၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးအရှိန်အဟုန်ကြောင့် စစ်ကောင်စီတပ်ရင်းတွေ ချင်းပြည်နယ်ဘက်ကို တက်လာနိုင်တဲ့ အခြေအနေ မရှိတော့တာဟာ စစ်ရေးမဟာဗျူဟာအရ အလွန်အရေးပါခဲ့တယ်လို့ CNF ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရ ဆလိုင်းထက်နီက ဗွီအိုအေကိုပြောပါတယ်။
နိုဝင်ဘာလကစလို့ ချင်းပြည်နယ်က နယ်မြေသိမ်းတိုက်ပွဲတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ ပတ်သက်လို့ CNF ပြောခွင့်ရ ဆလိုင်းထက်နီကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
အင်ကြင်းနိုင် ။ ။ ရှမ်းပြည်ဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသလဲရှင့်။
ဆလိုင်းထက်နီ ။ ။ ၂၀၂၃ ရဲ့ နောက်ဆုံး ပွင့်လင်းရာသီမှာ ယခင်နှစ်တွေကလို မြေပြန့်ကနေ တပ်မနဲ့ စစ်ယာဉ်တန်းကြီးတွေ အင်အားကြီးကြီးနဲ့ ထိုးလာတဲ့အနေအထား မရှိတော့ပါဘူး။ အခု ကျနော်တို့ ချင်းတောင်မှာတော့ ချင်းတောင်မှာ အခြေချ၊ ခြေကုပ်ယူထားတဲ့ တပ်စခန်းတွေလောက်ပဲ စစ်ကောင်စီတပ်တွေ ကျန်ပါတော့တယ်။ ကျနော်တို့ ပွင့်လင်းရာသီ ရောက်ရောက်ချင်း စစ်ကောင်စီရဲ့ အထိုင်စခန်း မြို့သုံးခုကို သိမ်းနိုင်ခဲ့တဲ့အပြင်၊ စခန်းအချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ပြောချင်တာကတော့ ကျနော်တို့ ယခင့်ယခင်ကာလများက ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့အဆင့်ကနေ အခု ချေမှုန်းစစ်အခြေအနေကို ပြောင်းနိုင်တာ၊ အားလုံးရဲ့ တိုက်ရည်ခိုက်ရည် တိုးတက်လာမှုနဲ့ ပြည်သူလူထုရဲ့ ပံ့ပိုးမှုကြောင့် ဖြစ်ပါတယ်။ ကျနော်တို့ ချင်းတောင်မှာ အခုလောလောလတ်လတ်က ကြီးကျယ်တဲ့ တိုက်ပွဲတွေ ယခင်နှစ်ကလို မရှိသေးသလို၊ အခု စစ်ကောင်စီရဲ့ စခန်းငယ်တွေလည်း ရုတ်သိမ်းသွားတယ်။ ကျနော်တို့က ချေမှုန်းနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ကျနော်တို့ရဲ့ စိုးမိုးနယ်မြေက တဖြည်းဖြည်းချင်း ကျယ်ပြန့်လာတဲ့ အနေအထားမှာ ရှိတယ်။ စစ်ရေးကိုလည်း တစိုက်မတ်မတ် ဖော်ဆောင်သွားဖို့ အခု အကောင်းဆုံး ပြင်ဆင်ထားပါတယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ အဲဒီတော့ ချင်းအမျိုးသားတပ်ဦး - CNF အနေနဲ့က ဒီချင်းပြည်နယ်မှာ ရှိတဲ့ ချင်းအဖွဲ့အစည်းအသီးသီးမှာကော အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အနေအထားကို ဘယ်လိုပြောလို့ ရပါသလဲရှင့်။ တစုတစည်းတည်း ရှိသလား။ ဘယ်လို ပူးပေါင်းဆောင်ရွက်နေပါသလဲရှင့်။
ဖြေ ။ ။ ကျနော်တိို့ ချင်းပြည်နယ်၊ ချင်းလူမျိုးတွေရဲ့ ဖြစ်တည်မှုကိုက ဒေသအလိုက်၊ မြို့နယ်စုအလိုက် စုနေကြတဲ့ လူမျိုးတမျိုး ဖြစ်ပါတယ်။ အဲဒီအခြေခံကနေ ဒီနွေဦးတော်လှန်ရေးမှာ ဒေသအလိုက်၊ မြို့နယ်အလိုက် လက်နက်ကိုင် အစုအဖွဲ့လေးတွေ ပေါ်ပေါက်လာတယ်။ အဲဒါတွေကို ကျနော်တို့ CNF အနေနဲ့ စုစည်းပြီးတော့မှ စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆိုပြီးတော့ ယခင် ... စုစည်းထားပါတယ်။ အခုလည်း ကျနော်တို့ အဲဒီကနေတဆင့် ချင်းပြည်ကောင်စီကို ဖွဲ့စည်းပြီးတော့ အဲဒီကောင်စီအောက်ကနေ ကာကွယ်ရေးဌာနတခုနဲ့ စုစည်းထားပါတယ်။ အဲဒီထဲမှာ CNFCA ဦးဆောင်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (၁၇) ဖွဲ့ကို စုစည်းပြီးတော့ အခု တိုက်ပွဲတွေကို ဖော်ဆောင်ထားနေတာ ဖြစ်ပါတယ်။ အရင်ကာလများက တစုတဖွဲ့ဆီနဲ့ စစ်ကောင်စီကို တိုက်ခဲ့လို့ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါတွေ ရှိတယ်။ အဲဒီ အားနည်းချက်တွေကို ကျနော်တို့က တပ်ပေါင်းစုအသွင်နဲ့ စစ်ရေးကို ဖော်ဆောင်ပြီးတော့ ဒီနေ့ အဲဒီလိုနဲ့ ဗျူဟာကို ပြောင်းပြီးတော့ တိုက်ပွဲတွေကို ဆက်လက်ပြီးတော့ ဖော်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
မေး ။ ။ အခု ဆလိုင်းစောထက်နီ ပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ ဒီတခါ တိုက်ပွဲတွေက မတူတော့ဘူး။ စစ်ကောင်စီရဲ့ တပ်စခန်းတွေကိုလည် သိမ်းပိုက်ထားနိုင်တယ်ဆိုတော့ အခုလို သိမ်းပိုက်နိုင်တဲ့ အခြေအနေက နယ်မြေအရဆိုရင် ဘယ်နှစ်ရာခိုင်နှုန်းလောက် ချင်းပြည်နယ်မှာ CNF တပ်တွေ၊ ချင်းလက်နက် တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထားနိုင်သလဲ။ အဲဒါကို နှိုင်းယှဉ်ပြောလိုရပါသလားရှင့်။
ဖြေ ။ ။ ကျနော်တို့ လက်ရှိ ချင်းပြည်နယ်လို့ ပြောရမှာပေါ့။ ကိုးမြို့နယ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီမြို့ကိုးမြို့နယ်ထဲမှာမှ စစ်ကောင်စီရဲ့ တပ်စခန်းတွေက အဓိကအားဖြင့် မြို့ပေါ် (၉) မြို့မှာပဲ ရှိတော့တယ်။ ကိုးမြို့ဆိုတဲ့နေရာမှာ နယ်ဘက်တွေကိုတော့ စိုးမိုးထားနိုင်မှု မရှိတော့ပါဘူး။ မြို့ထဲမှာပဲ ရှိတော့တယ်။ မြို့ထဲဆိုတာတောင်မှ ထန်တလန်မြို့ဆိုရင် အားလုံးသိတဲ့အတိုင်း ပျက်စီးသွားတယ်။ အဲဒီမြို့ထဲမှာ ကျနော်တို့ ဒီနေ့အထိ စစ်ကောင်စီနဲ့ ကျနော်တို့ နှစ်ဘက်တပ်စွဲထားပြီးတော့ အခု နေ့စဉ်ရက်ဆက် တိုက်ပွဲငယ်တွေ ဖြစ်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ရာခိုင်နှုန်းနဲ့ တွက်ရရင်တော့ နယ်ဘက်တွေအားလုံးကတော့ ကျနော်တို့ စိုးမိုးထားပြီးပြီ။ ဒီ ကိုးမြို့မှာပဲ သူတို့က အထိုင်နဲ့ နေတော့တယ်။ မြို့ပြင်ကို သူတို့ မထွက်နိုင်တော့ဘူး။ အဲဒါကြောင့် နယ်မြေစိုးမိုးမှုအရ ပြောရရင်တော့ လူ ၁၀၀ မှာ ၇၅-၈၀ အကြားတော့ ကျနော်တို့ဘက်က စိုးမိုးထားနိုင်တဲ့ အနေအထားမှာ ရှိနေပါပြီလို့ သုံးသပ်ပြောချင်ပါတယ်။
မေး ။ ။ အဲဒီတော့ နယ်မြေတွေကို ချင်းတပ်ဖွဲ့တွေ၊ အဖွဲ့အစည်းတွေကိုယ်တိိုင် စိုးမိိုးလာနိုင်တော့ အုပ်ချုပ်ရေးပိုင်းကိုတော့ ဘယ်လိုမျိုး ဆောင်ရွက်နေပါသလဲရှင့်။
ဖြေ ။ ။ အုပ်ချုပ်ရေးဆိုတဲ့နေရာမှာ ယခင်ကတည်းကိုက ၁၀၀ မှာ ၂၅-၇၀ ရာခိုင်နှုန်းလောက် စိုးမိုးထားတဲ့ နေရာအားလုံးက မြို့ဒေသအခြေစိုက်ကနေ သီးခြားအုပ်ချုပ်ရေးမျိုးကို ဖော်ဆောင်ခဲ့ကြတာ ဖြစ်တယ်။ အခု ဒီနေ့ဒီအချိန်မှာ ကျနော်တို့က အဲဒါတွေကို စုစည်းပြီးတော့ ချင်းပြည်အဆင့်၊ အမျိုးသားအဆင့် အုပ်ချုပ်မှုမျိုးကို အားလုံးစုစည်းပြီးတော့ ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့အနေနဲ့ Chin Land Council ဆိုပြီး ဖွဲ့စည်းထားပါတယ်။ ချင်းပြည်နယ်ကောင်စီကို CNFCA နဲ့ မြို့နယ်ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့တွေရယ်။ ပြီးတော့ ၂၀၂၀ မှာ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် - အခု တော်လှန်ရေးမှာ ပါဝင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သုံးစုသုံးဖလှယ်နဲ့ ချင်းပြည်နယ်ကောင်စီကို ဖွဲ့စည်းပြီးတော့ အဲဒီကောင်စီအောက်ကနေ ချင်းပြည်အဆင့် ဥပဒေရေးရာ၊ အုပ်ချုပ်ရေးရာ၊ တရားစီရင်ရေးဆိုပြီးတော့ အစိုးရကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီအောက်မှာမှ အုပ်ချုပ်ရေးကို မြို့နယ်အဆင့်ထဲက အဆင့်အားလုံး စုစည်းပြီးတော့ ချင်းပြည်အဆင့် အုပ်ချုပ်ရေးကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီအောက်မှာပါပဲ ရက်ပေါင်း ၆၀ အတွင်း အုပ်ချုပ်ရေးကို လည်ပတ်နိုင်ဖို့ ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးတော့ အဲဒီဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ NUG အမျိုးသားညီညွှတ်ရေးအစိုးရနဲ့ကော ချင်းတော်လှန်ရေးတပ်တွေ။ အထူးသဖြင့် CNF နဲ့ ဘယ်လိုဆက်ဆံရေးမျိုး ရှိပါသလဲရှင့်။
ဖြေ ။ ။ NUG နဲ့ ဆိုရင်တော့ ကျနော်တို့က မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း NUG နဲ့ ပထမဦးဆုံး ချိတ်ဆက်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲဒါကြောင့် NUG နဲ့ ကျနော်တို့က နားလည်မှုစာချွန်လွှာ MOU ပုံစံ လက်မှတ်ထိိုးပြီးတော့ အဲဒီအတိုင်း နွေဦးတော်လှန်ရေးမှာ အတူလက်တွဲပြီးတော့ အပြန်အလှန် လေးစားမှု၊ နားလည်မှုတွေနဲ့ စစ်ရေး၊ နိုင်ငံရေးတွေကို အတူဖော်ဆောင်ဖို့ဆိုပြီး NUG နဲ့ နဂိုကတည်းကိုက MOU