သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘောတူညီမှုမပါတဲ့ အပစ်ရပ်စဲရေး


အယ်ဒီတာနဲ့ဆွေးနွေးခန်း အစီအစဉ်မှာ မခင်ဖြူထွေးနှင့် အယ်ဒီတာဦးကျော်ဇံသာ (ဇန်နဝါရီလ ၁၇၊ ၂၀၂၄)
အယ်ဒီတာနဲ့ဆွေးနွေးခန်း အစီအစဉ်မှာ မခင်ဖြူထွေးနှင့် အယ်ဒီတာဦးကျော်ဇံသာ (ဇန်နဝါရီလ ၁၇၊ ၂၀၂၄)

တရုတ်စေ့စပ်ပေးတဲ့ ရှမ်းမြောက်အပစ်ရပ်စဲရေးဟာ အခုအချိန်ထိ ချိုးဖောက်ခံနေရဆဲ ဖြစ်ပါတယ်။ သဘောတူညီမှုမပါတဲ့ အပစ်ရပ်စဲမှုဟာ ရေရှည်တည်မြဲနိုင်မလား။ နိုင်ငံရေး သဘောတူညီမှုဆီကော ဦးတည်နိုင်ဖွယ် ရှိပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ မခင်ဖြူထွေးက ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။

မခင်ဖြူထွေး ။ ။ VOA ကို ကြည့်ရှုအားပေး နားဆင်နေကြတဲ့ ပရိသတ်များအားလုံး မင်္ဂလာပါရှင်။ အပတ်စဉ်တင်ပြပေးနေတဲ့ အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော အများအာရုံစိုက် စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ မြောက်ပိုင်းယာယီအပစ်ရပ်စဲရေးနဲ့ နောက်ဆက်တွဲ အခြေအနေတွေ၊ နောက် ရှေ့ဆက်အလားအလာ ဘာတွေဖြစ်လာမလဲဆိုတာကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ အယ်ဒီတာ ဦးကျော်ဇံသာနဲ့အတူ ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ မင်္ဂလာပါ။ အခုကတော့ ရှမ်းပြည်မြောက်ပိုင်းမှာတော့ အခု ဒီလ ၁၁ ရက်နေ့မှာပဲ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြားမှာ အပစ်ခတ်ရပ်စဲရေး ရယူလိုက်တယ်။ ဒါက ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ စစ်စခန်းတွေ၊ ဗျူဟာကုန်းတွေ ရာနဲ့ချီပြီး၊ နယ်မြေဒေသတွေပါ မြို့သိမ်းတိုက်ပွဲတွေပါ လုပ်ပြီးတော့မှ ရလာတဲ့ ယာယီအပစ်ခတ်ရပ်စဲဆိုပြီးတော့ ပြောတဲ့အခါမှာ တကယ့်ကို သတင်းကြီးတခုလို ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း ဒီလိုဖြစ်ပြီး နောက်တရက်မှာပဲ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်တယ်။ အပစ်ရပ်ပြီးတော့မှ ပြန်စတယ်ဆိုတာ ဘာကြောင့်များလို့ ပြောလို့ရပါသလဲရှင့်။

