သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပွဲတော်တွေ နည်းသွားတဲ့ သီတင်းကျွတ်


ရွှေတိဂုံစေတီတော်ကို ဖူးမျှော်နေကြသူပြည်သူများ။
ရွှေတိဂုံစေတီတော်ကို ဖူးမျှော်နေကြသူပြည်သူများ။

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအတွက် ဘာသာရေးအထွဋ်အမြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ရွှေတိဂုံစေတီတော်အပါအဝင် ဘုရား ကျောင်းကန်တွေမှာ ဘုရားဖူးတွေနဲ့ စည်ကားနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးစိုးရိမ်မှုတွေကြောင့် အရင်ကလို သီတင်းကျွတ် မီးထွန်းပွဲတော်တွေ မီးမျှောပွဲတော်တွေ နည်းသွားသလို၊ ခရီးသွားဧည့်သည်တွေ လာကြလေ့နေရာတွေမှာလည်း ဒီနှစ် ခြောက်ကပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ သီတင်းကျွတ်ကာလ အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ ကြာသပတေးနေ့ဟာ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ အဘိဓမ္မာ အခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ရန်ကုန်မြို့၊ မန္တလေးမြို့အပါအဝင် ဒေသတချို့က ဘုရား ပုထိုးစေတီတော်တွေမှာ ဖူးမျှော်သူတွေနဲ့ စည်းကား နေတာပါ။ ရန်ကုန်မှာဆို ရွှေတိဂုံစေတီတော်၊ ဆူးလေ နဲ့ မန္တလေးမှာဆို မဟာမြတ်မုနိစတဲ့ ဘုရားပုထိုး စေတီတော်တွေကို ဖူးမျှော်ကြသူ ရဟန်းရှင်လူပြည်သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားနေတာပါ။

ရန်ကုန်မြို့ထဲက လူဦးရေထူထပ်တဲ့နေရာတခုဖြစ်သလို စက်ရုံအလုပ်သမားတွေ အများဆုံးနေထိုင်တဲ့ လှိုင်သာယာမှာဆိုရင်လည်း စက်ရုံတွေ ပိတ်ထားတာကြောင့် ဘုရားသွား ကျောင်းတက်သူတွေများသလို၊ ဓလေ့ထုံးစံအရ လူကြီးမိဘကန်တော့ကြတယ်လို့ ဒေသခံတဦးကပြောပါတယ်။ အရင်ကလိုတော့ မီးထွန်းပွဲတော်တွေလုပ်တာမျိုး မရှိဘူးလို့ပြောပါတယ်။

"လှိုင်သာယာကလူတွေအကုန်ကရွှေတိဂုံဘုရားရောက်နေကြတယ်။ ရပ်ကွက်ထဲတိတ်ဆိတ်။ သွားကြည့်လိုက်လှိုင်သာယာကလူတွေချည်းဘဲ မြို့ထဲမှာတို့ ကန် ဘောင်မှာတို့ ဒီမှာကဘာမှမရှိဘူး ဒီမှာဘုန်းကြီးကျောင်းမှာဘဲ ခင်ပွန်းကြီး ၁၀ ပါးကန်တော့ပွဲဘဲ လုပ်တယ်။ ပွဲလမ်းသဘင်လည်းမရှိဘူး ဆိုင်တွေအကုန်ပိတ် တယ် မီးထွန်းတာတွေဘာတွေလည်းမရှိဘူး"

