တရုတ်နဲ့ ထိုင်းကဝင်တဲ့ နယ်စပ်သွင်းကုန် အများစုကို ကန့်သတ်လိုက်ချိန် အမေရိကန်ဒေါ်လာဈေးလည်း ပြည်တွင်းမှာ တက်ရိပ်ပြလာတဲ့အတွက် ကုန်စည်ကန့်သတ်မှုက ပြည်တွင်းမှာ ရွှေနဲ့ ဒေါ်လာဈေးအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ခန့်မှန်းတွက်ချက်နေကြတာပါ။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
တရုတ်နဲ့ထိုင်းနယ်စပ်မှာ မြန်မာနိုင်ငံကိုတင်ပို့မယ့် ကုန်ပစ္စည်းတွေအများစုကို ကန့်သတ်လိုက်သလို စစ်ကောင်စီကလည်း အခွန်မဆောင်တဲ့ ကုန်တွေကို လိုက်လံ စစ်ဆေးနေတဲ့အတွက် ကုန်စည်ကန့်သတ်မှုတွေက ပြည်တွင်းမှာ ရွှေနဲ့ဒေါ်လာဈေးကွက်ကိုသက်ရောက်နိုင်ပြီး ဒေါ်လာငွေလဲနှုန်းတွေ ပြန်ပြီး တက်လာနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။
အောက်တိုဘာ လ ၂၄ ရက် ဗဟိုဘဏ်သတ်မှတ်တဲ့ ငွေလဲနှုန်းက အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ( ၂၁၀၀ )ကျပ် ရှိ ပါတယ်။ ဒီကနေ့ သောကြာနေ့ ပြင်ပဈေးကွက်မှာ တဒေါ်လာကို ကျပ် ၄,၆၀၀ လောက်ဖြစ်လာပြီး၊ ရွှေဈေးကတော့ တကျပ်သားကို ၆၇သိန်းကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။
ရန်ကုန်မြို့ ရဲ့ တရားဝင် ငွေလဲကောင်တာတွေမှာတော့ ဗဟိုဘဏ်ရဲ့ သတ်မှတ်စျေးအတိုင်း ဝယ်စျေး ၂၁၀၀ ကျပ် ရှိပြီး ရောင်းစျေး ကတော့ ၂၁၀၆ ကျပ် ကနေ ၂၁၁၀ ကျပ် နဲ့ ဒေါ်လာငွေလက်ကျန်ရှိသလောက် ရောင်းချပေးနေပေမယ့် ပြင်ပ ပေါက်ဈေး မှာတော့ မနေ့က (ကြာသပတေး နေ့) ညနေပိုင်းမှာ တဒေါ်လာကို ဝယ်ဈေး ၄၅၀၀ ကျပ် ဝန်းကျင် ရှိခဲ့ပြီး ရောင်းဈေး ကတော့ ၄၆၀၀ ကျပ် ဝန်းကျင် အထိ စျေးပေါက်နေခဲ့တာပါ။
ရွှေလုပ်ငန်းရှင်များ အသင်းကတော့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားဈေးကို ကျပ် ၅,၆၂၆၉၀၀ သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူကတော့ ဒီနေ့ ကမ္ဘာ့ရွှေဈေး ပြန်ကျသွားပြီလို့ ဗွီအိုအေကို ပြောပါတယ်။
" အခုတော့ ငွေဈေးကျတာ ကျနော်တို့လည်း စိတ်ချမ်းသာနေတာ။ ဘာလို့ဆို ဈေးတက်ရင် ကျနော်တို့က အလကားနေရင်း စိတ်ညစ်စရာ။ မနေ့ကတော့တက်တယ် အခုတော့ကျတယ်။ (တကျပ်သားကို) ၆၅သိန်းလောက်ပဲ ရှိတော့တယ်။ မနေ့ကထက် ၇သိန်းကျတယ်။ အဓိကတော့ ငွေဈေးပါပဲ။ အခုက ကမ္ဘာလည်းကျတယ် ငွေဈေးလည်း အေးတယ်ဆိုတော့။"
ကမ္ဘာ့ရွှေဈေးကလည်း တအောင်စကို အမေရိကန်ဒေါ်လာ ၂,၇၀၀ ကျော်အထိ တနင်္လာနေ့က စံချိန်တင် တက်ခဲ့ပါတယ်။
Forum