ဦးကျော်ဇံသာ ။ ။ အပစ်ရပ်ပေမဲ့ သူတို့ လိုချင်တာ မရကြဘူးလေ။ ဆိုတော့ စစ်ကောင်စီဘက်ကို ကြည့်မယ်ဆိုရင် သူတို့က နယ်မြေတွေ ဆုံးရှုံးထားတာတွေ ရှိတယ်။ အပစ်ရပ်တယ်ဆိုတဲ့နေရာမှာ ပထမဦးဆုံးက မင်း နောက်ကိုပြန်ဆုတ်၊ ငါလည် ပြန်ဆုတ်၊ ဒီမှာရပ်ကြမယ်ဆိုတဲ့ သဘောတူညီမှု မလုပ်ဘဲနဲ့ ဟိုဘက်ကရရှိထားတဲ့ အပေါ်စီးနဲ့ ရရှိထားတဲ့ အပစ်ခတ်ရပ်ရေး ဖြစ်နေတော့ စစ်ကောင်စီက သူလိုချင်တာကို မရလို့ ပြန်ပြီးတော့ တိုက်ချင်တဲ့သဘောလို့ မှတ်ယူရပါတယ်။ တကယ်တော့ အပစ်ရပ်စဲတယ်ဆိုတာ အဓိကအားဖြင့်တော့ အရပ်သားတွေ မထိခိုက်စေဖို့။ နောက်တခုက စာနာမှုအထောက်အပံ့တွေပေးဖို့အတွက် Humanitarian Ceasefire အဲဒီလိုမျိုး ရပ်စဲတာ ရှိတယ်။ အဲဒီလို သဘောတူညီမှုနဲ့ အမှန်တကယ် ရပ်စဲနိုင်မယ်ဆိုရင်တော့ ဒီအပစ်ခတ်ရပ်စဲရေးမှသည် နောင် နိုင်ငံရေးပြေလည်မှုအတွက်ကို လမ်းပွင့်သွားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အခုကြတော့ သူတို့မှာ တစုံတရာ သဘောတူညီချက် မရှိဘူး။ သဘောတူညီချက်မရှိဘဲ နောက်ပိုင်းဆွေးနွေးကြတာပေါ့ဆိုပြီး အဲဒီလို ရပ်လိုက်ရတာကြောင့် စစ်ကောင်စီဘက်က မကျေနပ်ဘူး ထင်ပါတယ်။ အဲဒါကြောင့် သူက ပြန်ပြီးတော့ တိုက်ချင်တဲ့သဘော ပြသတယ်လို့ ယူဆပါတယ်။


မေး ။ ။ အစည်းအဝေးကိုတက်တဲ့ လူတချို့ပြောတဲ့ထဲမှာလည်း စောစောက ဦးကျော်ဇံသာပြောခဲ့တဲ့အချက် ပါခဲ့ပါတယ်။ တဘက်နဲ့တဘက် တောင်းဆိုမှုတွေက တကယ်က ပြေလည်မှု မရှိဘဲနဲ့ တရုတ်ဘက်က ဖိအားကြောင့်သာ ယာယီအပစ်ရပ်လိုက်တယ်ဆိုတဲ့ သဘောဆိုတော့ အစမှာကတည်းက မခိုင်ဘူးဆိုတဲ့သဘောကလည်း အနည်းငယ်တော့ ပေါ်လွှင်နေတယ်လို့ ထင်ပါတယ်။ ဆိုတော့ အခုလိုမျိုး ယာယီအပစ်ရပ်လိုက်တဲ့အတွက်ကြောင့်လို့ ရှမ်းပြည်မြောက်ပိုင်းမှာတော့ ထိတွေ့တိုက်ပွဲတွေက အတန်အသင့် နည်းနည်းငြိမ်သွားတဲ့အနေအထား တွေ့ရတာပေါ့။ ဒီလိုဖြစ်တဲ့တချိန်တည်းမှာ ရခိုင်လိုနေရာမျိုး၊ ကချင်ဘက်တွေမှာ တိုက်ပွဲတွေက ဆက်ပြီးတော့ ပြန်ဖြစ်နေတယ်ဆိုတော့ ရှမ်းမြောက်မှာ အပစ်ရပ်ခြင်းက အခြားဒေသတွေမှာ ပိုပြီးတော့ ပြင်းထန်လာမယ့်အလားကို စောင်နေပါလားရှင့်။

ဖြေ ။ ။ အဲဒီလိုလည်း ပြောလို့ရပါတယ်။ ရှမ်းမြောက်မှာ တကယ်လို့ တိုက်စရာ မလိုတော့ဘူးဆိုရင် စစ်ကောင်စီကလည်း သူ့အင်အားတွေကို ဟိုဘက်မှာ ပုံအောနိုင်တဲ့သဘော ရှိတယ်။ ရခိုင်၊ ကချင်တို့ဘက်မှာ၊ အဲဒီလိုပဲ တွက်နိုင်ပါတယ်။ နောက်တခုကလည်း အပစ်ရပ်စဲမှုသည် နှစ်ဘက်သဘောတူညီမှု။ တကယ် အပစ်ရပ်တာ သုံးမျိုး ရှိတယ်။ တဘက်သတ် Humanitarian Ceasefire ရှိတယ်။ Bilateral Ceasefire ရှိတယ်, Multilateral Ceasefire ဘက်ပေါင်းစုံ အပစ်ရပ်စဲရေး ရှိတယ်။ အခုလုပ်တာကတော့ Bilateral ရှမ်းမြောက်မှာပဲ ရှမ်းမြောက်နဲ့ စစ်ကောင်စီနဲ့ အပစ်ရပ်တဲ့သဘော ဖြစ်တယ်။ ကျန်တဲ့ဒေသတွေအတွက် မပါဘူး။ အဲဒီဒေသတွေမှာ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်။ ရှမ်းမြောက်နဲ့ စစ်ကောင်စီနဲ့ ရပ်တာမှာတောင် တဘက်က သိပ်မရပ်ချင်ဘူးဆိုတော့ Unilateral ပုံစံ ဖြစ်သွားတာပေါ့။ အဲဒီလိုဖြစ်နေတာတော့ မဆန်းပါဘူး။ ဆက်လက်ပြီးတော့ ဖြစ်နေအုံးမယ် ထင်ပါတယ်။