နားလည်မှုစာချွန်လွှာ ရရှိပြီသာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့က NUG နဲ့ CNF အနေအထားနဲ့လည်းကောင်း၊ ချင်းပြည် Chin Land Council အနေအထားနဲ့လည်းကောင်း အဲဒီလို ဆက်လက်ပြီးတော့ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေကို ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ အခုဆိုရင် ရှမ်းမြောက်မှာ စတင်ခဲ့တဲ့ ညနောင်မဟာမိတ်သုံးဖွဲ့က စတင်ခဲ့တဲ့ စစ်ဆင်ရေး အရှိန်အဟုန်က တနိုင်ငံလုံးကို ရိုတ်ခတ်ခဲ့တယ်။ ဥပမာ ချင်းပြည်နယ်မှာဆိုလဲ အရင်ကတည်းက တိိုက်ပွဲတွေ ရှိနေခဲ့တယ်။ ဒါပေမဲ့ ဒီအရှိန်အဟုန်က ချင်းပြည်နယ်ကိုလည်း ရိုတ်ခတ်တဲ့အတွက် ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက အခု နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ စစ်ကောင်စီကို ပြန်ပြီးတော့ ခုခံနေတဲ့ အနေအထားမှာ အခုဆိုရင် စစ်ကောင်စီဘက်က တွေ့ဆုံဆွေးနွေးရေးဆိုပြီးတော့ ရှမ်းပြည်မြောက်ပိုင်းမှာ ကမ်းလှမ်းပြောဆိုလာတာ၊ တရုတ် အကူအညီတောင်းပြီး ပြောဆိုလာတာတွေလည်း ရှိတဲ့အခါကြတော့ အဲဒီလိုမျိုး တွေ့ဆုံဆွေးနွေးရေးကို စစ်ကောင်စီဘက်က အဲဒီလိုမျိုး ပြောလာတယ်။ တဘက်မှာလည်း တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်ဆိုတော့ စစ်ကောင်စီအပေါ် တိိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ သဘောထား၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ သဘောထားကို CNF အနေနဲ့ ဘယ်လိုရှိပါသလဲရှင့်။
ဖြေ ။ ။ အဲဒီ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့နေရာမှာ အခု ကျနော်တို့ ၂၀၁၅ မှာ NCA လက်မှတ်ရေးထိုးထားတဲ့ တွေ့ဆုံဆွေးနွေးရေးက ၂၀၀၈ ဖွဲ့စည်းပုံ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြင်ဆင်ဖို့ အဓိကက နိုင်ငံရေး ဆွေးနွေးပွဲလုပ်မယ်ဆိုတဲ့ဟာ အဲဒီ NCA - အခု အရှေ့မြောက်မှာ ဖြစ်နေတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာ အဲဒါ မဟုတ်ဘူး။ လက်တလော ဒေသတခု၊ စစ်ဆင်ရေးတခု၊ နေရာတခု အခိုက်အတန့် စစ်ရေး ငြိမ်သွားအောင်ဆိုပြီးလုပ်တဲ့ ကြားထဲမှာ ဖြတ်ပြီးတော့ ဖြစ်လာတဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပါတယ်။ ကျနော်က အဲဒီလိုပဲ မြင်ပါတယ်။ မတူပါဘူး။ NCA က တနိုင်ငံလုံး အတိိုင်းအတာနဲ့ ထိုးတဲ့ဟာနဲ့ အခုဟာက မတူပါဘူး။ ဆိုတော့ အရှေ့မြောက်မှာ တရုတ်က လုပ်နေတဲ့ဟာတွေက ကြားကာလ။ ပြောရရင်တော့ တဒင်္ဂါ အကိုက်အခဲပျောက်ဆေးလိုပဲ ဖြစ်ပါတယ်။ ဆိုတော့ အရှေ့မြောက်သုံးဖွဲ့ကလည်း သူတို့မှာ နိုင်ငံရေး ရည်မှန်းချက်၊ ဦးတည်ချက် အခိုင်အမာ ရှိထားပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးရေးကြောင့် သူတို့ရဲ့ ဦးတည်ချက် နိုင်ငံရေး ရပ်တည်ချက်တွေ လုံးဝပျက်ပြယ်သွားနိုင်စရာ အကြောင်းမရှိဘူးလို့ အဲဒီလိုပဲ ပြောချင်တယ်။
