ကရင်နီဒေသကနေ ထွက်ပြေးခဲ့ကြတဲ့ စစ်ပြေးဒုက္ခသည်တွေ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံဘက်မှာ ဆက်လက် ခိုလှုံခွင့်မရတော့လို့ ပြည်တွင်းကို ပြန်ဝင်လာနေကြတာ အခုဆိုရင် လူဦးရေ ၈၀၀ ကျော်သွားပြီလို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ ဒီစစ်ပြေးဒုက္ခသည်တွေ အနေနဲ့ ကိုယ့်အိမ်ကိုယ့်ယာ ပြန်နိုင်တဲ့ အခြေအနေ မရှိသေးဘဲ နယ်စပ်မှာပဲ ယာယီတဲထိုးပြီး ဖြစ်သလို နေကြရသလို၊ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ သတင်းပေးပို့ချက် အပြည့်စုံကို မဆုမွန် က တင်ပြပေးပါမယ်။
ကရင်နီဒေသတွင်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် နယ်ချင်းစပ်နေတဲ့ ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဟောင်ဆောင်မှာ ထွက်ပြေး ခိုလှုံနေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် စက်တင်ဘာလ ပထမ အပတ်ကတည်းက မြန်မာပြည်ဘက်ခြမ်းကို တဖြည်းဖြည်းချင်း ပြန်လာနေကြတာပါ။ အခုရက်ပိုင်းအတွင်း ပြန်လာသူ ၈၀၀ ကျော် ရှိသွားပြီးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
ဒီလို ထိုင်းနိုင်ငံဘက်မှာ ဆက်လက် ခိုလှုံခွင့်မရတော့လို့ ပြန်လာကြရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာလည်း ကိုယ့်အိမ်ကိုယ့်ယာ ပြန်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ သူတို့ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသေးတာကြောင့် နယ်စပ်တလျှောက် ယာယီ ဒုက္ခသည်စခန်းတွေမှာပဲ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေဘဝနဲ့ ရှိနေကြတာပါ။
တချို့က ထိုင်းနိုင်ငံထဲ ထွက်မပြေးခင် အစောပိုင်း သူတို့ခိုလုံခဲ့တဲ့ နယ်စပ် IDP စခန်းတွေမှာ ပြန်လည် နေထိုင်ကြတာ ရှိသလို၊ နေစရာ အမိုးအကာမရှိ နေထိုင်နေရသူတွေလည်း အများအပြား ရှိနေတဲ့အကြောင်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုဗညားက ပြောပြပါတယ်။
“ ၈၃၀ ကျော်သွားပြီ ပြောတယ်။ ပြန်လာတယ်လေနော်။ ၈၃၀ ကျော်သွားပြီ။ နောက် အခုပြန်နေတဲ့ နေရာက ဟုတ်တယ် အရင်က သူတို့ ပြန်နေခဲ့တဲ့ နေရာပဲ။ ဥပမာ ဒုက္ခသည်စခန်း အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇) ဆိုပြီး ရှိတယ်ပေါ့နော်။ သူတို့က အရင်က နေခဲ့တဲ့ ၁၊ ၂၊ ၃ မှာပဲ ပြန်နေတာ များတယ်။ တချို့လူကတော့ အဲ့ဒီအဟောင်းနေရာကနေ ထိုင်းထဲဝင်သွားတယ်။ အဲ့ဒီကနေ တချို့ပြန်လာတယ်။ စခန်းဟောင်းမှာ နေခဲ့ဖူးသူက အခု သူ့အိမ်မှာ သူ ပြန်နေတယ်ပေါ့နော်။ သူ့စခန်းမှာ သူပြန်နေတယ်။ ဒါပေမဲ့ တချို့ လူတွေက လူအသစ်ဖြစ်တော့ ပြန်ပြီးတော့မှ အမိုးအကာတွေ အဆောက်အဦးတွေ အသစ်ပြန်ဆောက်တယ်ပေါ့နော်။ လောလောဆယ် ကတော့ အဆောက်အဦး ဆောက်ဖို့အတွက် လိုအပ်တယ်။ အမိုးအကာ နည်းနည်း အခက်အခဲ ရှိမယ်။ စားရေးသောက်ရေး ကတော့ နည်းနည်းပါးပါး ပါလာသေးတယ်။ ရှိတာနဲ့ စားနိုင်တယ်ပေါ့နော်။”
အရင်က IDP စခန်းဟောင်းမှာ နေခဲ့ဖူးသူတွေအတွက် ယာယီတဲတချို့ ရှိနေသေးပေမဲ့ ပထမဆုံးအကြိမ် ရောက်လာတဲ့ ဒုက္ခသည်တွေ အတွက်ကတော့ အမိုးအကာရဖို့ ပိုခက်ခဲပါတယ်။ ယာယီ နေထိုင်လို့ရမယ့် နေရာထိုင်ခင်းတွေ လိုအပ်နေသလို၊ လတ်တလော ပါလာတဲ့ စားနပ်ရိက္ခာ တချို့ကလည်း မလုံလောက်တာကြောင့် ရေရှည်မှာ အခက်အခဲ ဖြစ်လာနိုင်တယ်လို့လည်း ကိုဗညားက ပြောပါတယ်။
ဒုက္ခသည်တွေ ကတော့ ထိုင်းနိုင်ငံဘက်မှာ နေချင်တာ မဟုတ်ပေမဲ့ လုံခြုံရေး အခြေအနေအရ ပိုပြီး စိတ်ချရလို့ ပြန် မလာချင်တာ ရှိသလို၊ တချို့ကလည်း နေရပ်မှာပဲ ပြန်နေချင်ကြတယ်လို့ စစ်ပြေးဒုက္ခသည်တဦးက ပြောပါတယ်။
“တချို့က ထိုင်းဘက်မှာ နေလို့ရှိရင် နည်းနည်း စိတ်ကျဉ်းကျပ်မှု ရှိသလို သူတို့ကလည်း တဲတွေ ရှိထားတော့ ကိုယ့်နေရာနဲ့ ကိုယ်ပြန်နေချင်တယ်။ အဲ့လိုမျိုးတွေ ရှိတယ်။ တချို့ကတော့ မပြန်နေချင်ဘူးပေါ့နော်။ လုံခြုံရေးကြောင့် တချို့က ပြန်မနေချင်ကြဘူးလေ။ ကြာလာတာနဲ့အမျှ စားဝတ်နေရေးက တော်တော်ခက်ခဲမယ်လို့ ကျနော် မြင်တယ်လေနော်။ အဲ့ဒါကို ပေးတဲ့ အလှူရှင်တွေ ရှိလို့ရှိရင်တော့ အဆင်ပြေတာပေါ့နော်။ အလှူရှင်က ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ပျောက်သွားမယ် ဆိုလို့ရှိရင်တော့ စားဝတ်နေရေး အတွက် နည်းနည်း အခက်အခဲရှိမယ် ထင်တယ်။”
နှစ်ဘက် တိုက်ပွဲ ပြင်းထန်တဲ့ ဒေသတွေမှာ ဒုက္ခသည်တွေ အရင်လို ပြန်နေထိုင်ဖို့တော့ လုံခြုံစိတ်ချရတဲ့ အခြေအနေ မရှိသေးပါဘူး။
မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ်(၁၀၀၄) နယ်ခြားစောင့် တပ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားဖြည့်တင်း အထိုင်ချထားပြီး စစ်ကောင်စီဘက်က စစ်ကြောင်းဆင် လှုပ်ရှားတဲ့အခါတိုင်း နှစ်ဘက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းလည်း ကိုဗညားက ပြောပါတယ်။ ဒါ့အပြင့် တိုက်ပွဲမရှိပေမဲ့လည်း စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခန ရှိနေတာကြောင့် ဒေသခံတွေအတွက် လုံခြုံမှုမရှိတဲ့အကြောင်း ဒေသခံတွေနဲ့ စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပြကြပါတယ်။