မေး ။ ။ ဒီယာယီအပစ်ရပ်စဲမှု ဖြစ်လာဖို့တောင် တရုတ်က သုံးကြိမ်မြောက်မှာမှ ဒီသဘောတူညီချက်ကို ရပြီးတော့၊ ယာယီ ဖြစ်ခဲ့တယ်ဆိုတော့ အခုတခါ ဒီလိုဖြစ်ပြီးမှ ပစ်ခတ်မှုတွေက ပြန်ရှိနေတယ်ဆိုတော့ ဒီနေရာမှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုက ထိရောက်မှု မရှိဘူးဆိုတဲ့ သဘောများဖြစ်မနေဘူးလား။

ဖြေ ။ ။ တရုတ်က ဘယ်လောက်အထိ အပစ်ခတ်ရပ်စဲစေချင်သလဲ ဆိုတဲ့အပေါ်လည်း မူတည်မယ်ထင်ပါတယ်။ တချို့သတင်းတွေမှာ ကျနော်ကြားတာက သူတို့က ရှမ်းမြောက်က တိုင်းရင်းသားမဟာမိတ်တွေကိုပဲ တရုတ်က ပိုပြီးဖိအားပေးတယ်ဆိုတဲ့ သတင်းတချို့လည်း ကျနော် ကြားသိရတယ်။ ဘာကြောင့်လဲဆိုတော့ ရှမ်းမြောက်မှာ NUG ရဲ့ PDF တချို့လည်း ဝင်တိုက်နေတယ်ဆိုတော့ NUG နဲ့ PDF ကို တရုတ်က သိပ်မယုံဘူးလို့လည်း သုံးသပ်ကြတယ်။ သူတို့က အမေရိကန်နဲ့ သိပ်နီးစပ်သလား။ NUG ဆိုရင် ပိုပြီးတော့ သံသယ ရှိတယ်ဆိုတော့ အခုတိုက်ပွဲမှာ ရှမ်းမြောက်တခုတည်း မဟုတ်ဘဲနဲ့ သူတို့ပါ ပါလာတယ်ဆိုတော့ အဲဒီရှမ်းမြောက် တိုင်းရင်းသားမဟာမိတ်တွေကို နည်းနည်းသတိပေးဟန် ရှိတယ်။ သတိပေးတယ်လို့ သူတို့က သုံးသပ်ကြတာကို တွေ့ရပါတယ်။ မင်းတို့ ဒီလိုလုပ်နေမယ်ဆိုရင် မင်းတို့ကို ပိတ်ပစ်မယ်လုပ်တော့ ရှမ်းမြောက်ကတော့ တိုင်းရင်းသားမဟာမိတ်တွေဘက်ကတော့ လိုက်နာမယ်။ သို့သော် စစ်ကောင်စီကတော့ အားတက်သွားတာပေါ့။ သူတို့က ပြောစရာရှိမယ် - ဒီလူတွေက အမေရိကန်နဲ့ ပေါင်းပြီးတော့ လုပ်နေတဲ့သဘော ဖြစ်ပါတယ် ဘာညာ သူတို့ဘက်က တရုတ်ကို နားသွင်းတာ ပိုပြီးတော့လွယ်ကူသွားမယ်။ အဲဒါကြောင့် စစ်ကောင်စီက နည်းနည်းကြွနေပြီးတော့ ရှမ်းမြောက် နည်းနည်းငြိမ်နေတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တမ်း တရုတ်ကိုယ်တိုင်က ဘယ်လောက်ထိ ထိထိရောက်ရောက် နှစ်ဘက်စလုံးကို ပြေလည်စေချင်သလဲဆိုတာ အဓိက မေးခွန်းထုတ်စရာ ကိစ္စ ဖြစ်တယ်လို့ ဒီကိစ္စမှာ ပြောရမှာပါ။

