လာမယ့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းခဲ့တဲ့ နှစ်နှစ်ပြည့်သွားပါပြီ။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် တိုင်းပြည်ရဲ့ မျိုးဆက်သစ်လူငယ်တွေဟာ ကဏ္ဍအသီးသီးကနေ ပါဝင်လှုပ်ရှားနေကြပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် အဖက်ဖက်မှာ ပြိုလဲပျက်စီးနေတဲ့ နိုင်ငံအတွက် အနာဂတ်ကို တည်ဆောက်ဖို့ လူငယ်တွေရဲ့အမြင်၊ လမ်းကြောင်းတွေ ဘယ်လိုရှိမလဲ။ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ NLD လူငယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ ပြောခွင့်ရလည်းဖြစ်တဲ့ စည်သူမောင်ရဲ့အမြင်တွေကို ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ မအင်ကြင်းနိုင်က မေးမြန်းတင်ဆက်ထားပါတယ်။
မေး ။ ။ မင်္ဂလာပါ ကိုစည်သူမောင်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေဘက် လှုပ်ရှားမှုတွေ။ အဲဒီတော့ ကိုစည်သူမောင် တာဝန်ယူပြီးတော့ လှုပ်ရှားနေတဲ့ နောက်ဆုံးအခြေအနေကို ပြောပြလို့ရမလားရှင့်။
ဖြေ ။ ။ မင်္ဂလာပါ။ ကျနော့်အနေနဲ့တော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှာ ပါဝင်ပါတယ်။ နောက်တခုကတော့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင်အဖြစ်လည်း ပါဝင်နေသလို၊ တဘက်မှာ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ကောင်စီဝင်အဖြစ်လည်း ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အနေနဲ့ စေလွှတ်တဲ့ ကိုယ်စားလှယ်ထဲမှာ ကျနော်ပါပါတယ်။ နောက်ထပ် လက်ရှိကာလမှာတော့ ကျနော်တို့အားလုံး ကြိုးစားနေတဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး Transitional Constitution ရေးဆွဲရေး အလုပ်အဖွဲ့မှာလည်း ကျနော် ပါဝင်တယ်။ နောက်ဆုံး ဘာတွေလုပ်နေသလဲမေးရင် ကျနော်တို့ လက်ရှိအနေအထားမှာတော့ အကြမ်းဖက်စစ်ကောင်စီကနေ စိတ်ကူးယဉ်နေတဲ့ ၂၀၂၃ ခုနှစ် တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ Joint action plan ပေါ်မှာ သက်ဆိုင်ရာ platform တွေကနေ အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေ ရှိပါတယ်။
မေး ။ ။ အဲဒီတော့ ၂၀၂၁ ဖေဖေါ်ဝါရီမှာ စစ်အာဏာသိမ်းခဲ့တဲ့ ကိစ္စမှာ တတိုင်းတပြည်လုံးက၊ ပြည်သူတွေအကုန်လုံး ကန့်ကွက်ဆန့်ကျင် ဆန္ဒပြခဲ့ကြတယ်။ အဲဒီလှုပ်ရှားမှုမှာဆိုရင် လူငယ်တွေ ရဲရဲရင့်ရင့်နဲ့ ဦးဆောင်ပါဝင်တာတွေလည်း တွေ့ရပါတယ်။ ဆိုတော့ အခု (၂) နှစ်ကြာလာပြီးနောက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူငယ်တွေရဲ့ လှုပ်ရှားမှု၊ နောက်ဆုံးအခြေအနေကို ကိုစည်သူမောင် ဘယ်လိုမြင်သလဲရှင့်။