နောက်ပြီးတော့ အခု နွေဦးတော်လှန်ရေးမှာ ကျနော်တို့ နောက်နှစ် ဇန်နဝါရီ ပြီးရင်တော့ သုံးနှစ်ပြည့်ပြီ။ အဲဒီကာလတလျှောက်လုံး တိုက်ပွဲအနေအထားတွေကို ကြည့်လိုက်ရင် နွေဦးတော်လှန်ရေးရဲ့ ပထမနှစ်ကတော့ ကိုယ့်ကိုယ်ကို တိုက်ရင်နဲ့ ခုခံကာကွယ်ရင်နဲ့ အင်အားတည်ဆောက်ရတဲ့ကာလလို့ ပြောလိုပါတယ်။ ဒုတိယနှစ်ကတော့ ခုခံစစ်နဲ့ ချေမှုန်းစစ်ကြား - ချေမှုန်းစစ် လုပ်နိုင်ဖို့ ကိုယ့်ကိုယ်ကို ကာကွယ်ရင်နဲ့ အဲဒီရှိထားတဲ့ အခြေအနေ၊ အနေအထားတွေကို အသုံးပြုပြီးတော့ တော်လှန်ရေး ဆင်နွှဲရတဲ့အဆင့်။ အခု တတိယနှစ်၂၀၂၃ မှာတော့ အဲဒီလို မဟုတ်တော့ဘူး။ ကျနော်တို့ဘက်က စစ်ရေး အားသာလာပြီးတော့ ချေမှုန်းစစ် အနေအထားကို ရောက်သွားတာ။
အခု အရှေ့မြောက်သုံးဖွဲ့က ပါလာတော့ နွေဦးတော်လှန်ရေးက အသစ်တဖန်နဲ့ လှိုင်းကြီးက ပေါ်လာတာမျိုး ဖြစ်သွားတယ်။ အဲဒီအတွက် မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ရေးကြီးက အင်မတန်မှ ဒီတော်လှန်ရေးကြီးအတွက် ထိရောက်တယ်။ မဟာဗျူဟာမြောက်တဲ့ စစ်ဆင်ရေးကြီးတခု ဖြစ်တယ်။ လက်တွေ့ပြောရရင် ပွင့်လင်းရာသီ ရောက်ပြီဆို ချင်းတောင်ကို ပခုက္ကူ မကွေးတိုင်းကနေ စစ်ယာဉ်တန်း ၈၇ စီး၊ ချင်းတောင်ကိုဝင်ဖို့ ပြင်ဆင်ထားပြီးပါပြီ။ စက်တင်ဘာလအတွင်းမှာ ပခုက္ကူက ဖြတ်လာပြီး၊ ပေါက်မြို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ပွင့်လင်းရာသီမှာ ချင်းတောင်ကို ချေမှုန်းဖို့။ ဒါပေမဲ့ အခု အရှေ့မြောက်သုံးဖွဲ့က ဝင်လာတော့ အဲဒါတွေအားလုံး ပြန်ရုတ်သွားတဲ့အနေအထား ဖြစ်တယ်။ အဲဒါကြောင့် ဒီနှစ်ထဲမှာ ပြည်မကနေ စစ်ယာဉ်တန်းကြီးတွေ ချင်းတောင်ကို စစ်ဆင်ရေး ထိုးလာတာ မရှိပါဘူး။ အဲဒီလို မရှိတဲ့အတွက် ဒီအထိုင်စခန်းမှာ ချင်းတောင်မှာ နဂိုကတည်းက တပ်ချထားတာတွေကို မြို့သိမ်းတိုက်ပွဲအနေနဲ့ ဆင်နွှဲနေခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့တွေက ရှမ်းမြောက်သုံးဖွဲ့ပဲဖြစ်ဖြစ်၊ မဟာမိတ်အဖွဲ့တွေ မဖွဲ့ခင် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့မှာ ဦးတည်ချက် တူညီနေတော့ ဟိုဘက်က စစ်ဆင်ရေးကြီးလုပ်တယ်။ ဒီဘက်ကလည်း စစ်ရေး ဖော်ဆောင်ရမယ်။ အဲဒါ သူ့ဟာသူ ပေါ်လာတာ၊ ကျနော်တို့က ဦးတည်ချက် တူနေတော့ စစ်ရေးကို ဗျူဟာတွေနဲ့ မဟာဗျူဟာမြောက် စစ်ဆင်ရေးတွေကို ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။