မေး ။ ။ ဒီနေရာမှာ အာဆီယံအနေနဲ့ ဘာလုပ်နေတယ်လို့ ပြောလို့ရမလဲ။

ဖြေ ။ ။ အာဆီယံကတော့ အများကြီးဝေးမယ် ထင်ပါတယ်။ အာဆီယံစကားကိုတော့ တိုင်းရင်းသားတွေက သိပ်တော့နားမဝင်သလို၊ စ်ကောင်စီကလည်း ပေါ်တင်ကြီး ပယ်ချထားတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အာဆီယံကတော့ နှစ်ဘက်စလုံးနဲ့ ဘက်ပေါင်းစုံနဲ့ ထိတွေ့ခဲ့တယ် ဘာညာဆိုပြီးတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက သူတို့ဥက္ကဋ္ဌတုန်းက ပြောခဲ့တယ်။ အခုလည်းပဲ ထိတွေ့မှုရှိတယ်လို့ ပြောတာပဲ။ သို့သော်လည်း သိပ်ပြီးတော့ နားဝင်မယ်မထင်ဘူး။ တခုဖြစ်နိုင်တာက အာဆီယံနိုင်ငံတွေ တနိုင်ငံချင်း လုပ်တဲ့ကိစ္စတွေဆိုရင်တော့ သူတို့က တနည်းနည်းနဲ့ နားပေါက်အောင် ပြောနိုင်မယ့် အခြေအနေရှိမယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ လုံးဝပြေလည်မယ့်အဆင့်တော့ မဟုတ်ဘူးပေါ့။

မေး ။ ။ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်မှာ အဓိကက မြန်မာနိုင်ငံအတွင်းမှာ အပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲပြီးတော့ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ဖို့ဆိုတော့ အခု တရုတ်ကလည်း ဘယ်လိုပဲဖြစ်ဖြစ် ပစ်ခတ်မှုတွေ ရပ်စဲပြီးတော့ ထိတွေ့ဖို့ဆိုတော့ တရုတ်နဲ့ အာဆီယံ ပူးပေါင်းပြီးတော့ မလုပ်နိုင်ဘူးလား။

ဖြေ ။ ။ အဲဒီဟာက အဓိက ဖြစ်နိုင်တာပေါ့။ တရုတ်နဲ့ အာဆီယံ ပူးပေါင်းပြီးတော့ လုပ်နိုင်တယ်။ တချိန်တည်းမှာပဲ တရုတ်နဲ့ အမေရိကန်က ဘာကြောင့် ပူးပေါင်းမလုပ်နိုင်လဲ။ ဗမာပြည်တွင်းမှာ သူတို့ တခြားကိစ္စတွေမှာသာ ပြိုင်နေကြတာ။ တရုတ်ဟာ မြန်မာနိုုင်ငံမှာ သူ့ရဲ့စီးပွားရေးအကျိုးစီးပွား ရှိတယ်ဆိုတာကို အမေရိကန်က လက်ခံတယ်။ American Diplomats တွေကို ဟိုတုန်းက အင်တာဗျူးလုပ်ဖူးတယ်။ သူတို့လက်ခံပါတယ်တဲ့။ ရှမ်းမြောက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်တာကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သွားတာကို တရုတ်က ကန့်ကွက်လို့ မသွားဘဲနေခဲ့တယ်ဆိုတော့ သူ နားလည်ပါတယ်။ ဒီကိစ္စမှာလည်း ပြေလည်ရင် နှစ်ဘက်စလုံး အကျိုးရှိအောင် မျှမျှတတ ညှိနှိုင်းပြီးတော့ လုပ်နိုင်မယ်ဆိုရင်တော့ ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ ဒီအထိ မတွေ့ရသေးပါဘူး။

မေး ။ ။ လက်ရှိအနေအထားတွေကို ကြည့်မယ်ဆိုရင်တော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ အင်မတန်ခက်တယ်ဆိုတာ ပေါ်လွှင်နေတယ် ပြောရမယ်ထင်ပါတယ်။

