ဒေါ်လာနဲ့မြန်မာကျပ်ငွေလဲလှယ်နှုန်းမှာ ဒေါ်လာတန်ဖိုးနည်းနည်းပြန်ကျလာတယ်ဆိုပေမယ့် စက်သုံးဆီ ဈေးနှုန်းတွေကတော့ ဆက်ပြီး တက်နေဆဲဖြစ်ပါတယ်။ ဈေးတက်နေပေမယ့် စက်သုံးဆီကိုအရှုံးခံပြီး ရောင်းချ နေရတာလို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူကပြောလိုက်တဲ့အပေါ် ဒီလို ဈေးတက်နေတာဟာ စက်သုံးဆီဈေးကွက်မှာ လူနည်းစုကလွှမ်းမိုးချုပ်ကိုင် နေတာတွေလျှော့ချဖို့ လိုနေတယ်လို့ဆိုပါတယ်။ ဒီအကြောင်းဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ပြောပြပေးထားပါတယ်။
ဒေါ်လာငွေကြေးကစားတဲ့သူတချို့ကို အရေးယူခဲ့ပြီးတဲ့နောက်ပိုင်း ဒေါ်လာဈေးက ၁၅၅၀ ဝန်းကျင်လောက် ပြန်ကျလာတယ်ဆိုပေမယ့် လောင်စာဆီဈေးကဆက်တက်နေလို့ လောင်စာဆီဈေးကစားတဲ့သူတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေလုပ်သင့်တယ်ဆိုပြီး ဝေဖန်မှုတွေမြင့်တက်နေပါတယ်။
ပြည်တွင်းလောင်စာဆီဈေးနှုန်းမကျပေမယ့် ဆီတင်သွင်းဖြန့်ဖြူးရောင်းချတဲ့သူတွေအနေနဲ့ အတိုင်းအတာတခု အထိ အရင်းဈေးအောက်ကို လျှော့ချပြီးရောင်းနေရတဲ့အခါမျိုးလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။
“ကျနော်တို့သည် ဆီဈေးနှုန်းကိုတွက်ချက်တဲ့အခါမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒေါ်လာငွေလဲနှုန်း လက်ရှိဖြစ် ပေါ်နေတဲ့ ဆီဈေးကိုပဲယူပါတယ်။ အရင်တုန်းကဝယ်ခဲ့တဲ့ ဈေးကြီးပါတယ်ဆိုတဲ့အကြောင်းတွေလည်း ထည့် မတွက်ပါဘူး။ လေးရက်နေ့ဈေး တခုကိုကြည့်မယ်ဆိုရင် လက်ကားဈေးမှာ ၁.၃၅% ကျနော်တို့ minus (အရှုံး) ဖြစ်နေတယ်။ ငွေဈေး ၁၅၄၅ ကျပ်ဖြစ်တဲ့အချိန်တောင်မှ ဒီတစ်ပတ်လုံး ကြည့်လိုက်မယ်ဆိုရင် အမြတ် ရာခိုင်နှုန်းထွက်တဲ့ရက်က အတော်လေးနည်းပါတယ်။ average ကြည့်မယ်ဆိုရင် -ဝ.၃၆ ပါ လက်ကားမှာ။ လက်လီမှာလည်း -၃.၆၅ မာဂျင်ဆိုပြီး ပထမအပတ်မှာဖြစ်ပေါ်ပါတယ်။ အဲဒီတော့ ပြောချင်တာကတော့ ကျနော်တို့က ဒီငွေဈေး ၁၅၃၀/ ၄၀ မှာကတည်းကိုက ကျနော်တို့ရောင်းတဲ့ဈေးတွေသည် အရင်းအရတဲ့ဈေး ဖြစ်တဲ့ရက်က အတော်လေးများနေတဲ့ အနေအထားလေးရှိတာတွေ့ရမှာဖြစ်ပါတယ်။”
