ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တအန်းTNLAပူးပေါင်းတပ်တွေ အကြား တိုက်ပွဲပြင်းထန်နေပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့ ၂ရက်အတွင်းမှာ မိုးမိတ်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၄ခုကို သိမ်းယူခဲ့ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ တချိန်တည်းမှာတော့ လားရှိုးမြို့မှာ စစ်ကောင်စီနဲ့ MNDAA ပူးပေါင်းတပ်တွေ အကြား စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေသလို လားရှိုးကနေ စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လမ်းခရီးမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ရှမ်းမြောက်ဒေသ နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို ကိုစည်သူက ပြောပြမှာပါ။
ညီနောင်မဟာမိတ်တွေ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ ဒီနေ့ဆိုရင် ၁၅ရက်ကြာမြင့်လာပြီး ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်စခန်းတချို့ကို TNLA တအန်းအမျိုးလွတ်မြောက်ရေးတပ် က ထပ်မံ သိမ်းယူတာတွေရှိသလို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ဟာလည်း ကိုးကန့် MNDAA ပူးပေါင်းတပ်တွေရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်ဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒီ ၂ရက်အတွင်းမှာ မိုးမိတ်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၄ခုကို သိမ်းယူခဲ့ကြောင်း TNLA ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ဗွီအိုအေကို ပြောပါတယ်။
“ ဒီနေ့ကျတော့ နောင်ချိုမြို့မှာ ရှိတဲ့ ၆၀၆ တပ်စခန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ နောင်ချိုမှာရှိတဲ့ သဲကော်တပ်စခန်းတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပေါ်နေပါတယ်။ နောက်တခုဒီ မိုးကုတ်ဘက်မှာဆိုရင်တော့ ၅မိုင် တပ်စခန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီနေ့ မိုးမိတ်မှာဆိုရင်တော့ စစ်ကောင်စီရဲ့ သရက်တောတပ်စခန်းကို ကျမတို့ သိမ်းပိုက်နိုင်ခဲ့တယ်။ မနေ့မှာဆိုရင် မိုးမိတ်မှာရှိတဲ့ ဒီ လက်ခုပ်ပင်၊ လက်ခုပ်သံ၊ လယ်ကြီး တပ်စခန်းတွေမှာ ကျမတို့ သိမ်းပိုက်နိုင်ခဲ့တယ်။ ဒီနေ့ကျတော့ သရက်တော တပ်စခန်းကို ကျမတို့ သိမ်းပိုက်နိုင်ခဲ့တယ်။ ”
ဒါအပြင် ကျောက်မဲ ခမရ ၅၀၁ တပ်စခန်းမှာ တိုက်ပွဲဆက်လက်ဖြစ်နေကြောင်းနဲ့ တနင်္လာနေ့က သီပေါမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာရှိခဲ့ပေမဲ့ ဒီနေ့တော့ သတင်းတက်လာတာမရှိသေးကြောင်းလည်း ပြောပါတယ်။ လားရှိုးမြို့မှာတော့ စစ်ကောင်စီတပ်နဲ့ MNDAA ပူးပေါင်းတပ်အကြားမှာ တိုက်ပွဲဖြစ်ပွားနေတာ တပတ်ကြာမြင့်လာပြီဖြစ်ပါတယ်။
