ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မယ်တော်ဆေးခန်းဖွင့်ပြီး လူထုကျန်းမာရေး မြင့်တင်ရေးလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်နိုင်တဲ့အတွက် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ Seattle မြို့မှာရှိတဲ့ Washington တက္ကသိုလ်ကနေ ၂၀၁၈ ခုနှစ်အတွက် Roux Prize ကို ဆေးခန်းကို စတင်တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ချီးမြင့်လိုက်ပါတယ်။ ဆုလက်ခံရရှိဖို့အတွက် ဝါရှင်တန် ဒီစီမြို့မှာ ရောက်နေတဲ့ ဒေါက်တာ စင်သီယာမောင်ကို ဆက်သွယ်မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
Roux Prize လို့ခေါ်တဲ့ ဒီဆုကိုတော့ David နဲ့ Barbara Roux တို့ ဇနီးမောင်နှံကို အစွဲပြုပြီး ဝါရှင်တန်တက္ကသိုလ်က ၂၀၁၃ ခုနှစ်မှာ စတင်ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကစလို့ လူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ မှန်ကန်တဲ့ သတင်း အချက်အလက်တွေအပေါ် အခြေခံပြီး ရဲဝံ့ထိရောက်စွာ လုပ်ဆောင်နိုင်တဲ့သူတွေကို ရွေးချယ်ပြီး နှစ်စဉ် ချီးမြင့်လာခဲ့တာပါ။
ဒီဆုရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ ၂၀၁၈ ခုနှစ်အတွက် ဆုချီးမြင့်ခံရတဲ့ ဒေါက်တာ စင်သီယာမောင်က အခုလို ရှင်းပြပါတယ်။
“ဆုရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေကို အခြေခံပြီး လူထုကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အချိန်မှာ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ ဖြစ်စေ၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေရဲ့ အရည်အသွေး မြှင့်တင်ရေး ပေါ်မှာ အခြေခံပြီး ပေးတဲ့ ဆုဖြစ်ပါတယ်။"
ဒေါက်တာ စင်သီယာမောင်ဟာ ထိုင်းနိုင်ငံအတွင်းမှာ ရောက်နေကြတဲ့ မြန်မာ ရွေ့ပြောင်းအလုပ်သမားတွေ၊ နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေအပြင်၊ မြန်မာနိုင်ငံ နယ်ပယ်အသီးသီးက ရောက်လာကြတဲ့ လူနာတွကို မဲဆောက်မြို့မှာ မယ်တော်ဆေးခန်း ဖွင့်ပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးလာခဲ့တာ အခုဆိုရင် ဆယ်စုနှစ်နဲ့ချီ ကြာမြင့်လာခဲ့ပါပြီ။
ဒီဆုဟာ သူ့တယောက်ထဲအတွက် မဟုတ်ဘဲ မယ်တော်ဆေးခန်းမှာ စေတနာ့ဝန်ထမ်း ကူညီဆောင်ရွက်ပေးသူတွေ၊ နိုင်ငံတကာကနေ လာရောက်ကူညီသူတွေ အားလုံးအတွက် ပေးတဲ့ဆုဖြစ်တယ်လို့လည်း ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။
“ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေ ဖေါ်ဆောင်တဲ့အခါမှာ သတင်းအချက်အလက်တွေ မှန်ကန်ဖို့၊ ထိထိရောက်ရောက် အသုံးချနိုင်ဖို့ရယ် အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေမှာ လူထုဆီကို ထိရောက်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေပေးနိုင်ဖို့ အတွက် ကျမနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးရော နိုင်ငံတကာကနေ ပံ့ပိုးကူညီတဲ့အတွက်ရော ကျမတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက်အဖွဲ့အစည်းတွေ အတွက်ရော ဝမ်းမြောက်ဂုဏ်ယူစရာ ဖြစ်ပါတယ်။”
