ရှမ်းပြည်တောင်ပိုင်းမှာ မုတ်သုန်မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီးနောက် မိုးဗြဲရေကာတာ သတ်မှတ်ရေချိန်ကျော်လို့ ဆည်ရေ ဖောက်ချခဲ့တဲ့အတွက် အဲဒီဒေသတဝိုက်က လယ်ယာဧက ထောင်ချီ နစ်မြုပ်ပျက်စီးခဲ့ရသလို နေအိမ်တွေ၊ တပိုင်တနိုင်မွေးမြူရေးလုပ်ငန်းတွေပါ ရေလွှမ်းပျက်စီးခဲ့ရပါတယ်။ စစ်ဒဏ်ခံနေရတဲ့ မိုးဗြဲဒေသက စစ်ဘေးဒုက္ခသည်တွေဟာလည်း ရေကြီးလို့ နောက်ထပ် ဘေးလွတ်ရာ ပြောင်း ခိုလှုံနေကြရတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြမှာပါ။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့လို့ မိုးဗြဲဆည် သတ်မှတ်ရေချိန်ကျော်သွားတာကြောင့် ဆည်မြောင်းဝန်ကြီးဌာနက မိုးဗြဲဆည်ရေ ဖောက်ချလိုက်တဲ့အတွက် မိုးဗြဲမြို့က လယ်ယာဧက ထောင်ချီ ရေနစ်မြှုပ်သွားခဲ့ပါတယ်။ ဖောက်ချလိုက်တဲ့ မိုးဗြဲဆည်ရေစီးရာတလျှောက်မှာ လယ်ယာမြေတွေ ရေလွှမ်းကုန်လို့ လယ်သမားတွေ ဒုက္ခရောက်နေကြတာကို ကိုယ်တိုင်ကြုံတွေ့ရသူ မိုးဗြဲမြို့ခံတယောက်က ခုလို ပြောပါတယ်။
“ရေက တော်တော်လေး ဖောက်ချပါတယ်။ ရေတအားများတော့ လယ်တွေ မြုပ်ကုန်ပြီလေ။ အင်းလေးကန်ကနေက မိုးဗြဲဆည်ကို ရောက်တယ်။ မိုးဗြဲဆည်က ဆည်ကို ကျော်တော့မယ် ဆိုပြီးတော့ သူတို့က ရေဖွင့်ချလိုက်တာပေါ့။ မဖောက်ချရင် ရေက ကန်ကိုကျော်တော့မှာပေါ့။ အဲ့ဒါအန္တရာယ်ရှိတယ်ဆိုပြီးမှ လုပ်ချလိုက်တာပေါ့။ ရေကမြုပ်လို့ စပါးတွေ ပုပ်ကုန်တယ်။ မိုးဗြဲလယ်က ဧကပေါင်း ထောင်ချီတော့ ပျက်စီးသွားတော့ ငါးကန်ရယ် အကုန်လုံးမြုပ်ကုန်တာပေါ့။”
မိုးဗြဲဆည်ရေ ဖောက်ချတဲ့ ဒဏ်ကို စစ်ပြေးဒုက္ခသည်တွေလည်း ခံနေကြရပါတယ်။ မြစ်ချောင်းနံဘေးတွေမှာ အဆင်ပြေသလို စစ်ဘေးတိမ်းရှောင်နေကြရသူ ၅၀၀ လောက် ရေကြီးတဲ့ဒဏ်ခံနေရတဲ့အတွက် နေထိုင်လို့ မရပဲ ရေဘေးလွတ်ရာ နေရာတွေကို ထပ်ပြီး ပြောင်းရွှေ့ ခဲ့ကြရတယ်လို့ မိုးဗြဲစစ်ဘေးရှောင်တဦးက ပြောပါတယ်။
“ရေတွေကြီးတယ်။ ရေဘေးရှောင်နေလည်း မရှိတော့ပါဘူးဗျ။ ရေတွေဖောက်ထားတော့ စစ်ရှောင်တွေ ချောင်းနံဘေးမှာ တောက်လျှောက်ရှိတဲ့အခါကျတော့ ရေကြီးလာလို့ အကုန်အဆင်ပြေတဲ့ ဒီလိုနေရာတွေ အဆင်မပြေတော့ဘူး။ အကုန်လုံး ရွှေ့ပြောင်းရတာပေါ့။”
မိုးဗြဲဆည် မြောက်ဘက်မှာ တည်ရှိတဲ့ အင်းလေးကန်ဘက်မှာတော့ နှစ်စဉ်ကျင်းပတဲ့ ဖေါင်တော်ဦး ဘုရားပွဲကို ဒီနှစ်မှာ ပြန်ပြီး စည်စည်ကားကား ကျင်းပနေတာပါ။ အင်းလေးကန်ဟာ မိုးဗြဲဆည်နဲ့ တဆက်တည်းဖြစ်ပြီး ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်ကယားပြည်နယ် ဘီလူးချောင်းအတွင်း စီးဆင်းနေတာပါ။
မိုးဗြဲဆည်ရေဖေါက်ချမှုကြောင့် စိုက်ပျိုးမြေတွေ ရေလွှမ်းပြီး ဒေသခံတွေ စစ်ရှောင်တွေ ရေဘေးသင့်နေတာအတွက် ကယ်ဆယ်ကူညီရေး လုပ်ဆောင်မှုတွေကို သိရဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကိုရော ကယားပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ကိုပါ ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်လက်ခံ ဖြေဆိုတာ မရှိပါဘူး။