ဖြေ ။ ။ အခက်ဆုံးပါပဲ။ နိုင်ငံရေးအရ ပြေလည်မှု မရခဲ့လို့ဘဲ၊ ဒီကိစ္စ ဖြစ်လာတာပါ။ နိုင်ငံရေးအရ ပြေလည်မှုက ဟို လွတ်လပ်ရေးရပြီးကတည်းက မရရှိခဲ့ဘူး ထင်ပါတယ်။ အရေးကြီးဆုံးကတော့ ဒီမိုကရေစီရေးထက် တိုင်းရင်းသားပြဿနာ ပြေလည်ရေးက သိပ်အရေးကြီးပါတယ်။ တိုင်းရင်းသားအချင်းချင်း ညီညွှတ်ဖို့ကိစ္စ ဖြစ်မှသာ နိုုင်ငံရေးအရ သူတို့ဘက်ကလည်း ညီညွှတ်မှု ရှိရမယ်။ အခုတော့ ဘုံရည်မှန်းချက် စစ်ကောင်စီ ဖြုတ်ချရေး ရည်မှန်းချက်နဲ့ လောလောဆယ်တိုက်နေကြတယ်။ သို့သော်လဲ သူတို့အထဲမှာ နိုင်ငံရေးအရ ဘယ်လောက်ညီညွှတ်မှု ရှိကြသလဲ။ စစ်ရေးအရ စစ်ကောင်စီပြုတ်ကျဖို့ကို တိိုက်နေကြတာ နိုင်ငံရေးအရ သဘောတူညီမှုရတယ်လို့ မကြားရသေးပါဘူး။ တိုင်းရင်းသားအချင်းချင်းမှာ ညီညွတ်မှုရရင်တောင်မှ ဒီဘက်က စစ်ကောင်စီရယ်လို့ မဟုတ်ဘူး၊ စစ်ကောင်စီပြီးရင်လည်း ဖြစ်နေတာက Center and Periphery ဗဟိုအစိုးရနဲ့ ဝန်းကျင်ဒေသတွေနဲ့ ဖြစ်လာတဲ့ကိစ္စက ကြာလှပါပြီ။ ဒီကိစ္စကို အဓိက ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အဲဒီလို ဖြေရှင်းနိုင်မှသာလျှင် နိုင်ငံရေးပြေလည်မှု မြန်မာနိုင်ငံမှာ လုံးဝရမှာ ဖြစ်ပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာလည်း လက်ရှိအခက်အခဲဆုံးက နိုင်ငံရေးအရ အဖြေရှာဖို့ပဲဆိုတော့ အခုစစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းကတည်းက မြန်မာနိုင်ငံတဝှမ်းမှာ အကြမ်းဖက်မှုတွေကလည်း အင်မတန်ကို များလာပြီဆိုတော့ ဒီတိုက်ပွဲတွေ အဆုံးသတ်ဖို့ နိုင်ငံရေးအရ၊ အစောကပြောတဲ့ ခက်ခဲပါတယ်ဆိုတဲ့ အဖြေရှာတဲ့နေရာမှာကော ဘယ်လောက်အချိန်ယူရအုံးမယ်လို့ ထင်လဲ။ တိုက်ပွဲတွေကော အဆုံးသတ်ပါအုံးမလား။

