ဆန္ဒပြမှုနဲ့ ဆူပူအကြမ်းဖက်မှုတွေကို ထိန်းသိမ်းကိုင်တွယ်နိုင်ဖို့ ဒုသမ္မတ(၂) ဦးဆောင်မယ့် “အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ” တရပ်ကို သမ္မတဦးထင်ကျော် လက်မှတ်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ကော်မတီရဲ့ လုပ်ငန်း တာဝန်တွေကို ဖော်ပြထားရာမှာ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မညီပဲ အရင် စစ်အာဏာရှင် လက်ထက် ပုံစံမျိုးဖြစ်နေတယ် ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်း ထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။ ူ
ဆန္ဒပြမှု၊ ဆူပူအကြမ်းဖက်မှုတွေကို ထိန်းသိမ်းကိုင်တွယ်ဖို့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို နိုင်ငံတော် သမ္မတအမိန့်နဲ့ ဇူလိုင်လ ၁၂ရက် နေ့စွဲမှာ ဖွဲ့စည်းလိုက်တာပါ။
ဒုတိယ သမ္မတ ဟင်နရီ ဗန်ထီးယူကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူမယ့် ဒီ အရေးပေါ်ကာလ စီမံခန့် ခွဲရေး ဗဟိုကော်မတီကို လုပ်ငန်းတာဝန် ၁၂ရပ် သတ်မှတ်ပေးထားပြီး ဒီထဲက တာဝန်တချို့ဟာ အစိုးရသစ် အပေါ် ပြည်သူလူထု အနေနဲ့ နားလည်မှုလွဲနိုင်ပြီး အရင် အာဏာရှင် အစိုးရလက်ထက် ပြောဆို သုံးနှုန်းတဲ့ ပုံစံမျိုး ဖြစ်နေတယ် လို့ ဝေဖန်မှုတွေရှိနေတာပါ။
ဒီကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ဖော်ပြထားရာမှာ မီဒီယာရဲ့သွေးထိုး လှုံဆော်မှုတွေကို မီဒီယာနဲ့ ရှင်းလင်းတုန့်ပြန်ဖို့၊ နိုင်ငံရေးသွေးထိုးလှုံဆော်မှုနဲ့ အထွေထွေ ဆန္ဒပြမှု အသွင်ဖြစ်လာရင် ပြည်သူ့အား ယူပြီး ပြန်လည် ဆန္ဒဖော်ထုတ်ချေဖျက်ဖို့ စတဲ့ အချက်တွေပါဝင်တာကြောင့်၊ ဒါဟာအရင် စစ်အစိုးရ လက်ထက် လုပ်ဟန်မျိုးဖြစ် တယ်လို့ ဝေဖန်မှုတွေရှိနေတာပါ။
အရေးပေါ်ကာလ စီမံခန့်ခွဲမှုဆိုတာ အင်မတန်အရေးကြီးတဲ့ ကိစ္စဖြစ်ပေမယ့် အခု ဖွဲ့စည်းလိုက်တဲ့ ကော်မတီရဲ့ လုပ်ငန်းတာဝန် အချို့ဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်း က ပြောပါတယ်။
"တိုင်းပြည်မှာ အရေးပေါ်ကာလစီမံခန့်ခွဲမှုဆိုတာ အင်မတန်မှ အရေးကြီးတဲ့ပြင်ဆင်မှု လို့ ထင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့လို အရေးပေါ်ကာလ စီမံခန့်ခွဲမှု ကို တကယ် ကို စနစ်တကျ နည်းဗျူဟာ မဟာဗျူဟာနဲ့ စနစ်တကျ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့မြင်တယ်။ ပြီးတော့ လက်ရှိ လတ်တလော လုပ်ငန်းတာဝန် သတ်မှတ်မှုတွေကို ကြည့်မယ်ဆိုလို့ရှိရင် စကားလုံးတွေက ရှင်းလင်းမှု မရှိဘူး။ နောက်ပြီးတော့ အရင်အာဏာရှင် အစိုးရအဆက်ဆက်က သုံးနှုံးခဲ့တဲ့ ဝေါဟာရတွေ ပုံစံတွေနဲ့ တထပ်တည်း ကျနေတာတွေကို လည်း တွေ့ရတယ်။ အဲ့ဒီ့အခါကျတော့ ဒီ့ထက်ပိုပြီးတော့ ရှင်းရှင်းလင်းလင်းနဲ့ လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ "
နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုတွေနဲ့ အထွေထွေ ဆန္ဒပြမှု အသွင်ဖြစ်လာ ရင် ပြည်သူ့အား နဲ့ ပြန်လည် ဆန္ဒဖော်ထုတ် ချေဖျက်ဖို့ဆိုတဲ့ ဒီကော်မတီရဲ့ လုပ်ငန်းတာဝန် သတ်မှတ်ချက်နဲ့ ပတ်သက်လို့ ဒေါက်တာ ရန်မျိုးသိမ်းက သူ့အမြင်ကို အခုလို ပြောပါတယ်။
