သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဖော်ဆောင်ချိန် သံယံဇာတထုတ်ယူမှု ဆိုင်းငံ့ရေး တိုင်းရင်းသားလူငယ် တောင်းဆို


တိုင်းရင်းသားလူငယ်များညီလာခံသတင်းစာရှင်းလင်းပွဲ
တိုင်းရင်းသားလူငယ်များညီလာခံသတင်းစာရှင်းလင်းပွဲ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်နေချိန်နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်မဖော်နိုင်တဲ့ ကာလမှာ အကြီးစားသံယံဇာတ ထုတ်ယူသုံးစွဲမှုစီမံကိန်းတွေကို ရပ်တန့်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံက သဘောထားထုတ်ပြန်လိုက်ပါတယ်။ ဒီလို စီမံကိန်းတွေ ရပ်တန့်ဖို့အတွက် အစိုးရကို တောင်းဆိုမှာဖြစ်သလို ၂၁ရာစုပင်လုံမှာလည်း တင်ပြသွားမယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

သဘာ၀ သံယံဇာတ ထုတ်ယူမှုနဲ့ပတ်သက်တဲ့ သဘောထားကို ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာ ၆ရက်ကြာ ကျင်းပတဲ့ ညီလာခံအပြီးမှာ ထုတ်ပြန်လိုက်တာပါ။

ဒီလိုတောင်းဆိုရတာဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ချိန်မှာ တိုင်းရင်းသားလူမျိုးတွေအကြား သံယံဇာတ ခွဲေ၀ သုံးစွဲရေးနဲ့ပတ်သက်ပြီး ပဋိပက္ခတွေ မဖြစ်ပေါ်စေဖို့ဖြစ်တယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီရဲ့ ပြောခွင့်ရသူ မင်းနှောင်းထောက အခုလို ပြောပါတယ်။

“ကျနော်တို့မြင်တာကလည်း တိုင်းရင်းသားနယ်မြေ တော်တော်များများမှာ စစ်ဖြစ်နေတယ်။ နောက် မြေယာသိမ်းတဲ့ ကိစ္စတွေလည်းဖြစ်နေတယ်။ အဲဒီကြားထဲမှာ စီမံကိန်းတွေကလည်း အများကြီးထွက်နေတယ်။ အဲဒါမျိုးတွေကို မဖြစ်စေချင်ဘူးပေါ့နော် ဘာကြောင့်လဲဆိုတော့ ဒါကလည်း ဖက်ဒရယ်ကိစ္စလို့ပြောရင် Resource sharing တွေပါလာမှာ။ အဲဒါပါလာတဲ့အခါကျရင် ဒီစီမံကိန်းတွေက ဝင်ထားတယ်ဆိုရင် တိုင်းရင်းသားအချင်းချင်းကြား Resource sharing၊ Resource allocation လုပ်တဲ့အခါကျရင် ခက်ခဲနိုင်တယ်ပေါ့နော်။ ဒီလိုယူဆချက်နဲ့ ဒါကို ရပ်ဆိုင်းသင့်တယ်၊ ရပ်ဆိုင်းပေးဖို့ကို ဒီသဘောထားကို ကျနော်တို့ ထုတ်ပြန်တာပေါ့။”

ဒီသံယံဇာထုတ်ယူသုံးစွဲမှုစီမံကိန်းတွေ ရပ်ဆိုင်းရေးအတွက် အစိုးရကို တောင်းဆိုမှာဖြစ်သလို ၂၁ရာစုပင်လုံ မှာလည်း တင်ပြသွားမယ်လို့ ဆက်ပြောပါတယ်။

“ဒါအစိုးရပိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်တာကို ။ အစိုးရပိုင်းကိုလည်း တောင်းဆိုမယ်ပေါ့ နောက်တခုက ၂၁ရာစုပင်လုံက သြဂုတ်လမှာစမယ်ဆိုတော့ ဒီတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆက်စပ်ပြီးတော့မှ ကျနော်တို့ က ဒီကိစ္စကို အရေးဆိုပေးဖို့လည်း ကျနော်တို့က တောင်းဆိုသွားမယ်ပေါ့နော်။”

KDNG ခေါ် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး ကိုဆားဂျီးက တိုင်းရင်းသားလူငယ်ညီလာခံက ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး သံယံဇာတထုတ်ယူသုံးစွဲရာမှာ လူထုဆန္ဒသဘောထားကို အခြေခံသင့်တယ်လို့ ထောက်ပြပါတယ်။

“စစ်မှန်တဲ့ နိုင်ငံရေးပြဿနာဖြေရှင်းမှ စည်းစနစ်ကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ နည်းဥပဒေတွေ အားလုံးလုပ်ပြီးမှပဲ ဖက်ဒရယ်ကို အခြေခံတဲ့ လုပ်ငန်းလိုင်စင်လုပ်ရမယ်။ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်း၊ အကြီးစားသတ္တုတွင်းစီမံကိန်းသည် သံယံဇာတ တွေကို သုံးစွဲမယ်ဆိုရင် ဒေသခံလူထုနဲ့ လူထူဘက်က ပါဝင်ဆွေးနွေးလို့ရတဲ့ ဆုံးဖြတ်ပါဝင်ခွင့်ရှိတဲ့ဟာ ဒီလိုမျိုးစဉ်းစားမှ ဒီ သဘာ၀ သံယံဇာတ စီမံခန့်ခွဲတဲ့အပိုင်းကို စတင်လုပ်ဆောင်တာ အကောင်းဆုံးပဲလို့ ကျနော်ပြောကြားလိုတာပေါ့နော်။”

ဇူလိုင်လ ၂၇ရက်နေ့ကနေ သြဂုတ်လ ၁ရက်နေ့ထိ ကျင်းပတဲ့ တိုင်းရင်းသားလူငယ်ညီလာခံကို တိုင်းရင်းသားလူမျိုး ၂၆မျိုးက ကိုယ်စားလှယ်တွေအပါအဝင် စုစုပေါင်း ၇၆၀ ကျော်တက်ရောက်ခဲ့ပြီး ၂၁ရာစုပင်လုံညီလာခံမှာ လူငယ်တွေ ပါဝင်ခွင့်ရရှိရေးအတွက်လည်း တောင်းဆိုထားပါတယ်။

ညီလာခံက ဆုံးဖြတ်ချက်တွေ တောင်းဆိုချက်တွေ အကောင်အထည်ဖော်ဖို့အတွက်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်မဟာမိတ်အဖွဲ့နဲ့ လုပ်ငန်းကော်မတီ ၇ခုကို ဖွဲ့စည်းခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG