ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းမှာ ဗိုလ်မှူးကြီးခွန်ဥက္ကာ နာယကအဖြစ် ဆောင်ရွက်နေတဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က အဖွဲ့ဝင် ၅ ယောက်ကို တခြား ပအိုဝ်းတိုင်းရင်းသား အဖွဲ့တခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်ခဲ့တယ်ဆိုပြီး PLNO က စွပ်စွဲထားပါတယ်။ ဒီသတ်ဖြတ်မှုကို ကန့်ကွက်တဲ့အကြောင်းနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုထားပြီး စုံစမ်းစစ်ဆေးသွားမယ်လို့လည်း PNLO အဖွဲ့က တုံ့ပြန်ထားပါတယ်။ ဒီသတင်းကို ကိုစံကျော်က တင်ပြထားပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာမှာ ဒီလ ၁၄ ရက်နေ့က ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က လူ ၅ ယောက် သတ်ဖြတ်ခံခဲ့ရတာပါ။ PNLO အဖွဲ့ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ခွန်မင်းသိန်းက VOA ကို အခုလို ပြောပါတယ်။
“သူတို့ ပင်လောင်းဒေသခံတွေပါပဲ။ ပင်လောင်းဒေသခံ ကျနော်တို့ ကလေးတွေပါ။ သူတို့ ပင်လောင်းဘက် ပြန်တော့ အဲဒီဝါးပြုန်းရွာမှာ အဲဒီ PNO လာပြီးတော့ ဖမ်းသွားတာပေါ့။ ဖမ်းပြီးတော့မှ ပစ်သတ်လိုက်တယ်လို့ပဲ ကြားရတာပေါ့။ ဘယ်သူမဆို ဖမ်းပြီးမှ ပစ်ခတ်သတ်ဖြတ်တယ်ဆိုတာတော့ မဖြစ်သင့်ဘူးလေ နော်။ ဒါတော့ မလုပ်သင့်ဘူး။ နိုင်ငံတကာရဲ့ ဥပဒေအရရော၊ ဘာအရရော ဘယ်ရှု့ဒေါင့်က ကြည့်ကြည့် ဒါတော့ မဖြစ်သင့်တဲ့ ကိစ္စပေါ့နော်။ ကျနော်တို့ကတော့ ရရှိလာတဲ့ သတင်းအချက်အလက်အပေါ်မှာတော့ သူတို့ကို ဆက်သွယ် လိုက်တဲ့အခါ သူတို့က လက်လွန် ခြေလွန်ဖြစ်သွားတယ်ဆိုတဲ့အကြောင်း ပြန်ပြီးတော့ ပြောပြလာတာ ရှိပါတယ်။”
ဒီသတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဒီကိစ္စကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းသွားမှာဖြစ်ကြောင်းလည်း ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
သတ်ဖြတ်မှု ကျုးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO အဖွဲ့ဟာ ဦးအောင်ခမ်းထီခေါင်းဆောင်တဲ့ ပအိုဝ်း တိုင်းရင်းသားအဖွဲ့ ဖြစ်ပါတယ်။
PNO အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်သန်းကြွယ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်းနဲ့ ကျူးလွန်တာမှန်ကန်ရင် ပြေလည်အောင်ဖြေရှင်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။
“ကျနော် လိုက်စုံစမ်းနေတယ်။ လောလောဆယ် ကျနော် တပ်မှူးတွေ လိုက်မေးနေတယ်။ ဒီနေ့ကလည်း ကျနော်တို့ သင်တန်းဖွင့်ပွဲကြီးဖြစ်နေတာကို၊ သင်တန်းအမှတ်စဉ် ၄။ ဆိုက်ခေါင်ဘက်မှာ ရောက်နေလို့လေ ကျနော်။ တကယ်လို့ ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ ဖြေရှင်းကြမှာပေါ့ဗျာ။ ကျနော်တို့လည်း အတတ်နိုင်ဆုံးတော့ အဆင်ပြေအောင်။ ပြေလည်အောင်တော့ လုပ်ရမှာပေါ့ဗျာ။ ”
ဦးအောင်ခမ်းထီခေါင်းဆောင်တဲ့ PNO/PNA အဖွဲ့ဟာ ၁၉၉၁ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ထားတဲ့အဖွဲ့ဖြစ်သလို ပြည်သူ့စစ်အဖြစ် တပ်သားစုဆောင်းတာတွေလည်း တိုးမြှင့်လုပ်ဆောင်နေပါတယ်။
ဗိုလ်မှူးကြီးခွန်ဥက္ကာ နာယကအဖြစ် ဆောင်ရွက်တဲ့ PNLO/PNLA အဖွဲ့ကတော့ ၂၀၁၅ ခုနှစ်မှာ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားပြီး လက်ရှိမှာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
[Unicode Version]