကို ကျွန်တော်တို့ ညှိနိုင်းရဦးမှာ ဖြစ်ပါတယ်။”

အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ RCSS တို့ ဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်တဲ့ RCSS အဖွဲ့ အတွင်းရေးမှူး (၃) ဗိုလ်မှူးကြီးစိုင်းငင်းက လည်း ဆွေးနွေးပွဲမှာ တိုးတက်မှုရတယ်ဆိုတာကိုရော နောက်ထပ် တွေ့ဆုံပွဲတွေ လုပ်သွားဖို့ရှိတယ်ဆိုတာကိုပါ အတည်ပြု ပြောဆိုပါတယ်။

“ဆိုလိုတဲ့သဘောက ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က တစ်ဆို့နေတာကိုး တစ်ဆို့တဲ့အပေါ်မှာ ကျွန်တော်တို့ ဘယ်လို ဆက်လုပ်ကြမယ်ဆိုတဲ့ အနေအထား အဲဒါကို နည်းလမ်းလာရှာကြတာဖြစ်ပါတယ်။ ဒါကလည်း ထူးခြားတဲ့ တိုးတက်မှုတခုပေါ့ နော်၊ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ ကောင်းတဲ့ အရာတစ်ခုဖြစ်တယ်လို့မြင်ပါတယ်။ ဘာလို့လဲဆိုတော့ မကြာမီအချိန်အတွင်းမှာ အခုကျွန်တော်တို့ RCSSနဲ့ NRPC နဲ့ တွေ့ဖို့ရှိတယ် ပြီးရင် ကျွန်တော်တို့ တပ်မတော်နဲ့ သီးသန့်တွေ့ဖို့ရှိတယ် အဲဒီလို သဘောထား တွေ ကျွန်တော်တို့ ရယူထားတာရှိပါတယ်။ အဲဒါကြောင့်တိုးတက်မှုတစ်ခုလို့ပဲ မြင်ပါတယ်။ အတိအကျတော့မသိသေးဘူး အမြန်ဆုံးပေါ့နော မြန်လေသမျှမြန်အောင်တွေ့ကြမယ်ဆိုတဲ့ အနေအထားပဲဖြစ်ပါတယ်။”

NCA လုပ်ငန်းစဉ်အရ လုပ်လာခဲ့တဲ့ တရားဝင်ဆွေးနွေးပွဲတွေမှာ KNU နဲ့ RCSS တို့ အရင်က ပါဝင်တက်ရောက်ခဲ့ကြပေမယ့် လည်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၅ ရက်၊ NCA လက်မှတ်ရေးထိုးတဲ့ ၃ နှစ်ပြည့်နေ့က နေပြည်တော်မှာလုပ်တဲ့ ငြိမ်းချမ်းရေး ထိပ်သီး ဆွေးနွေးပွဲပြီးတဲ့နောက်ပိုင်းမှာ တရားဝင်ဆွေးနွေးပွဲတွေမှာ ပါဝင်တာကို ဆိုင်းငံ့ထားမယ်လို့ KNU ရော RCSS ကပါ ကြေညာခဲ့တာကြောင့် ငြိမ်းချမ်းရးလုပ်ငန်းစဉ်တွေ ရှေ့မဆက်နိုင်ဘဲ ရပ်ဆိုင်းနေခဲ့တာပါ။

ဒါကြောင့်လည်း အဲဒီ ရပ်ဆိုင်းနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ရည်ရွယ်ပြီး အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ KNU ၊ RCSS တို့ တွေ့ဆုံဆွေးနွေးကြတာဖြစ်ပါတယ်။

ဒါ့အပြင် NCA မှာ မပါသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့လည်း တနင်္လာနေ့မှာပဲ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဦးလှမောင်ရွှေကပြောပြီး ဆွေးနွေးခဲ့တဲ့အကြောင်းအရာကိုလည်း အခုလိုရှင်းပြပါတယ်။

“KNPP ကတော့ ၂၀၁၁ ကစပြီးဆွေးနွေးခဲ့တယ် ၂၀၁၂ မတ်လမှာ သူက ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထား တယ်။ ပြည်ထောင်စုအဆင့်ထိထိုးထားတယ်။ ဒါပေမဲ့ NCA လက်မှတ်ရေးထိုးထားတာတော့မရှိသေးပါဘူး။ အဲဒီအတွက် NCA လက်မှတ်ရေးထိုးနိုင်ဖို့အတွက်ကို လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တဲ့ဖြည့်ဆည်းမှုတွေ ဆောင်ရွက် နိုင်ဖို့အတွက် ကျွန်တော်တို့ ဒီမှာအလွတ်သဘောလာတွေ့တာ ဖြစ်ပါတယ်။ သုံးဖွဲ့လုံးကတော့အလွတ်သဘောပါပဲ။”

KNPP နဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ ပတ်သက်ပြီး အတည်ပြုချက်ယူဖို့နဲ့ နောက်ထပ်သိရဖို့ KNPP အဖွဲ့ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်လုပ်လို့မရခဲ့ပါဘူး။

အခုတကြိမ် တွေ့ဆုံဆွေးနွေးတာမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လည်းပါမယ်လို့ သတင်းတွေ ထွက်ထားပေမယ့် တကယ်တမ်း ဆွေးနွေးမှု ရှိသလားဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG