အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် ချုပ်ဆိုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် လမ်းပြမြေပုံတခု လိုအပ်နေကြောင်းနဲ့ ဒီအတွက် NCA လက်မှတ် မထိုးသူတွေနဲ့ပါ ဘုံသဘော တူညီချက် ရရှိအောင် ညှိနှိုင်းပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံမှာ ပါဝင်ဖို့ သဘောထား ထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ UPC မှာ ပါဝင်ရေးအတွက်လည်း အလွတ်သဘော ဆွေးနွေးမှုတွေကနေ တဆင့် ဆောင်ရွက်ဖို့ကိုလည်း ရည်ရွယ်ထားကြပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဟုတ်ကဲ့။ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ EAO တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အထူးအစည်းအဝေးကို ဒီလ ၅ရက်နေ့ကနေ ၇ရက်နေ့ အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပပြီးတဲ့နောက် PPSTရဲ့သဘောထားကို ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်တာပါ။
PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကရင်အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှုး ပဒိုစောတာဒိုမှုးက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCAမှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ဖော်ပြထားတာမရှိတာကြောင့် လမ်းပြမြေပုံတစ်ရပ် လိုအပ်နေတာဖြစ်ကြောင်းနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ UPC မှာ ပါဝင်ရေးအတွက် သူတို့ ရဲ့ သဘောထားကို အခုလို ပြောဆိုပါတယ်။
“ကျနော်တို့ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ အဓိက လိုအပ်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု လမ်းပြမြေပုံကိုတော့ လက်တွေ့လိုအပ်တယ်လို့ ကျနော်တို့ မြင်တယ်။ ဒီဟာကို နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ တဆင့် ဘယ်လိုအချက်ကို အခြေခံပြီးတော့ သွားသင့်တယ်ဆိုတဲ့ အပိုင်းကို ကျနော်တို့ EAOတွေ ကြားထဲမှာ အတူတကွပြုစုဖို့ လိုပါတယ်။ ကျနော်တို့ သွားမယ့် ဖက်ဒရယ် ပြည်ထောင်စုက အမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရည်ရွယ်တာဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေနဲ့ မထိုးတဲ့ အဖွဲ့တွေကြားမှာလည်း ကျနော်တို့ ဘုံသဘောထားရပ်တည်မှုတွေက တဆင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီးတော့ ဖက်ဒရယ် ပြည်ထောင်စု တဆင့်ချင်း ချီတက်သွားနိုင်မယ့် အခြေခံမျိုးရရှိအောင် ကျနော်တို့ ကြိုးစားသွားပြီးတော့ အဲဒီအခြေခံတိုင်းကနေ တစ်ဆင့်ချင်းပြန်ပြီး ဆွဲထုတ်ပြီးတော့ အဆင့်တိုင်း အဆင့်တိုင်းမှာ ဆွေးနွေးပွဲ ကျင်းပပြီး UPC ကို ဆက်သွားမှာ ဖြစ်ပါတယ်။”
PPST အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဖက်ဒရယ် ပြည်ထောင်စု လမ်းပြမြေပုံ ချမှတ်နိုင်ဖို့ အတွက် အစိုးရ၊ တပ်မတော်၊ NCA လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ညှိနှိုင်းသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
PPST အဖွဲ့ခေါင်းဆောင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကလည်း NCA အကောင်အထည်ဖော်ဆောင်မှုဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ရောက်ရှိစေမယ့် လမ်းကြောင်းကနေ သွေဖည်နေတယ်လို့ ပြောဆိုထားပါတယ်။
ပဒိုစောတာဒိုမှုးက NCA ကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်မှာ တစ်ဆို့တာတွေ ရှိနေတာနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ UPC ဟာ နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့ အဆင့်ဖြစ်တာကြောင့် အလွတ်သဘော ဆွေးနွေးဖို့ ရည်ရွယ်ကြောင်းလည်း ပြောပါတယ်။
“ကျနော်တို တရားဝင် ဆွေးနွေးပွဲဆိုတာထက် UPC ကို ရောက်နိုင်တဲ့ လမ်းကြောင်းကို သွားတဲ့ လုပ်ငန်းစဉ်တွေပါ ကျနော်တို့ ပြန်လည် ဆွေးနွေးညှိနှိုင်းဖို့ လိုတာကိုး။ ပြန်လည်ဆွေးနွေး ညှိနှိုင်းဖို့ လိုသလို ခုနက ကျနော်တို့ ပြောတဲ့ဘုံရည်မှန်းချက် မထားရှိနိုင်တဲ့အတွက်ကြောင့် ဒီလိုမျိုး တရားဝင်ဆွေးနွေးပွဲတွေ သွားနေတယ်ဆိုတာထက် ကျနော် တို့ အမှန်တကယ် ပွင့်ပွင့်လင်းလင်းနဲ့ တဖက်နဲ့ တဖက် ကြားမှာ အဖြေရှာနိုင်တဲ့ အလွတ်သဘော ဆွေးနွေးပွဲနဲ့ ကျနော်တို့ သွားလိမ့်မယ် ကျနော်ထင်တယ်လေ။ အဲတော့ အလွတ်သဘောဆွေးနွေးပွဲအရ ကျနော်တို့ တိမ်းစောင်းနေတဲ့ လမ်းကြောင်းကို ကျနော်တို့ ပြန်လည် တည့်မတ်နိုင်ဖို့ ကြိုးစား ဆောင်ရွက်သွားမှာဖြစ်တယ်။”
PPST ရဲ့ ကြေညာချက်မှာ PPST စုဖွဲ့မှုနဲ့ NCA စာချုပ် အရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို မေလမှာ ကျင်းပသွားမှာဖြစ်ကြောင်းနဲ့ NCAစာချုပ်ကို တည့်မတ်စွာ အကောင်အထည်ဖော်နိုင်ဖို့ အလုပ်အဖွဲ့ ဖွဲ့စည်းကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့တွေကို ချန်လှပ်မထားတဲ့ အခြေခံမူကို အစဉ်တစိုက် အကောင်အထည် ဖော်သွားမှာ ဖြစ်ကြောင်း၊ လွှတ်တော်က၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းတာကို ကြိုဆိုကြောင်းလည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၁ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆီကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး စာရေးသားပေးပို့ထားပါတယ်။
ဒီစာမှာ ပြီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကနေ ချမှတ်တဲ့ ပြည်ထောင်စု သဘောတူညီချက်တွေဟာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ခိုင်မာတဲ့ အခြေခံတွေ မဟုတ်တာကြောင့် ၂၀၂၀ မှာ ဖက်ဒရယ် ပြည်ထောင်စု အခြေခံတွေချမှတ်ဖို့ နဲ့ တပ်တွေ ပြန်လည် ပေါင်းစည်းရေးကို အပြီးဆောင်ရွက်ဖို့ ဆိုတဲ့အပေါ်မှာ မေးခွန်းတွေရှိနေကြောင်း၊ NCA အပေါ် အဓိပ္ပါယ် ဖွင့်ဆိုမှု ကွဲပြားနေတာကြောင့် ပဋိပက္ခတွေ ကြုံနေရတဲ့အတွက် NCA ယန္တရားတွေကို ပြန်လည် သုံးသပ်ဖို့ ရှိနေကြောင်းနဲ့ ဖက်ဒရယ်စနစ်ကို သွားဖို့ သဘောတူညီပေမဲ့ ဘယ်လို ပုံစံမျိုးဆိုတာကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေအကြား ညှိနှိုင်းဖို့ လိုအပ်ကြောင်းဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။