(Zawgyi / Unicode)
အဝေးရောက် တိဘက်အစိုးရ အကြီးအကဲရဲ့ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် အမေရိကန်သမ္မတ အိမ်ဖြူတော်ကို သောကြာနေ့က သွားရောက်ခဲ့ပြီး ဒါဟာဆိုရင် တရုတ်အတွက် မကျေနပ်စရာကိစ္စတခု ဖြစ်လာနိုင်ပါတယ်။ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် အမေရိကန်က ကြိုးစားနေတယ်လို့ တရုတ်က စွပ်စွဲထားတာပါ။
အမေရိကန်ရဲ့ တိဘက်အရေး အထူးတာဝန်ခံအဖြစ် အသစ်ခန့်အပ်ခံရသူ Robert Destro နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဝေးရောက် တိဘက်အစိုးရ CTA ရဲ့ သမ္မတ Lobsang Sangay က ပြောပါတယ်။
အမေရိကန်သမ္မတနဲ့ ဒုတိယသမ္မတရုံးက ကိုယ်စားလှယ်တွေနဲ့အတူ အာရှ၊ တရုတ်ရေးရာကိစ္စတွေ ဆောင်ရွက်နေကြတဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ကြောင်း အဝေးရောက် တိဘက်အစိုးရ သမ္မတ Sangay က ဗွီအိုအေကို ပြောပါတယ်။
“တိဘက် ဘာသာရေးခေါင်းဆောင် Dalai Lama က သူ့ရဲ့ နိုင်ငံရေးအာဏာကို အဝေးရောက် တိဘက်အစိုးရအဖွဲ့ကို လွှဲပြောင်းပေးမှု၊ နောက် ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ ခေါင်းဆောင်ပိုင်းနဲ့ အဝေးရောက် တိဘက်အစိုးရအပေါ် တရားဝင် အသိအမှတ်ပြု လေးစားမှု ရှိနေတာကို သိရတဲ့အတွက် ကျေနပ်ဂုဏ်ယူကြောင်း” Lobsang Sangay က ဗွီအိုအေ တိဘက်ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။
တိဘက်ဒေသမှာ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းမှု လမ်းခုလတ်ကို ရောက်နေတဲ့ အရေးပေါ်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
အခုလို ထူးထူးခြားခြား တွေ့ဆုံဆွေးနွေးမှုဟာဆိုရင် အမေရိကန် တာဝန်ရှိသူတွေနဲ့ အဝေးရောက် တိဘက်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် အပြုသဘောဆောင်တဲ့ ရှုမြင်ချက်မျိုး ဖြစ်စေပြီး လာမယ့်နှစ်တွေမှာ ပိုပြီး တရားဝင် ဖြစ်လာစေမယ်လို့လည်း အိန္ဒိယနိုင်ငံ Dharamshala အခြေစိုက် အဝေးရောက် တိဘက်အစိုးရက ပြောဆိုထားပါတယ်။
ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံရဲ့ ဆက်ဆံရေးက ဆယ်စုနှစ်တွေအတွင်း မပြေလည်ဆုံး အခြေအနေကို ရောက်နေတဲ့ တရုတ်နဲ့ အမေရိကန်ကြား တိဘက်ကိစ္စက အငြင်းပွားစရာတခု ဖြစ်လာတယ်လို့လည်း Reuters က ဖော်ပြပါတယ်။
တရုတ်အစိုးရဟာ တိဘက်တွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ စွပ်စွဲပြီး တိဘက်ဒေသအတွက် ပိုပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိရေးကို အမေရိကန်က ထောက်ခံကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောဆိုထားတာပါ။
အမေရိကန်ဟာ တိဘက်ကိုသုံးပြီး တရုတ်နိုင်ငံတွင်း ခွဲထွက်ရေးဝါဒကို မြှင့်တင်နိုင်ရေး ကြိုးစားနေတယ်လို့ တရုတ်အာဏာပိုင်တွေကလည်း စွပ်စွဲထားပြီး အမေရိကန်ရဲ့ တိဘက်ဆိုင်ရာ အထူးတာဝန်ခံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ငြင်းပယ်ထားပါတယ်။
----------------------------
(Unicode)
အဝေးရောကျ တိဘကျအစိုးရ အကွီးအကဲ ကနျသမ်မတအိမျဖွူတောျ သှားရောကျဆှေးနှေး