သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက်တစ်ပါတီညီလာခံ တတိယနေ့


ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ တတိယမြောက်နေ့ (ဩဂုတ် ၂၂ ၂၀၂၄)
ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ တတိယမြောက်နေ့ (ဩဂုတ် ၂၂ ၂၀၂၄)

လာမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ် ပါတီကနေ ဒုသမ္မတလောင်း အဖြစ် ဝင်ပြိုင်ဖို့ ပါတီဝင်တွေရဲ့ အဆိုပြုချက်ကို မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz က သြဂုတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့က တရားဝင် လက်ခံလိုက်ပါတယ်။ အီလီနွိုင်းပြည်နယ်၊ ရှီကာဂိုမြို့မှာ ကျင်းပနေတဲ့ ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ တတိယမြောက်နေ့မှာ အခုလို လက်ခံလိုက်တာပါ။ ရှီကာဂိုမြို့ကနေ ဗွီအိုအေ သတင်းထောက် Kane Farabaugh ပေးပို့တဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

ရှီကာဂိုမြို့မှာ ကျင်းပနေတဲ့ ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ တတိယနေ့ အဖွင့်မှာ နယူးဂျာစီပြည်နယ် အထက်လွှတ်တော်အမတ် Cory Booker က တတိယမြောက်နေ့အတွက် အဓိက အကြောင်းအရာကို ခုလို ကြေညာပါတယ်။

“တတိယမြောက် ညကို ကြိုဆိုပါတယ်။ ဒီည ကတော့ လွတ်လပ်ခွင့် အကြောင်းပဲ” ဖြစ်ပါတယ်လို့ − အထက်လွှတ်တော်အမတ် Cory Booker ပြောသွားတာပါ။

တတိယမြောက်နေ့မှာတော့ သားဆက်ခြားခြင်းနဲ့ ဆိုင်တဲ့အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင်အရေးနဲ့ နယ်စပ် လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို အဓိက ပြောဆိုခဲ့ကြတဲ့ တချိန်တည်းမှာ မိန့်ခွန်းပြောကြားခဲ့သူ အားလုံးရဲ့ အဓိက သတင်းစကားကတော့ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ အကောင်းဆုံးကို ရွေးချယ်နိုင်ကြဖို့ အဓိက တိုက်တွန်းခဲ့ကြပါတယ်။

သမ္မတဟောင်း Bill Clinton ကလည်း ခုလို ပြောသွားပါတယ်။

“Kamala Harris ဟာ ပြည်သူ့အတွက် ဆောင်ရွက်သူပါ။ ဟိုဘက် တယောက်ကတော့ ငါ့ အတွက်၊ ငါမှငါ… ငါ ဆိုတာ ကို ပထမအကြိမ်မှာတုန်းက ထက်တောင် အခု ပိုပြီး သက်သေပြနေပါသေးတယ်။”

သမ္မတဟောင်း ကလင်တန်ဟာ တတိယမြောက်နေ့ မိန့်ခွန်း ပြောကြားသူတွေထဲမှာတော့ လူတွေ အမျှော်လင့်ထားဆုံး သူတွေထဲက တယောက်ပါ။ ၁၉၇၂ ခုနှစ်ကစလို့ ဒီမိုကရက်တစ်ပါတီ ညီလာခံတိုင်းကို မပြတ်တက်ရောက်ခဲ့တဲ့ သမ္မတဟောင်း ကလင်တန် က ဒုသမ္မတ ဟဲရစ် သာ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရသင့်တယ်လို့ သူ ဘာကြောင့် ယုံကြည်တယ် ဆိုတာကို အိမ်ဖြူတော်မှာ တာဝန်ထမ်းခဲ့တဲ့ သူ့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ ခုလို ပြောကြားသွားပါတယ်။

“ကျနော်တို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ ကျနော်တို့အတွက် အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့၊ အကြောက်တရားတွေ အဆုံးသတ်ပြီး အမေရိကန်ပြည်သူ တယောက်ချင်းစီတိုင်း ကိုယ့်အိပ်မက်ကိုယ် အကောင်အထည် ဖော်နိုင်အောင် Kamala Harris က ကြိုးပမ်းသွားမှာပါ။”

ညီလာခံ တတိယနေ့မှာ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး Tim Walz က ဒီမိုကရက်တစ်ပါတီ ဒုသမ္မတလောင်း နေရာက ဝင်ပြိုင်ဖို့ တရားဝင် လက်ခံလိုက်တာကတော့ ဒီမိုကရက်တွေအတွက် အဓိက အခိုက်အတန့် တခုဖြစ်ခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ ဒုသမ္မတလောင်းအဖြစ် ဝင်ပြိုင်ဖို့ လက်ခံခွင့်ရတာဟာ ကျနော့်ဘဝအတွက် ဂုဏ်ယူစရာပါ။”

