မြန်မာစစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခိုလုံခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေထဲက အယောက် ၅၀ ကျော် မဏိပူရပြည်နယ်ထဲမှာ ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်လို့ လူသားချင်း စာနာထောက်ထားပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ ဒုက္ခသည်ရေးရာ ကော်မတီ က တောင်းဆိုလိုက်ပါတယ်။ လတ်တလော မဏိပူရပြည်နယ်မှာ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်နေတာကြောင့် ဖမ်းဆီးခံရသူတွေအတွက် မိသားစုဝင်တွေကလည်း စိုးရိမ်နေကြပါတယ်။ သတင်းအပြည့်စုံကို ကိုစံကျော်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက် ဖိနှိပ်မှုတွေကြောင့် အိန္ဒိယနယ်စပ်ဖြတ် ခိုလှုံခဲ့ကြတဲ့ မြန်မာနိုင်ငံသား အယောက် ၈၀ ကျော်ကို မဏိပူရပြည်နယ်၊ မိုးရေးမြို့အနီးက ကျေးရွာတွေမှာ ဒီနှစ် နှစ်ဆန်းပိုင်းတုန်းက ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရသူ စုစုပေါင်း ၈၄ ယောက်မှာ အသက်မပြည့်တဲ့ ကလေး ၉ ယောက် အပါအဝင် လူ ၂၈ ယောက်ကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပြီး အချုပ်ခန်းအတွင်း တစ်ဦး သေဆုံးခဲ့ပါတယ်။ ကျန်တဲ့ လူ ၅၅ ယောက်ကတော့ အင်ဖာမြို့က ထိန်းသိမ်းရေး အချုပ်ထောင်မှာ ဆက်လက် ထိန်းသိမ်းခံနေရတာ ဖြစ်ပါတယ်။
မြန်မာပြည်တွင်း အကျပ်အတည်းတွေကြောင့် အိန္ဒိယနိုင်ငံကို ခိုလှုံလာသူတွေကို ခုလို ခက်ခဲနေချိန်မှာ လူသားချင်းစာနာထောက်ထားပြီး ပြန်လည်လွှတ်ပေး စေချင်တယ်လို့ မြန်မာနိုင်ငံ ဒုက္ခသည်များကော်မတီ (ကဘော်ဒေသ) နာယကလည်းဖြစ်၊ တမူးဒေသရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးထန်းဆေးက ပြောပါတယ်။
“ အခု အထဲမှာက အယောက် ၅၀ကျော်ကျန်သေးတယ်။ ကျနော်တို့ ဒီအချိန်မှာ ဘာအခက်အခဲ ထပ်ကြုံ ရလဲ ဆိုတော့ မဏိပူအစိုးရက သူတို့ လူမျိုးရေးပြဿနာဖြစ်ပြီးတော့မှ ပြည်နယ်အစိုးရရဲ့ ယန္တရားလည်ပတ်မှုက ရပ်ဆိုင်းသွားပြီ။ အဲဒီမှာ ကျောင်းတွေလည်းပိတ်၊ ဆေးရုံတွေလည်းပိတ်၊ ဆေးခန်းတွေလည်းပိတ်၊ တရားရုံးလည်း ပိတ်ဖြစ်သွားတဲ့အခါကျတော့ ကျနော်တို့ ရုံးချိန်းမှာ လုပ်ထားတဲ့ လုပ်ငန်းစဉ်လေးတွေ ဆက်လုပ်လို့ မရတော့ဘူး။ ရှေ့နေငှားထားပြီးသား အာမခံနဲ့ လွတ်မယ့်သူတွေလည်း ရှိတယ်။ လုပ်လို့ မရဘူး။ လူသားချင်းစာနာထောင်ထားမှုအရ ဒီဟာကို ပြန်သုံးသပ်ကြည့်ပြီးတော့မှ အိန္ဒိယအစိုးရအနေနဲ့ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ရာအတွက် မေတ္တာရပ်ခံတင်ပြတောင်းဆိုချင်တယ်လို့ ကျနော် ဒီလိုပဲ ပြောချင်ပါတယ်ဗျ။”
ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ လွတ်မြောက်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကိုလည်း တင်ပြထားပြီး NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယ အစိုးရနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို အရင်က နယ်စပ်မြို့ဖြစ်တဲ့ မိုးရေးမြို့မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ရုံးတင် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မေလဆန်းကဖြစ်ပွားခဲ့တဲ့ ကသည်းနဲ့ ကူကီးလူမျိုးစုတွေအကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ပိုင်းမှာတော့ မဏိပူရပြည်နယ်မှာ အစိုးရ လုပ်ငန်းယန္တရားတွေလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။
ဖမ်းဆီးခံထားရသူတစ်ဦးရဲ့ ဇနီးကတော့ အချုပ်ကျနေသူတွေထဲမှာ ကူကီးလူမျိုးတွေ ပါဝင်တာကြောင့် အင်ဖာထိန်းသိမ်းရေးစခန်းကို ကသည်းလူမျိုးတွေ မကြာခန လာဝိုင်းတယ်ဆိုတဲ့ သတင်းတွေ ကြားတာကြောင့် စိုးရိမ်မိကြောင်းပြောသလို သူတို့ကို မြန်မာနိုင်ငံဘက် လွှဲပြောင်းမှာကိုလည်း စိုးရိမ်ကြောင်း ပြောပါတယ်။
“ ကျမ အမျိုးသားတို့ ထောင်ကိုလည်း ၃ခါလောက်ရှိပြီတဲ့။ ကသည်းတွေ လာလာပြီးမှ ဝိုင်းတယ်။ တောင်းဆိုတယ် ပေါ့နော်။ လုံခြုံမှုက လုံး၀ မရှိဘူး။ စိုးရိမ်တာပေါ့ရှင်။ ပြန်ပို့တာလည်း လုံးဝ မဖြစ်နိုင်တဲ့ အနေအထားပါရှင်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားပါ။”
ကသည်းနဲ့ ကူကီးလူမျိုးစု အဓိကရုဏ်းမှာ လူ ၁၀၀ လောက် သေဆုံးပြီး ၄၀၀ ကျော်လောက် ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ဒီပဋိပက္ခအတွင်း မိုးရေးမြို့က ကသည်းလူမျိုးအချို့လည်း မြန်မာနိုင်ငံဘက်ကို တိမ်းရှောင်ခိုလှုံရတာတွေ ရှိခဲ့ပါတယ်။မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်တဲ့ ဒုက္ခသည် ၄ သောင်း၊ မဏိပူရ ပြည်နယ်မှာ ၅ ထောင်ကျော်နဲ့ နယူးဒေလီမှာ ၂ ထောင်ကျော်လောက် ရှိမယ်လို့ ဒုက္ခသည်အရေး လေ့လာသူတွေက ခန့်မှန်းထားပါတယ်။