ဒီကနေ့မှာတော့ တိုက်ပွဲတွေ အတန်ငယ်ငြိမ်သက်နေပြီး အရင်ရက်က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ခမရ ၅၀၇ ရှိရာ ရပ်ကွက် ၅ ၊ မန်အိုင်ဘက်မှာတော့ MNDAA တပ်တွေ ဆုတ်သွားပြီး မြို့ပတ်လည်မှာတော့ ဆက်ရှိနေကြောင်း လားရှိုးမြို့ခံတဦးက အခုလို ပြောပါတယ်။
“အခုကတော့ လောလောဆည် ဒီနေ့ကတော့ ငြိမ်တယ်။ ဒါပေမဲ့ လေယာဉ်ကတော့ မိုးပေါ်မှာတော့ ပျံတာတော့ ရှိတယ်။ ဒါပေမဲ့ ပစ်ခတ်တာတော့ မရှိဘူး။ ၅၀၇ ဟိုနောက်မှာ မန်အိုင်၊ အေး မန်အိုင်မှာတော့ သူတို့ ပြန်ဆုတ်သွားပြီ။ အခြားနေရာမှာတော့ များတော့ များတယ်။ လားရှိုးပတ်ဝန်းကျင်မှာပေါ့။ ရှိတော့ ရှိတယ် ဒါပေမဲ့ အခုတော့ ငြိမ်နေတုံးပဲ။ ဒီမှာတော့ ပြေးတဲ့သူက ပြေးနေတုံးပဲ။ နေတဲ့သူက နေတယ်။ အသွားအလာတော့ သွားလို့ ရတယ်။ ဒါပေမဲ့ အရင်လိုတော့ မများတော့ဘူး။ လက်နက်ကြီးသံကြားရင်တော့ ဘုန်းကြီးကျောင်းမှာ သွား ရှောင်တာတွေလည်း ရှိတယ်ပေါ့။ အခုဒီ ရပ်ကွက် ၅၊ ရပ်ကွက် ၄၊ ရပ်ကွက် ၇ တွေတော့ ဘုန်းကြီးကျောင်းမှာတော့ လှိုဏ်ဂူထဲမှာပဲ နေတာ များတယ်။ သူတို့ ပြန်မထွက်ရသေးဘူး။ ”
လားရှိုးဈေးကြီးကတော့ ပိတ်ထားဆဲဖြစ်ကြောင်းနဲ့ သိန္နီဘက်ကို လားရှိုးကနေ လက်နက်ကြီနဲ့ ပစ်ခတ်တာတွေ ရှိနေကြောင်းလည်း ပြောပါတယ်။ တနင်္လာနေ့ မနက်ပိုင်းမှာ မြို့ခံပြည်သူအများအပြားက လားရှိုးကနေ ထွက်ခွာခဲ့ပါတယ်။
MNDAA က မနေ မနက်ပိုင်း ၆နာရီလောက်မှာ နောင်မွန်ရွာကို သိမ်းလိုက်ပြီးနောက် လားရှိုးကထွက်လာတဲ့ ကားတွေကို ၃နာရီကျော်ကြာ ဖြတ်သန်းခွင့် ပိတ်ထားခဲ့တာကြောင့် တိမ်းရှောင်သူ တဝက်ကျော်လောက်ဟာ ပြန်လှည့်လာရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက ပြောပါတယ်။
“မနေ့က ထွက်တဲ့ နှုန်းဆိုရင် အဲဒီထဲက တဝက်က ပြန်လှည့်ရတာလေ။ တဝက်တောင်မဟုတ်ဘူး။ သုံးပုံ တပုံပဲ လွှတ်လိမ့်မယ်။ သုံးပုံတပုံ၊ လေးပုံတပုံ၊ အဲလောက်ပဲ လွှတ်လိမ့်မယ်။ မနေ့ကတော့ မနက်ပိုင်းမှာတင် နောင်မွန်ရွာ၊ တိုက်နယ်ပေါ့။ အဲဒါကို ကိုးကန့်က သိမ်းလိုက်တော့ အဲမှာ ကားကို ပေးမဖြတ်ဘူး။ ၉နာရီ ကျော်ကျော်လောက် စပြီး ပြန်လွှတ်ပေးလိုက်တယ်။”
MNDAA က နောင်မွန်ကို သိမ်းယူလိုက်ချိန်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ရှိလာမှာကို စိုးရိမ်တာကြောင့် အရပ်သားတွေ ထွက်ခွာခွင့် တားမြစ်ထားတာလို့ သိရကြောင်းနဲ့ ဒီနေ့မနက်ပိုင်းမှာ ထပ်မံထွက်ခွာသူတွေ ရှိနေကြောင်း သူက ဆက်ပြောပါတယ်။
လားရှိုးမြို့ တပတ်ကြာ တိုက်ပွဲအတွင်းမှာတော့ အရပ်သား သေဆုံးသူ အနည်းဆုံး ၁၄ ဦးခန့်ရှိကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ ဗွီအိုအေအနေနဲ့ သေဆုံးသူအရေအတွက် သီးခြားစုံစမ်းလို့ မရသေးပါဘူး။ TNLA ကတော့ ရှမ်းမြောက်ဒေသ တိုက်ပွဲ ၂ပတ်တာကာလအတွင်း အရပ်သား ၅၀ခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၆၇ဦးခန့်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ လားရှိုးတိုက်ပွဲနဲ့ပတ်သက်ပြီး MNDAA က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။
Forum