ပြည်တွင်းမှာလောင်စာဆီဈေးကွက်က ပြည်တွင်းကုမ္ပဏီတွေကပဲဈေးကွက်ကို အဓိကကိုင်တွယ်ထားတာ ဖြစ်ပါတယ်။ စင်္ကာပူက အမှန်တကယ်ယူတဲ့တန်ဖိုးထက်ကြီးနေပြီး နိုင်ငံတကာ လောင်စာဆီကုမ္ပဏီတွေကို အပြိုင်အဆိုင် ခွင့်ပြုဖို့လိုတယ်လို့ အများစုကသုံးသပ်ပါတယ်။ အခုလိုစက်သုံးဆီဈေးတွေတက်နေတာကြောင့် ကုန်စည်ပို့ဆောင်ရေးနဲ့ ခရီးသွားလုပ်ငန်းကိုလည်း အထိုက်အလျှောက်ထိခိုက် မှုတွေရှိနေပါတယ်။ JJ Express ခရီးသွားလုပ်ငန်းကတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးမြင့်ဦးက အခုလိုပြောပါတယ်။
“ဆီဈေးကပိုကုန်သွားတာပေါ့ အခုဆိုရင် တစ်ပီပါကို တစ်သိန်းခွဲလောက်ကုန်သွားပြီထင်တယ်။ ပိုများ သွားပြီပေါ့။ ဈေးတက်ဖို့ကျတော့လည်း ခက်နေတာပေါ့။ အကြောင်းအကြောင်းတွေ ထောက်နေတော့ပေါ့လေ။ နည်းနည်းတော့ အကျပ်အတည်းတော့ရှိနေတာပေါ့။ ဒါပေမယ့် အခုလောလောဆယ်က ကားတွေကလည်း မိုးတွင်းဘက်ဆိုတော့ လူနည်းနေတော့ သိပ်တော့မသိသာသေးဘူး။ ပွင့်လင်းရာသီမှာ ဈေးလေးနည်းနည်းကျဖို့ ပြန်မျှော်ရတာပေါ့။ မခံနိုင်တဲ့အခါကျတော့လည်း(ကားလက်မှတ်) တက်ရောင်းရတာပေါ့။”
သြဂုတ်လအစပိုင်းမှာ တဒေါ်လာကို မြန်မာကျပ် ၁၄၀၀ဝန်းကျင်ရှိခဲ့ပြီး 92 အောက်တိန်းတစ်လီတာကို ၉၀၀ ကျပ်ပါ။ အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေး မညီမျှမှုပြဿနာက ကမ္ဘာ့နိုင်ငံအများစုက ရိုက်ခတ်ခဲ့ပြီး စီးပွားရေး မတည်ငြိမ်သေးတဲ့ မြန်မာနိုင်ငံအနေနဲ့ပိုပြီး အထိနာခဲ့လို့ စက်တင်ဘာလ ၂၀ လောက်မှာ ဒေါ်လာ ဈေး က ၁၆၅၀ ကျပ်အထိ အမြင့်ဆုံးဖောင်းပွခဲ့ပါတယ်။ ဒေါ်လာနဲ့ဝယ်ယူရတဲ့ လောင်စာဆီဈေးနှုန်းလည်း လိုက်တက်ခဲ့ပြီး 92 အောက်တိန်းတစ်လီတာကို ကျပ် ၁၀၅၀ လောက်ထိတက်ခဲ့ပါတယ်။
ဒီနေ့ ရန်ကုန်လောင်စာဆီဈေးနှုန်းကတော့ 92 အောက်တိန်းတစ်လီတာကို ၁၀၃၅ ကျပ်၊ 95 အောက်တိန်းကို ၁၀၈၅ ကျပ်ရှိပြီး၊ ပရီမီယံဒီဇယ်က တလီတာကို ၁၀၇၅ ကျပ်ရှိပါတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ဒီထက်ပိုပြီးဈေးများပါတယ်။ ဒေါ်လာဈေးကတော့ ဒီနေ့အတွက် ဗဟိုဘဏ်သတ်မှတ်တဲ့နှုန်းကတော့ ၁၅၆၀ ကျပ်ဖြစ်ပြီး ပြင်ပပေါက်ဈေးမှာတော့ ကျပ် ၁၅၂၀ ဖြစ်ပါတယ်။