အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံအတွက် ညှိနှိုင်းဆွေးနွေးနေချိန်မှာ တိုင်းရင်းသားနယ်မြေဒေသတွေအတွင်းမှာတော့ ပစ်ခတ် တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေဆဲရှိပါတယ်။ ဒီကနေ့မနက် အစောပိုင်းမှာဆို ကချင်ပြည်နယ်မှာ တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့သလို အရင်ရက်တွေကတော့ ရှမ်းပြည်နယ် အတွင်းမှာ ပလောင်၊ကိုးကန့်စတဲ့တပ်တွေနဲ့ အစိုးရ တပ်မတော်အ ကြားတိုက်ပွဲငယ်တွေဖြစ်ပွားခဲ့ပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒီကနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ နဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၉ဖွဲ့က ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ ဆွေးနွေးနေချိန် ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့တာပါ။
ဒီကနေ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကိုတော့ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ကပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူး ကြီး နော်ဘူက အခုလို ပြောပါတယ်။
" မြစ်ကြီးနား-ဗန်းမော် ကားလမ်းရဲ့ အနောက်ဘက်ပေါ့။ .. ရွာကြားမှာ ဒီမနက် ၅ နာရီ ၄၀ ကနေ ၇ နာရီကြားမှာ တိုက်ပွဲဖြစ်တယ်လို့ ကြားပါတယ်။ အဲ့ကနေ ဆက်ပြီးတော့ အပြန်အလှန် ပစ်ခတ်တာမှာ ညနေ တစ်နာရီလောက် အချိန်အထိ ဖြစ်တယ်လို့ ကြားပါတယ်။ အမ်အမ်တို့ အေကေဝမ်း တို့ နဲ့ ထုတယ်လို့ ကြားပါတယ်။"
ဇွန်လ ၂၂ရက်နေ့ကတော့ KIO ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လအပါအဝင် NCA လက်မှတ် မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၉ဖွဲ့ က ခေါင်းဆောင်တွေကို ဇူလိုင်လ ပထမပတ်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ဖိတ်ကြားထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ လကုန်ပိုင်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မှာ TNLA ခေါ် တအာန်း(ပလောင်) လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်အကြားမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော် က ပြောပါတယ်။
" မနေ့ကတော့ နမ့်ဆန်မြို့အနီး ကျေးရွာမှာ ဖြစ်တယ်။ နေ့လည် ၁၂ နာရီကနေ ၁ နာရီခွဲလောက်အထိဖြစ်တယ်။ အရင်ဘက် ကလည်း ဖြစ်တယ်။ ကျောက်မဲနယ် ဘက်မှာ ဖြစ်တယ်။ ကျောက်မဲမြို့နယ်ထဲမှာ အရင်ရက်တွေက နှစ်ရက် ၊ သုံးရက် ဆက်တိုက်ဖြစ်တယ်။
ဇွန်လ ၃၀ရက်နေ့ နမ့်ဆန်မြို့အနီး တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို နမ့်ဆန်မြို့ခံ တယောက်က အခုလို ပြောပါ တယ်။
" ဟုတ်ကဲ့ ။ မနေ့က ၁၂ နာရီကနေ ၁ နာရီအတိ ဖြစ်တယ်ခင်ဗျ။ နမ့်ဆန်ကနေ လှမ်းမြင်ရတယ်။ နမ့်ဆန်မြို့နယ် တောင်သုံးဆယ်နဲ့ မမ်နောက် ရွာကြားမှာ။ လက်နက်ကြီးနဲ့ပစ်တာ။ မမ်နောက်နဲ့ တောင်သုံးဆယ်ကြား ရောက်သွားတယ်။ ဘုန်းကြီးကျောင်းနားမှာ နှစ်လုံး၊ တောထဲမှာ တလုံး။ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူး။ အထိတ်တလန့်ဖြစ်ပြီး မြို့ပေါ် ပြေးတဲ့သူပြေး။ တောထဲ လက်ဘက်ခြံထဲ ပြေးတဲ့သူပြေး အဲ့လိုတော့ရှိတယ်။"
နမ့်ဆန်မြို့ခံက ဆွေးနွေးမယ့်အချိန် တိုက်ပွဲတွေ မဖြစ်စေဖို့ သူ့အမြင်ကို အခုလို ဆက်ပြောပါတယ်။
" အဓိက ကတော့ဗျာ တပ်မတော်ဘက်က ဆွေးနွေးနေပြီဆိုရင် အောက်ကို အမိန့်ပေးရမှာဗျ။ စစ်ကြောင်းတွေ ထိုးစစ်တွေ ရပ်ဖို့ အဖွဲ့တွေ မြို့နားကို သိပ်မကပ်နဲ့။ ဆွေးနွေးနေတဲ့အချိန်မှာ နှစ်ဖက်စလုံး လိုတာပေါ့။"
ဇွန်လ ၂၇ရက်နေ့က နမ္မတူမြို့နယ်အတွင်းမှာ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ အစိုးရတိုက်ပွဲဖြစ်ခဲ့သလို ရှမ်းတပ်ဖွဲ့နဲ့ ပလောင်တပ်အကြားမှာလည်း တိုက်ပွဲဖြစ်ခဲ့ပါ တယ်။ ရှမ်းပြည်တပ်မတော်တောင်ပိုင်းဟာ NCA ကိုလက်မှတ်ရေးထိုး ထားပြီး ပလောင်တပ်ဖွဲ့ ကတော့ လက်မှတ်ထိုးဖို့ ဖိတ်ခေါ်မခံရပါဘူး။
အခြား NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်မခံရတဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်အကြားမှာ ဒီရက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့ သလို နှစ်ဖက်တပ်တွေ အကြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ ရဲ့ တပ်မဟာ ၂၁၁က တပ်မဟာမှူး က ပြောပါတယ်။
" ကိုးကန့်မှာလည်း ၂၆၊ ၂၇ ၊ ၂၈ သုံးရက်ဆက်တိုက်ဖြစ်နေတယ်။ တာရွှေထန် အနောက်မှာ ရွာထဲမှာ။ သူတို့လာတာ။ ကျနော်တို့ထိုင်နေတဲ့နေရာ သူတို့လာနေတာ။ ထိုင်တဲ့နေရာ လာတယ်ဆိုရင် တိုက်ပွဲက ဖြစ်မှာပေါ့။ မနေ့ညနဲ့ ဒီနေ့ဆိုရင် တိုက်ပွဲမဖြစ်ဘူး။ ဒီအတိုင်းပဲ ထိုင်နေတယ်။"
ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်နေတာနဲ့ပတ်သက်ပြီး အစိုးရတပ်ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ တိုက်ပွဲဖြစ်နေတဲ့ ပလောင်၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေကို NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ဦးသိန်းစိန်အစိုးရက ဖိတ်ခေါ်တာ မရှိခဲ့သလို လောလောဆယ် မှာလည်း ဒီအဖွဲ့ (၃)ဖွဲ့ လက်နက်စွန့်မှ ငြိမ်းချမ်းရေး ဆွေးနွေး မှာဖြစ်ကြောင်း တပ်မတော်ဖက်က သတင်းထုတ်ပြန်တာတွေရှိခဲ့ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ ကတော့ ဒီအဖွဲ့ ၃ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ပြင်ဆင်နေသလို ဒီအဖွဲ့ ၃ဖွဲ့ကလည်း တွေ့ဆုံဖို့ ကမ်းလှမ်းလာရင်တော့ ဆွေးနွေးဖို့ အသင့်ရှိကြောင်း ပြောဆို ထားတာတွေ ရှိပါတယ်။