ဖြေ ။ ။ တိုက်ပွဲပြီနိုင်တဲ့ လမ်းကြောင်းကတော့ စစ်ကောင်စီက အနိုင်မရနိုင်တော့ဘူး။ တနည်းနည်းနဲ့ ကျရှုံးမယ်လို့ သုံးသပ်သူတွေက အများကြီးတွက်ချကြတယ်၊ တွက်ဆကြပါတယ်။ ဒါပေမဲ့လည်း ထင်သလောက်မြန်မှာ မဟုတ်ဘူး။ ပိုပြီးတော့ ဖရိုဖရဲ ဖြစ်နိုင်တယ်လို့ အမျိုးမျိုးတွက်ဆကြပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ကောင်စီက မြန်မာနိုင်ငံကို ပြန်ပြီးတော့ ငြိမ်သက်အောင် ထိန်းနိုင်မယ့် အလားအလာ မရှိတော့ဘူးလို့ နှစ်ဘက်စလုံးက ဘက်ပေါင်းစုံကနေ ယူဆကြပါတယ်။ အနှေးနဲ့အမြန်တော့ ဖြစ်သွားမှာပေါ့။ သို့သော်လည်း စစ်ကောင်စီနဲ့ သူတို့ နိုင်ငံရေးအရ ပြေလည်မှုရလာဖို့ကတော့ မလွယ်ဘူးထင်ပါတယ်။ ဟိုဘက်က အလျှော့ပေးတာတောင်မှ လုံးဝကျရှုံးသွားတာတောင်မှ ဒီဘက်က စောစောကပြောခဲ့တဲ့ ပြဿနာတွေက အများကြီးညှိရအုံးမှာ ဖြစ်ပါတယ်။ နောက် တိုင်းရင်းသားဒေသတွေအချင်းချင်း စစ်အာဏာရှင်စနစ် ပြုတ်ကျပြီးတော့၊ ဒီမိုကရေစီ ထွန်းကားရေး၊ အခု တိုင်းရင်းသားအင်အားစုတွေက တချို့ဒေသတွေက ဒီမိုကရေစီစနစ်နဲ့ ပုံဖော်မယ့်သဘော။ ချင်းမှာဆိုရင် Constitution ရေးနေတာကို တွေ့ရပါတယ်။ ဘယ်လောက် အကောင်အထည်ပေါ်လာမလဲ မသိသေးဘူး။ ဒါပေမဲ့ တချို့တိုင်းရင်းသားဒေသတွေက ဝအုပ်ချုပ်ရေးကို အားကျပြီးတော့ တစ်ပါတီစနစ်မျိုးနဲ့ အဲဒါမျိုး ဒီမိုကရေစီ ပုံစံမျိုး လုပ်မယ့်အလားအလာ ကြွေးကြော်နေတာ ဘာမှမတွေ့ရသေးပါဘူး။ သူတိုို့ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ သူတို့ဒေသ ထိန်းချုပ်ရေးသာ ဖြစ်လာတယ်ဆိုတော့ အဲဒီလိုဒေသတွေမှာကော ဒီမိုကရေစီ ဖြစ်နိုင်ပါ့မလားဆိုတော့ ပြည်ထောင်စုတဝှမ်းလုံး အချင်းချင်းညီညွှတ်တဲ့စနစ်နဲ့ ဖြစ်လာနိုင်ဖို့ဆိုတာက သိပ်အလှမ်းဝေးသေးတယ်လို့ပဲ ထင်ပါတယ်။ တဆင့်ပြီးတဆင့် ခံယူကြိုးစားရမှာပါ။

အဓိက ကျနော်မြင်တာကတော့ ကျနော်ကတော့ ပညာရေးကိုပဲ ထင်ပါတယ်။ Education is revolution ပါပဲ။ ကျနော့်အမြင်မှာတော့ ပြည်သူတွေ လူငယ်တွေက ပညာရေး အသိအမြင်တွေ ကြွယ်ဝဖို့လိုတယ်။ မြန်မာနိုင်ငံမှာ သမိုင်းသင်တာကအစ ဒီလူမျိုးရေးအားဖြင့် မညီမညွှတ်စရာတွေ အများကြီး ရှိပါတယ်။ တချို့ကပြောကြတယ် တချို့ပညာရှင်တွေ ကွယ်လွန်သွားပြီဖြစ်တဲ့ Professor Josef Silverstein ဆိုရင် ကျနော့်ကို ပြောဖူးပါတယ်။ မြန်မာနိုင်ငံစစ်တပ်က တိုင်းရင်းသားဒေသတွေကို Their occupied territories လို မြင်ပြီးတော့ အဲဒီသဘောထားနေသမျှ ဘယ်တော့မှ ငြိမ်းချမ်းရေးဆိုတာ ဖြစ်မလာနိုင်ဘူး။ ပြည်ထောင်စု ပေါ်ထွန်းဖို့ဆိုတာကလည်း တိုင်းရင်းသားတွေ စိတ်ထဲမှာ ပိုပြီးတော့ Ethnic Nationalism တိုင်းရင်းသား အမျိုးသားစိတ်ဓါတ်တွေ ပိုကြီးထွားလာမယ်၊ ဒီဘက်မှာလည်း ပိုကြီးထွားလာမယ်ဆိုပြီးတော့ ပညာရေးစနစ်ကစပြီး ပြုပြင်ပြောင်းလဲရမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒါကတော့ အင်မတန်လည်း အရေးကြီးပါတယ်။ တလျှောက်လုံး ပညာရေးမှာ အားနည်းလာတာ မျက်စိပိတ်နားပိတ်ပေါ့။ ဆိုတော့ ဒီဟာတွေကို ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင် အတွေးအခေါ်ပိုင်းဆိုင်ရာတွေ တိုးတက်လာမယ်ဆိုရင်၊ အမြင်တွေလည်း ကျယ်လာတဲ့အခါကြရင်တော့ အချို့ကိစ္စရပ်တွေက အထောက်အပံ့ ပြန်ဖြစ်လာမှာပေါ့။ ဆိုတော့ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်ကောင်စီ အပြီးတိုင်ဖြုတ်ချရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အတိုက်အခံအဖွဲ့တွေ ကြိုးပမ်းနေကြတယ်။ ဆိုတော့ ဒီလိုမျိုး စစ်ကောင်စီ ပြုတ်ကျသွားပြီးတဲ့နောက်မှာကော စောစောကပြောတဲ့ နိုင်ငံရေးအခြေအနေတွေ ပြေလည်ဖို့ဆိုတာက လွယ်ကူပါ့မလား။ ဘယ်လိုကော ဖြစ်လာနိုင်မလဲ။