လက်ရှိ ဆောင်ရွက်နေတဲ့ ကျန်းမာရေးကုသမှု အစီအစဉ်တွေ ပိုမို တိုးတက် ကောင်းမွန်အောင် မြန်မာအစိုးရအပါအဝင် မြန်မာနိုင်ငံ အတွင်းက NGO အဖွဲ့တွေ၊ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေတဲ့အကြောင်းလည်း ဒေါက်တာ စင်သီယာမောင်က ဆက်ရှင်းပြပါတယ်။
“ကျမတို့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ အခြားသော လူထု အခြေပြုအဖွဲ့အစည်းတွေ စုဖွဲ့ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေးစနစ် ပိုပြီးတော့အားကောင်းလာအောင် ဆောင်ရွက်တဲ့ အချိန်မှာ အစိုးရ ကျန်းမာရေးစနစ်နဲ့ တိုင်းရင်းသားတွေရဲ့ ကျန်းမာရေးစနစ်မှာ မတူ ကွဲပြားနေတာတွေ ရှိနေပေမယ်လို့ တန်းတူညီမျှ ကျန်းမာရေး ဝန်ဆောင်မှုတွေ ရနိုင်ဖို့၊ အရည်အသွေးကောင်းတဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ရနိုင်ဖို့အတွက် ကျမတို့ ညှိုနှိုင်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။”
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ သွားနေတဲ့ မြန်မာနိုင်ငံဟာ အဘက်ဘက်က ယိုယွင်း ပျက်ဆီးနေတာကြောင့် ကဏ္ဍစုံကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုအပ်နေတာပါ။ ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်လို့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်ဆိုရင်တော့ ဗဟိုချုပ်ကိုင်မှု လျော့ချရေးဟာ အရေးကြီးကြောင်း ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။
“ထိရောက်တဲ့ ကျန်းမာရေးစနစ်တခု ဖြစ်လာဖို့ဆိုတာ ဒေသခံကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို တရားဝင်အသိအမှတ်ပြုတဲ့ လုပ်ငန်းစဉ်တွေလည်း အများကြီး လိုအပ်နေသလို တချိန်တည်းမှာပဲ လိုအပ်နေတဲ့ ငွေအင်အား၊ လူအင်အား ပေါ်မှာ ပိုပြီး ပွင့်ပွင့်လင်းလင်းနဲ့ ဗဟိုချုပ်ကိုင်မှု လျော့ချပြီးဆောင်ရွက် ဖို့အရေးကြီးပါတယ်။”
Roux Prize ဆုချီးမြင့်ပွဲကိုတော့ စက်တင်ဘာလ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဝါရှင်တန် ဒီစီမြို့တော်မှာ ကျင်းပခဲ့ပြီး ဒေါက်တာ စင်သီယာမောင်အနေနဲ့ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ တသိန်း လက်ခံ ရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ ဒေါက်တာ စင်သီမောင်အနေနဲ့ နိုင်ငံတကာက ချီးမြင့်တဲ့ ဆုတွေထဲက ၁၈ ခုမြောက်အဖြစ် လက်ခံ ရရှိတာလည်း ဖြစ်ပါတယ်။
ဒီဆုကို ပထမဆုံးအကြိမ် ချီးမြင့် ၂၀၁၄ ခုနှစ်မှာ ကိုလံဘီယာနိုင်ငံက ဒေါက်တာ Rodrigo Guerrero ၊ ၂၀၁၅ ခုနှစ်မှာတော့ Rwanda နိုင်ငံမှာ ကျန်းမာရေးဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကလေးအထူးကု ဆရာဝန် ဒေါက်တာ Agnes Binagwaho ၊ ၂၀၁၆ ခုနှစ်မှာ တီဘီရောဂါဝေဒနာရှင်တွေအတွက် အခမဲ့ ကုသပေးနေတဲ့ ဖိလစ်ပိုနိုင်ငံက ဒေါက်တာ John Wong ၊ ၂၀၁၇ ခုနှစ်မှာ မာလီနိုင်ငံက ဒေါက်တာ Samba Sow နဲ့ အခု ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံက ဒေါက်တာ စင်သီယာမောင်တို့ လက်ခံ ရရှိကြပြီး ဖြစ်ကြပါတယ်။