ခုလို ဗုဒ္ဓဘာသာဝင်တွေအတွက် ထူးမြတ်တဲ့နေမျိုးဆိုရင် အများအားဖြသ့် ရွှေတိဂုံစေတီတော်နဲ့ တန်ခိုးကြီးဘုရားတွေကို သွားပြီး အလှူအတန်းတွေ လုပ်ကြလေ့ရှိပါတယ်။ ဒီနှစ်မှာ ပြည်သူ့ရင်ပြင် မှာ သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့ ဈေးရောင်းပွဲ ၃ရက်ကြာကျင်းပနေတာလည်းရှိတာမို့လည်း မိသားစုလိုက် သွားလည်ကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သီတင်းကျွတ်လပြည့်နေတွေမှာ ရိုးရာဓလေ့ထုံးတမ်းတွေနဲ့အညီ သီတင်းကျွတ် မီးထွန်းပွဲတော်တွေ မီးမျှောပွဲတွေ ဘုရားပွဲတွေ ကျင်းပကြပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အတော်လေးနည်းသွားခဲ့ပါတယ်။ နေအိမ်တွေ လမ်းမတွေထက်မှာ ဆီမီးပူဇော်တာရှိပေမဲ့ စစ်အာဏာ မသိမ်းခင်အချိန်တွေကလောက်တော့ အလှူအတန်းပေးဝေလှူဒါန်းတာ အရင်လို ကြိတ်ကြိတ်တိုးစည်ကားနေတာမျိုးတော့ မရှိတော့ပါဘူး။ သီတင်းကျွတ်ချိန် ရန်ကုန်မှာ အစည်းကားဆုံးလို့ ပြောနိုင်တဲ့ ရေကျော်က သီတင်းကျွတ်ပွဲဈေး ဆိုရင် ကိုဗစ်ကပ်ရောဂါဖြစ်တဲ့ ၂၀၂၀ ခုနှစ်ထဲကစလို့ အခုချိန်ထိ မရှိတော့ဘူးလို့ ရေကျော်မှာ နေသူတွေက ပြောပြပါတယ်။ ရွှေပြည်သာဘက်မှာတော့ ဒီနှစ်မှာ သာဓုကန်ဘုရားပွဲကျင်းပတာရှိသလို ရွှေပြည်သာနဲ့ အနီးတဝိုက်မှာတော့ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတဦး ကပြောပါတယ်။

"သာဓုကန်ဘုရားမှာတော့ပွဲဈေးဆိုပြီးလုပ်ကြတယ်။ ဘုရားပွဲဈေးပေါ့ ဒီနေ့ဆိုအစည်ဆုံးပေါ့ စည်တယ်အများကြီးဘဲ စက်ရုံတွေကလည်း ၅ရက်ပိတ်တော့ လေ စည်တယ် မိန်းကလေးတော်တော်များများသွားကြတယ်။ လုံခြုံရေးကတော့မှတ်တိုင် ၂မှတ်တိုင် ၃ မှတ်တိုင်မှာ ၂ယောက် ၃ယောက် ရဲရယ်စစ်သားရယ် ပြည်သူ့စစ်ဆိုတဲ့အစိမ်းကြီးတွေနဲ့ သူတို့တွေကိုတာဆုံပွိုင့်တွေမှာချထားတယ်။ အမြဲတမ်းမော်တော်ပီကယ်ကျတော့ အမှတ်လေးလမ်းမ ရွှေပြည်သာသာဓု ကန်ဘက်ကြောတွေကျတော့ အဲငါးကန်လမ်းတို့ကျတော့နေ့တိုင်းမော်တော်ပီကယ်တွေပါချထားတယ်။"

သီတင်းကျွတ်ကာလ မိဘဆွေမျိုး ဘိုးဘွား ဆရာသမားတွေကို ကန်တော့ကြဖို့ မွေးရပ်ဇာတိတွေကိုပြန်ကြတဲ့သူတွေရှိပေမဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေ လုံခြုံရေး မတည်ငြိမ်တဲ့ ပြည်နယ် တိုင်း မြို့ရွာတွေဆီ တချို့ မပြန်နိုင်ကြသလို စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းဒေသတချို့မှာဆိုရင် သီတင်းကျွတ်လပြည့်နေ့မှာတော့ ဓလေ့ထုံးစံတွေအရ မိဘတွေကိုကန်တော့နိုင်ဖို့ ဝေးလို့ စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကို သာ စိုးရိမ်နေရတဲ့ အခြေအနေနဲ့ ဖြတ်သန်းနေရတယ်လို့ ဒေသခံကပြောပါတယ်။