ကယားပြည်နယ် ဘီလူးချောင်းအနီးအနားမှာ နေထိုင်တဲ့ ဒေသခံတဦးကတော့ အခုလို ရေနစ်မြှုပ်နေ တာက နှစ်ပတ်ကျော်ကြာ နေပြီ ဖြစ်ပြီး တောင်သူတွေ ဒုက္ခရောက်နေကြပါတယ်။
“စပါးတွေက တချို့က မမှည့်သေးဘူး။ ရိတ်လို့အဆင်မပြေသေးဘူးပေါ့နော်။ အဲ့ဒါကို စောင့် စောင့်ရင်းနဲ့ ရိတ်ရမယ့်ကာလကိုရောက်တဲ့အချိန်မှာပဲ မိုးကြီးတာလည်း ပါတယ်။ နောက် ဒီမိုးဗြဲရေကာတာမှာကျတော့ သတ်မှတ်ထားတဲ့ ရေချိန်ထက်ကျော်သွားတော့ ဖောက်ချလိုက်တာပေါ့နော် မြောင်းတွေကို၊ အကုန်လုံး ဘေးသုက္ခ ဒုက္ခတွေ ဖြစ်ကုန်တာပေါ့နော်။ တချို့ကျတော့လည်း လှေနဲ့ လိုက်ပြီးတော့ ရသလောက်ပြန်လိုက်ဆယ်တဲ့ လူတွေလည်း ရှိတယ်ပေါ့နော်၊ လူငှါးလို့မရတော့ဘူး ဘာလို့လဲဆို အန္တရာယ်များတယ်လေ၊ ရေထဲမှာဆိုတော့ တချို့က မရိတ်ချင်ကြဘူးပေါ့နော်။ ရေထဲမှာပဲ စမ်းတဝါးဝါးရိတ်ပြီးမှ ရသလောက်လေ ပြန်သိမ်းရတယ် တောင်သူတချို့လည်း ရှိတယ်ဗျဟုတ်။ မိုးဗြဲမှာဆိုရင် ကြက်မွေးထားတဲ့ ခြံတွေပါသွားတာရှိသလို ငါးမွေးထားတဲ့ ခြံတွေလည်း အဲ့လိုမျိုး ငါးတွေက လွတ်ကုန်တာပေါ့။”
ဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် နေထိုင် စားသောက်ရေး အစစ ခက်ခဲနေချိန်မှာ ရေကြီးတဲ့ ဒဏ်ခံနေရတာ ဖြစ်ပြီး အာဏာပိုင်တွေက မိုးဗြဲဆည်ရေကို နောက်ထပ် ရေဖောက်ချရနိုင်ခြေရှိတာကြောင့် အနိမ့်ပိုင်းဖြစ်တဲ့ ကျေးရွာတွေကို ပြောင်းရွှေ့ခိုင်းထားတယ်လို့ ဘီလူးချောင်းနံဘေး နေထိုင်သူတဦးက ပြောပါတယ်။
“ရေကြီးတာ ဒီဖက်မှာ နှစ်ပတ်လောက်ရှိပြီ။ အဓိက ဘီလူးချောင်းရေနံဘေးမျိုးပေါ့နော်။ တောက်လျှောက်ရေမြှုပ်ပါတယ်။ ရေက မြှုပ်တာ စပါးတောင်မှ အကုန်လုံးမြှုပ်တာပေါ့။ စပါးတွေ ပြောင်းဖူးတွေ အိမ်တွေ မြှုပ်တာလည်း ရှိတယ်ရှင့်။ (ဆည်ရေ)ထပ်ဖောက်ဖို့ရှိသေးတယ်ရှင့်။ နိမ့်တဲ့ ကျေးရွာတွေမှာ ရွှေ့ခိုင်းထားတယ်။”
ဘုရားဖြူး၊ ဘရားနီ၊ ဝါရီကောခူး၊ စံပြကျေးရွာအုပ်စု၊ ဒေါပေါကလဲကျေးရွာအုပ်စုစတဲ့ ရှမ်း-ကယားနယ်စပ်က ဘီလူးချောင်းတလျှောက် ခန့်မှန်း လယ်ယာဧက တစ်သောင်းဝန်းကျင်ရှိပြီး အကုန်လုံးနီးပါး ရေနစ်မြှုပ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် လက်ရှိ လွိုင်ကော်မြို့ ဘီလူးချောင်းနဲ့နီးတဲ့ အနိမ့်ရပ်ကွက် ၄ ခုထက်မနည်း ရေဝင်နေပြီလို့ ဆိုပါတယ်။
တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်က ဒေသခံအများစုက စစ်ဘေးရှောင်လိုက်၊ နယ်မြေတည်ငြိမ်ရင် နေရပ်ပြန်လာလိုက်၊ ဒီလို တိုက်ပွဲတွေကြားမှာ စားနပ်ရိက္ခာဖူးလုံရေးအတွက် မိုးစပါးကို အဓိက အားထား စိုက်ပျိုးနေကြပါတယ်။ အခုလို စပါးတွေပျက်စီးလို့ နောက်နှစ် စားနပ်ရိက္ခာ ပိုမိုကျပ်တည်းလာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။