(Zawgyi/Unicode)
အမေရိကန် အစိုးရက လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးကို တိဘက်ရေးရာ အထူးတာဝန်ခံ ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်လိုက်တာဟာ တိဘက်ဒေသကို မတည်မငြိမ်ဖြစ်ဖို့ ရည်ရွယ်တာလို့ တရုတ်နိုင်ငံက ကြာသပတေးနေ့က စွပ်စွဲလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Robert Destro ကို တိဘက်ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့တာပါ။ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရ တက်လာတဲ့ ၂၀၁၇ ခုနှစ်က စလို့ လစ်လပ်နေတဲ့ ဒီ ရာထူးနေရာမှာ Destro ကို ပူးတွဲ တာဝန်ပေးလိုက်တာ လည်း ဖြစ်ပါတယ်။
ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တာလို့ ဆိုပြီး တိဘက်ဆိုင်ရာ အမေရိကန် ညှိနှိုင်းရေးမှူးနဲ့ ထိတွေ့ ဆက်ဆံဖို့ တရုတ်နိုင်ငံက တစ်စိုက်မတ်မတ် ငြင်းဆန်နေခဲ့တာပါ။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Zhao Lijianက တိဘက်အရေးဟာ တရုတ်ပြည်တွင်းရေးဖြစ်ပြီး နိုင်ငံခြား စွက်ဖက်မှုကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ကုန်သွယ်ရေးကိစ္စ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင် တရုတ်ပင်လယ်၊ လူ့အခွင့်အရေးနဲ့ ကိုရိုနာဗိုင်းရပ် ကိစ္စတွေကြောင့် တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး ဆယ်စုနှစ်တွေထဲ အကျဆင်းဆုံး အချိန်မှာ အခုလို တိဘက် အထူးတာဝန်ခံ ညှိနှိုင်းရေးမှူးကို အမေရိကန်အစိုးရက ခန့်အပ်လိုက် တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား ဒါမှမဟုတ် သူ့ရဲ့ ကိုယ်စားလှယ်တို့အကြား နှစ်ဖက် ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့၊ တိဘက်ရဲ့ ထူးခြားတဲ့ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ တိဘက်တန် ဘာသာစကားကို အကာအကွယ်ပေးဖို့၊ လူ့အခွင့်အရေးတွေ လေးစား လိုက်နာလာစေဖို့ လက်ထောက်ဝန်ကြီး Destro က ဦးဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီး Pompeo က ပြောပါတယ်။
၁၉၅၀ ပြည့်နှစ်မှာ ငြိမ်းချမ်းတဲ့ လွတ်မြောက်ရေးလို့ ခေါ်ဝေါ်ပြီး တရုတ်နိုင်ငံက တိဘက်ဒေသကို စတင်ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။
.................
(Unicode)