" ပြည်သူလူထုအနေနဲ့ နစ်နာမှုတွေရှိမယ်။ ဆုံးရှုံးမှုတွေရှိမယ်။ ဖိအားပေးခံရ တာတွေ ရှိမယ်။ အဲ့ဒီ့အခြေအနေမျိုးမှာ အထွေထွေ ဆန္ဒပြမှုတွေရှိမယ် ဆိုတာလည်း ဖြစ် လာမှာပဲ။ ဒီလို ဖြစ်လာမယ့် အခြေအနေကို နိုင်ငံရေးသွေးထိုး လှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်ဆိုပြီး အရင်အာဏာရှင်အစိုးရ အဆက်ဆက် ပုံစံမျိုး ပြုမှုလာမယ်ဆိုရင် ဒါဟာ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့မကိုက်ညီဘူး။ ဒီမိုကရေစီအပြောင်းအလဲနဲ့လည်း လိုက်လျောညီထွေ ဖြစ်မှာမဟုတ်ဘူးလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။"
ဒါနဲ့ ပတ်သက်လို့ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူ ဒေါက်တာခင်မောင်ညိုကလည်း အခုလို ပြော ပါ တယ်။
" ကျနော်တို့က ဒီမိုကရေစီခရီးကို သွားတာလေ။ ဒီမိုကရေစီခရီးကို သွားတယ် ဆိုတာ ပြည်သူ့ဆန္ဒက အဓိက ကျတယ်။ အများစုဆန္ဒဆိုတာ သူတို့ကို နှိပ်ကွပ်မယ်။ ဖမ်းဆီးမယ်။ တုန့်ပြန်မယ် ဆိုတာကို အဓိက ထားမယ် ဆိုရင်တော့ သူများတွေ ပြောသလို အာဏာရှင်ဆန်သွားမယ်လို့ ကျနော်လည်း ယူဆပါတယ်။"
အစိုးရသစ်လက်ထက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီရဲ့ အဓိက တာဝန်တွေမှာ အစိုး ရနဲ့ လုံခြုံရေး အဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်ဖို့၊ ပဋိပက္ခတွေဖြစ်ရင် မြန်မြန် ဆန် ဆန် ကိုင်တွယ် ဖြေရှင်းဖို့၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မဖြစ်ပွားအောင် ကာကွယ်ဖို့ စတာတွေ ပါဝင်ပါတယ်။
အစိုးရသစ်ရဲ့ ဒီကော်မတီဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်၊ စေတနာ ကို မြင်အောင်ကြည့်ဖို့ လိုပြီး ပြဌာန်း ချက် အသေးစိတ် အပေါ်မှာပဲ ဝေဖန်ချက်ပေးတာမျိုး မဖြစ်သင့်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေရေးရာ အကြံပေးဦးကိုနီက ပြောပါတယ်။
" စနစ်တခုကနေ စနစ်တခုကို အပြောင်းမှာ မပြောင်းချင်တဲ့သူဆိုတာလည်း ရှိတယ်။ အဲ့တော့ အဲ့လိုအနေအထားအမျိုးမျိုးမှာ ပြဿနာ အမျိုးမျိုး ပေါ်ပေါက်နိုင်တဲ့အတွက် ဒီပြဿနာတွေကို ကာကွယ်နိုင်အောင် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဒီအဖွဲ့ကို ဖွဲ့တယ်လို့ ကျနော်က သဘောပေါက်ထားတယ်။ ကျနော်ကတော့ ရိုးရိုးသားသား ဒီလိုပဲမြင်တာပေါ့ဗျာ။ အဲ့တာကို တချို့က အဓိပါယ်ဖွင့်တဲ့အခါမှာ အမျိုးမျိုး ဖွင့်ကြတဲ့အခါ တချို့ကလည်း အဲ့လိုပြောကြတယ်။ အရင်အစိုးရ လက်ထက်ကနဲ့ အတူတူပဲဖြစ်နေတာပဲ။ မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဘာညာပေါ့ဗျာ။ စကားလုံး အသုံးအနှုံးတူရင်တောင် စေတနာမတူဘူးဆိုတာ ခင်ဗျားကို ထောက်ပြချင်တယ်ဗျာ။"
NLD အစိုးရသစ်ရဲ့ ရက် ၁၀၀ ကာလအတွင်း ပဲခူးတိုင်း ဝေါမြို့နယ် သရဲ သမိန်ကျေးရွာနဲ့ ကချင် ပြည်နယ် ဖားကန့်မှာ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ခဲ့ပြီးနောက်ပိုင်း အစိုးရ သစ်အနေနဲ့ အခုလို အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါ တယ်။ ဒီအဖွဲ့ထဲမှာ အစိုးရအဖွဲ့ထဲက ပြည်ထဲရေး ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေး ဝန်ကြီးတွေ ပါ ဝင် သလို၊ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲချုပ်က တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။