ဖြေ ။ ။ ကျနော် မြင်တာကတော့ သိပ်မလွယ်လှဘူး။ ဖြစ်ပါစေလို့တော့ အမြဲတမ်းဆုတောင်းတယ်။ အမြဲတမ်း သတင်းတခု ကြားလိုက်တိုင်း၊ ရင်ထဲမှာ တထိတ်ထိတ်နဲ့ ဘယ်လိုများ ဖြစ်ကြပြန်အုံးမလဲ မသိဘူးဆိုတာ ကြားရပါတယ်ဆိုတော့ NUG ပေါ်လည်း အများကြီးတာဝန် ရှိပါတယ်။ သူဟာ အဓိကဦးဆောင်ပြီးတော့ ဘာပဲပြောပြော နိုင်ငံရေးအားဖြင့်၊ သူက ဦးဆောင်ရမယ့်နေရာက ဖြစ်နေတဲ့အခါမှာ တိုင်းရင်းသားတွေနဲ့ ပြေလည်မှုရရှိရေးကို လုပ်ရမယ်။ NLD လက်ထက်က မပြေလည်ခဲ့တာတွေ အများကြီးရှိပါတယ်။ ကျနော် အမြဲတမ်းပြောတယ် NLD ခေါင်းဆောင်တချို့က တိုင်းရင်းသားဒေသတွေကို ထွက်လာပြီး၊ တိုင်းရင်းသားပါတီတွေကို မင်းတို့ကို ဘယ်ပါတီလို့ မသတ်မှတ်ဘူး။ ငါတို့ NLD ဆိုတာ ပြည်ထောင်စုတခုလုံးမှာ အားလုံးပါဝင်တဲ့ပါတီတခုတည်း ဖြစ်တယ် ဘာညာအယူအဆမျိုး ရှိတယ်။ တိုင်းရင်းသားဒေသတွေမှာ ဝင်ပြီးတော့ တိုင်းရင်းသားတွေနဲ့ မဲပြိုင်တယ်။ သူမနိုင်ရင် ဟိုဘက်ကို အစိုးရဖွဲ့ခွင့်ပါ အကြောင်းပြပြီးတော့ ပိတ်တယ်။ အဲဒီလိုမျိုးတွေ တိုင်းရင်းသားတွေမှာ အများကြီးရှိနေတယ်ဆိုတော့ အခု အဲဒီနေရာမှာ ရောက်လာတဲ့ NUG အနေနဲ့ ဒီအစဉ်အလာကို လုံးဝပြောင်းလိုက်ပြီးတော့ သူတို့ဟာ အမြင်သစ်နဲ့ စည်းရုံးနိုင်မှသာလျှင် ဖြစ်မယ်လို့ ထင်ပါတယ်။

မခင်ဖြူထွေး ။ ။ အဲဒီအတွက်လည်း အခုထဲက ပြင်ဆင်မှုတွေက အချိန်မနှောင်းခင် စလုပ်ရမယ်လို့ ထင်ပါတယ်။ ဒီတပတ်တော့ ဆွေးနွေးမှုကို ဒီလောက်နဲ့ပဲ ရပ်နားကြရအောင်ပါ။ ကျေးဇူးပါ ဦးကျော်ဇံသာ။

XS
SM
MD
LG