အခု ပါတီညီလာခံကို နိုင်ငံတဝန်း ရုပ်သံကနေ စောင့်ကြည့်နေကြသူတွေ အတွက် Walz ရဲ့ မိန့်ခွန်းက သူ့အကြောင်း မိတ်ဆက် မိန့်ခွန်းလို့လည်း ဆိုနိုင်ပါတယ်။

“နီဗရားစကား ပြည်နယ်ထဲက လူဦးရေ ၄၀၀ လောက်သာ ရှိတဲ့ Butte မြို့လေးမှာ ကျနော် ကြီးပြင်းခဲ့ပါတယ်။ ကျနော် တက်ခဲ့တဲ့ အထက်တန်းကျောင်းမှာ ကလေး ၂၄ ယောက်ပဲ ရှိပါတယ်။ Yale တက္ကသိုလ်ကို သွားနိုင်ခဲ့တဲ့သူ တယောက်မှ မရှိပါဘူး။ ဒါပေမဲ့ ကျနော် ပြောနိုင်တာက ဒီလို မြို့ငယ်လေးမှာ ကြီးပြင်းရတဲ့အတွက် တယောက်နဲ့တယောက် ဘယ်လို ဂရုစိုက် စောင့်ရှောက်နိုင်သလဲ ဆိုတာကိုတော့ ကောင်းကောင်း နားလည် သိနိုင်ပါတယ်။”

Walz ဟာ စစ်မှုထမ်းဟောင်းတယောက် ဖြစ်သလို၊ ကျောင်းဆရာဟောင်း၊ အမေရိကန် အထက်တန်းကျောင်း ဘောလုံးအသင်းနဲ့ ဘက်စ်ကတ်ဘော အသင်း နည်းပြလည်း လုပ်ခဲ့ပြီး ဒါတွေက ဘဝမှာ သူ့ကို ခုလို နိုင်ငံရေးသမား တယောက် ဖြစ်လာအောင် လုပ်ပေးခဲ့တဲ့ အကြောင်းအရာတွေအဖြစ် အလေးပေး ပြောဆိုသွားခဲ့ပါတယ်။

“လွှတ်တော်အမတ်အဖြစ် အရွေးခံဖို့ ကျနော့်ရဲ့ ကျောင်းသူကျောင်းသားတွေ၊ အားကစားသမားတွေကပဲ လှုံဆော်ခဲ့တာပါ။ သူတို့နဲ့ပတ်သက်ပြီး ကျနော် မျှော်လင့်ခဲ့တာတွေ၊ အများအကျိုး ဆောင်ရွက်တာ၊ ကျနော်တို့ အားလုံးရဲ့ စုစည်း တည်ရှိမှုကို နားလည်ပြီး လူ တယောက်ချင်းစီ ကလည်း ကိုယ့်ပတ်ဝန်းကျင် အတွက် စစ်မှန်တဲ့ အပြောင်းအလဲတွေ လုပ်နိုင်တယ် ဆိုတဲ့ ယုံကြည်ချက်။ ဒါတွေ ကျနော့်မှာရှိနေတာကို သူတို့က မြင်ခဲ့ကြပါတယ်။”

တတိယမြောက်ညရဲ့ နောက်ဆုံး မိန့်ခွန်းပြောသူအဖြစ် အဲ့ဒီညရဲ့ အဓိက ခေါင်းစဥ်ဖြစ်တဲ့ “လွတ်လပ်ခွင့်” အကြောင်းကိုလည်း Walz က ခုလို ပြောသွားပါတယ်။

“ကျနော်တို့ ဒီမိုကရက်တွေ လွတ်လပ်ခွင့်အကြောင်း ပြောကြတဲ့အခါ…. ကိုယ်နဲ့ ကိုယ်ချစ်ခင်ရသူတွေ အတွက် ပိုမို ကောင်းမွန်တဲ့ ဘဝတခုကို လွတ်လပ်စွာ တည်ဆောက်ခွင့် ရှိရမယ်ဆိုတာပါ။ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို လွတ်လပ်စွာ ချပိုင်ခွင့်၊ ကလေးငယ်တွေအတွက် ဘယ်သူ သေနတ်နဲ့လာပစ်မလဲ ဆိုတဲ့ ပူပန် ကြောင့်ကြမှုမျိုး ကင်းတဲ့ လွတ်လပ်စွာ ပညာသင်ယူခွင့်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။”

ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ တတိယနေ့ ည အစီအစဥ်တွေကတော့ Walz ရဲ့ ဒုသမ္မတလောင်း ဝင်အရွေးခံမယ့် လက်ခံ မိန့်ခွန်းနဲ့အတူ တခမ်းတနား ပြီးသွားခဲ့ပါတယ်။ ညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့ညမှာတော့ လက်ရှိ ဒုသမ္မတ Kamala Harris က သမ္မတလောင်းအဖြစ် တရားဝင် လက်ခံ မိန်ခွန်း ပြောကြားမှာဖြစ်ပါတယ်။

Forum

XS
SM
MD
LG