ဆူဒန်က သောင်းချီတဲ့စစ်ဘေးဒုက္ခသည်တွေဟာ အိမ်နီးချင်းတိုင်းပြည်တွေကို ထွက်ပြေးနေကြရပြီး ဧပြီ ၁၅ ရက် စတင်တိုက်ခိုက်ကြကတည်းကဆိုရင် ချဒ် နိုင်ငံမှာ ဒုက္ခသည်ပေါင်း ၂ သောင်းကျော် ရောက်နေကြပြီလို့ ချဒ်နိုင်ငံရှိ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး ရုံး UNHCR က ဆိုပါတယ်။ လာမယ့်ရက်တွေမှာ လူတွေ ပိုရောက်လာကြမယ်လို့ UNHCR က မျှော်လင့်ထားကြောင်း ပြောပါတယ်။
ဆိုမာလီနိုင်ငံသား ၁၄၈ ယောက်ကလည်း ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ကို ရောက်ရှိလာခဲ့ကြတယ်လို့ ဆိုမာလီ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ တနင်္ဂနွေနေ့ က ပြောပါတယ်။ အများစုက ကျောင်းသားတွေဖြစ်ကြတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံသူ မလယ်မယ်မီးဟာလည်း Port Sudan မြို့မှာ သူမရဲ့ ဆော်ဒီ အိမ်ရှင်တွေနဲ့အတူ ပိတ်မိနေခဲ့တဲ့အတွက် ကယ်ဆယ်ရေးသင်္ဘောနဲ့ လိုက်ပါဆောင်ရွက်နိုင်အောင် ကူညီဆောင်ရွက်ပေးခဲ့တဲ့အတွက် ဂျက်ဒါမြို့ကို ၂၉-၄-၂၀၂၃ ရက် (စနေနေ့) ညပိုင်းက ရောက်ရှိသွားခဲ့ကြောင်း ရီရတ်ဒ်မြို့ မြန်မာသံရုံး က ပြောပါတယ်။
ချဒ်နိုင်ငံနဲ့ အိမ်နီးချင်းတိုင်းပြည်တွေကို ရောက်ရှိနေကြတဲ့ ဒုက္ခသည်တွေကို အခုကူညီနိုင်ဖို့ အရေးကြီးတယ်လို့ ချဒ်နိုင်ငံ UNHCR က အကြီးတန်း အရေးပေါ် ပေါင်းစပ်ညှိုနှိုူင်းရေးမှူး Brice Degla က ပြောပါတယ်။ ရက်သတ္တပတ် အနည်းငယ်အကြာ မိုးရာသီ စလာခဲ့ရင် လမ်းတွေပိတ်သွားမှာကြောင့်ရောက်ရာနေရာမှာ ပိတ်မိသွားကြမှာဖြစ်တယ်လို့ သူကဆိုပါတယ်။
စနေနေ့ကထုတ်ပြန်တဲ့ ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခုထိ လူပေါင်း ၅၂၈ ယောက် သေဆုံးပြီး ၄,၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဆူဒန်ရဲ့ ဒီမိုကရေစီအကူးအပြောင်းဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ စစ်တပ်က အာဏာသိမ်းတာကြောင့် ရပ်သွားခဲ့ရတာပါ။ အဲဒီ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး ၂ ယောက် ဦးဆောင်တဲ့စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့ ဧပြီလ ၁၅ ရက်ကစပြီး တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ နိုင်ငံတကာက ကြားဝင်စေ့စပ်ပြီး အပစ်အခတ်ရပ်စဲဖို့ ကြိုးစားကြပေမဲ့ ခုထိတော့ မအောင်မြင်သေးပါဘူး။