စစ်ရေးတင်းမာနေတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှာ ရက်သတ္တပတ်အတွင်း စစ်တပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ဘုတလင်ဘက်မှာလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း နေအိမ်မီးရှို့ခံရတာတွေ ရှိနေပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ရန်ကုန်ကသတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။
စစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တာကြောင့် နိုဝင်ဘာ ၂ ရက်ကနေ ၇ ရက်အထိ ၅ ရက်အတွင်း အရပ်သား ၄ ဦး သေဆုံးပြီး ထိခိုက်သူတွေရှိတယ်လို့ ဒေသခံတွေက ပြောတာပါ။
စစ်တပ်ဘက်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေသလို လေကြောင်းကနေ ပစ်ခတ်တာတွေလည်းရှိခဲ့တယ်လို့ မတ္တရာဒေသခံတဦးက အခုလို ပြောပါတယ်။
"၂ ရက်နေ့က မတ္တရာဘက်က လက်နက်ကြီးထုတဲ့ဟာက ပြည်သူတွေအထိအခိုက်တွေရှိတယ်ခင်ဗျ။ သေဆုံးတာတွေလည်းရှိတယ်ပေါ့နော်။ အသက်ကြီးပိုင်းထဲက ၂ ယောက် သေဆုံးသွားတာတွေ့ရတယ်။ လေကြောင်းတိုက်ခိုက်တာက ၄ ရက်နေ့က တိုက်ခိုက်သွားတာ။ ၄ ရက်နေ့က မတ္တရာရဲ့ အနောက်ဘက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်သွားတယ်။ ၂ ကြိမ် ၃ ကြိမ် ပြုလုပ်သွားတယ်။ ပြည်သူ ၃ ယောက်တော့ အထိအခိုက်ရှိတယ်ပေါ့နော်။ အင်္ဂလိပ်လို ၇ ရက်နေ့မှာ လက်နက်ကြီး မတ္တရာ ဘက်ကလည်းထုတယ်။ စခန်းထောင့်တို့ဘက်ကလည်းထုတယ်။ အဲ့လိုထုတဲ့နေရာမှာ ပြည်သူ ၃ ယောက်ပေါ့ မှန်တယ်။၂ ယောက်ကတော့ ဆုံးသွားတယ်ပေါ့နော်။ စကစ ဘက်က မတ္တရာ အနောက်ခြမ်းမှာ အင်အားအများအပြားနဲ့ (စစ်ကြောင်း) ထိုးနေတာ တွေ့ရတယ်ခင်ဗျ။"
စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ကျေးရွာတွေမီးရှို့ခံရတာတွေရှိပြီး စစ်ကြောင်းတွေရှိတဲ့အတွက် အရေအတွက်အတိအကျ သိရဖို့ ခဲယဉ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ်နေရာတော်တော်များများကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်တပ်ဘက်ကလည်း နယ်မြေစိုးမိုးဖို့အတွက် စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေရှိနေတာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဘုတလင်ဘက်မှာလည်း စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပြီး ဖမ်းဆီးခံရတဲ့ ဓားစာခံအချို့ ပြန်လည် လွတ်မြောက်လာတာတွေရှိနေသလို ဖမ်းဆီးခံထားရသူတွေလည်း ဆက်ရှိနေပါတယ်။
နိုဝင်ဘာ ၇ ရက်မှာတော့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ ၃ မိုင်အကွာမှာရှိတဲ့ သားဖန်းရွာကို မီးရှို့ခဲ့လို့ နေအိမ် ၃၂ လုံးမီးလောင်ကျွမ်းခဲ့ပါသေးတယ်။ ဘုတလင်မြို့နယ်ထဲက အခြေအနေတွေကိုဒေသခံတဦးပြောတာကတော့
"မနေ့က ရှို့တာ ညနေပိုင်းပေါ့။ သားဖန်းရွာပါ အိမ်ခြေ ၃၂ လုံးပါ။ သူတို့က ဘုတလင် တနယ်လုံးကို (စစ်ကြောင်း) ထိုးမယ့် အနေအထားရှိတယ်။ (ဓားစာခံ) ၂၀ လောက်ကတော့ ပြန်လွတ်ပြီ။ ကျန်တဲ့ ၄-၅-၆၀ လောက်တော့ ကျန်အုံးမှာ။ (ဖမ်းဆီးခံရ) သူတို့တွေက ရွှေ့လျား စစ်ကြောင်းထဲမှာ အကုန်ပါနေတာဖြစ်တယ်။ ပြန်လွတ်လာတဲ့ သူတွေက သူတို့ကိုတော့ ဘာမှ မလုပ်ဘူး။ ဒါပေမယ့် ရွာတရွာဝင်ရင် လုယက်တဲ့အဖွဲ့က လုယက်တဲ့အဖွဲ့ သူတို့မသိရဘူးပေါ့။ သတ်တဲ့အဖွဲ့က သတ်တဲ့အဖွဲ့ သူတို့မသိရဘူး။ ဒါပေမယ့် သတ်တာ ပြုတာတွေကို စကားတွေပြောလို့ ကြားခဲ့ရတယ်။"
ပြန်လည် လွတ်မြောက်လာသူတွေရဲ့ ဆက်သွယ်ပေးမှုနဲ့ ဘုတလင်မြို့နယ် နယ်မြေရှင်းလင်းရေးမှာ တာဝန်ရှိတဲ့ ဒုတိယ စစ်ကြောင်းမှူးဆိုသူနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဖုန်းပြောခွင့်ရခဲ့ပြီး နယ်မြေရှင်းလင်းပြီးပါက ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးမယ်လို့ စစ်ကြောင်းမှူးက ပြောဆိုတဲ့ အကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သလို ဖမ်းဆီးထားသူတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်မှု တစုံတရာမရှိပါဘူး။ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က နယ်မြေရှင်း စစ်ကြောင်းထိုးနေတာ ၁ လကျော်ရှိလာတဲ့အချိန်မှာ အရပ်သား ၁ ဒါဇင်ထက်မနည်း သတ်ဖြတ်ခံထားရပြီး ရာနဲ့ချီတဲ့ နေအိမ်တွေလည်း မီးရှို့ခံထားရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံး ဖမ်းဆီးခံရတာတွေရှိခဲ့ပြီးတဲ့နောက် ဘုတလင်မြို့နယ်ထဲကို စစ်တပ်ဘက်က တကျော့ပြန် စစ်ကြောင်းထိုးနေတာလည်းဖြစ်ပါတယ်။
Forum