"စစ်အာဏာမသိမ်းခင်ကတော့ သီတင်းကျွတ်လပြည့်နေ့ဆို ဘုရားသွားကျောင်းတက်တွေလုပ်တယ်။ လူကြီးမိဘဆရာသမားတွေကိုကန်တော့တာတွေရှိ တယ်။ ခုချိန်ကျတော့ကျနော်တို့ဆရာသမားတွေ အဓိကကတော့ကျနော်တို့အမေတွေပေါ့ တော်လှန်ရေးသမားတွေမှာ အမေတွေကိုမကန်တော့ရတော့တာ များတယ်ဗျ။ မိဘတွေရှိတဲ့နေရာတွေကိုကျနော်တို့မသွားနိုင်ဘူး။ အဲခံစားချက်ကတော်တော်လေးဆိုးပါတယ်။ ရင်ထဲတော်တော်ခံစားရတယ်။ နောက်ပြီး ကိုယ်ရှိတဲ့နေရာတွေကို အကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေ အဓိကထားဗုံးတွေကျဲနေတယ်။ နောက်ရေကြောင်းမှာပါကြောက်နေရတယ် ချင်းတွင်း မြစ်ကနေ အစုံအဆန် မော်တော်တွေကိုကြောက်နေရတယ်။ လက်နက်ကြီးတွေ ကြောက်နေရတယ် အဲတော့ကျနော်တို့ဘာသာရေးဆိုင်ရာ လုပ်ချင်ပေမယ့် လည်း ဗုဒ္ဓဘာသာဝင်မှမဟုတ်ဘူး ဘယ်ဘာသာမဆို ဘာသာရေးလုပ်မယ်ဆိုရင်တောင် တော်တော်လေးကျပ်တည်းနေရတာပါ"

မိုးအကုန် ဆောင်းအကူး သီတင်းကျွတ်ကာလမှာ ရက်ရှည် ရုံးတွေပိတ်တာမို့ ပုံမှန် ခရီးသွားသူတွေ များပါတယ်။ ဒီနှစ်တော့ လုံခြုံရေးအခြေအနေနဲ့ ရေဘေးဒဏ်တွေကြောင့် လားရှိုး၊ ပြင်ဦးလွင် စတဲ့ ရှုခင်းလှတဲ့ နေရာတွေဆီ ခရီးထွက်သူတွေ နည်းသွားပါတယ်။ ခရီးသွားရာသီကာလ ခရီးသွားတွေနဲ့ ပြည့်နေတတ်တဲ့ ပြင်ဦးလွင်ရဲ့ ဒီနှစ် အခြေအနေကို ဒေသခံတဦးက ခုလိုပြောပြပါတယ်။

"ဒီဘက်မှာကတော့ ဘုရားသွားကျောင်းတက်ပုံမှန်ပါဘဲ။ ခါတိုင်းလိုမီးထွန်းတာတို့ဘာတွေတို့ဘာမှမရှိဘူးပေါ့ မီးထွန်းတာတို့မီးပုံးပျံလွှတ်တာတို့ဘာတွေ ဘာမှမရှိဘူး။ ခါတိုင်းဆိုမြို့ကဧည့်သည်တွေနဲ့ရှုပ်ရှက်ခတ်နေတာလေ။ အဲလိုတွေမတွေ့ရဘူး ဒီလိူအချိန်ဆိုတိုးမပေါက်ဘူး။ အခုကနည်းတာပေါ့ ခါတိုင်းဆို ဒီအချိန်ကခရီးသွားရာသီလေ ခုကပါးတယ် တော်တော်လေးပါးသွားတယ်။ မြို့ခံတွေလည်းသိပ်ထူးထူးခြားခြားလှုပ်ရှားတာမတွေ့ဘူး။ လုံခြုံရေးကတော့ ပုံမှန်လှည့်တာဘာညာရှိတယ်။ ညပိုင်းလှည့်တာတွေတွေ့တယ် လမ်းတွေကိုလေ။ "

စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေဆဲ မြို့တွေနဲ့ တိုင်းရင်းသားဒေသတွေမှာလည်း သီတင်းကျွတ်မီးထွန်းပွဲတော်ကာလ လူစုလူဝေး လူထူထပ်တဲ့နေရာတွေနဲ့ လမ်းခရီးသွားလာမှုတွေမှာ လုံခြုံရေးအထူးသတိထားကြဖို့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ပြည်သူလူထုကို ပန်ကြားစာတွေ ထုတ်ပြန်ထားပါ တယ်။

တချိန်တည်းမှာပဲ ရေလွှမ်းမိုးမှုဒဏ်အကြီးအကျယ်ခံခဲ့ရတဲ့ ဒေသတွေမှာလည်း ပြန်လည်ထူထောင်ရေး အတွက် အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ပြီး လုံးပမ်း ကြိုးစားတည်ဆောက်နေကြရတာမို့ ဒီနှစ် သီတင်းကျွတ်ကာလ မီးထွန်းပွဲတော်နဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေနဲ့အညီ မကျင်းပနိုင်ဘူးလို့ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။

Forum

XS
SM
MD
LG