ဖြေ ။ ။ နွေဦးတော်လှန်ရေးအစကနေ သုံးသပ်ရရင် နွေဦးတော်လှန်ရေးအစမှာ နယ်ပယ်စုံက လူငယ်တွေ ပါလာကြတယ်။ ဥပမာ သဘင်ဂီတအနုပညာ နယ်ပယ်က လူငယ်တွေ ပါလာတယ်။ နောက်ပြီးတော့ တခြားနည်းပညာ ကျွမ်းကျင်သူတွေ ပါလာတယ်။ ဆန္ဒပြမှုတွေမှာ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ ဆန္ဒပြမှုတွေ၊ performance တွေ အများကြီးလုပ်နိုင်ခဲ့တယ်။ ကမ္ဘာရဲ့ စိတ်ဝင်စားမှုကိုလည်း ရခဲ့တယ်။ အဲဒီမှာ လူငယ်တွေ ကြွေးကြော်တာတခု ရှိတယ်။ ဘာလဲဆိုတော့ 'ကျနော်တို့က လူငယ်တွေပါ။ ကျနော်တို့မှာ အနာဂတ် ရှိတယ်' ဆိုတာ ဖြစ်တယ်။ စစ်အာဏာသိမ်းပြီးလိုက်ကတည်းက လူငယ်တွေက အနာဂတ်ပျောက်သလို ခံစားရတယ်အတွက်ကြောင့်၊ စစ်အာဏာသိမ်းတယ်ဆိုတာက မြန်မာပြည် နိုင်ငံရေးသမိုင်းမှာ ယဉ်ကျေးမှုကြီးတခုလို အစဉ်အလာ အခုလိုဖြစ်သွားမှာကို သူတို့တွေ စိုးရိမ်တယ်။ အဲဒီအတွက်ကြောင့် သူတို့လမ်းပေါ်တက်လာပြီးတော့ လူလှိုင်းလုံးတွေနဲ့ ဆန္ဒပြလို့ရတဲ့ အခြေအနေမှာ လူငယ်တွေက သူတို့ရဲ့တာဝန်ကို ကျေခဲ့ကြတယ်။ အစောပိုင်းမှာတော့ စစ်တပ်ရဲ့ ရမ်းကားရက်စက်မှုကို သူတို့အနေနဲ့ ရေတိုင်ဂီအဖုံးတွေ၊ ပိုက်တွေ၊ သဲအိတ်တွေကာပြီးတော့ သူတို့ ခုခံပြီးတော့ သူတို့ကိုယ်သူတို့ ကာကွယ်ခဲ့ကြတယ်။ နောက်ပိုင်းကြတော့ ဆန္ဒပြပွဲကနေ နောက်ထပ်တဆင့် သူတို့ ကိုယ်တိုင်ဆန္ဒပြတာ မဟုတ်တော့ဘဲနဲ ဆန္ဒကို လက်တွေ့အကောင်အထည်ဖောင်ရမယ်လို့ သူတို့နားလည်လာတယ်လို့ ကျနော် မြင်တယ်။ ဆိုလိုတာက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဆန္ဒပြတယ်ဆိုတာ သက်ဆိုင်ရာ အစိုးရတွေက နားလည်လက်ခံလာအောင်၊ ပြုပြင်ပြောင်းလဲမှု ရှိလာအောင်လုပ်တာ၊ ထုတ်ဖော်ဆန္ဒပြတာ။ ဒါပေမဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း မဟုတ်ဘဲနဲ့ လက်နက်အားကိုးနဲ့ မိုက်ရိုင်းနိုင်ထက်စီးနင်း လုပ်တဲ့ လူ့အဖွဲ့အစည်းမှာ ဆန္ဒပြလို့ မရတော့ဘူးလို့ နားလည်သွားတယ်။ အဲဒီအတွက်ကြောင့် ဆန္ဒကို လက်တွေ့အကောင်အထည်ဖော်တဲ့ တော်လှန်ရေးရဲ့ နောက်တဆင့် အားလုံးက တက်လှမ်းလာကြပြီ။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့အားလုံး၊ တချို့လူငယ်တွေအားလုံးက သက်ဆိုင်ရာ EROs နယ်မြေတွေကို ရောက်လာခဲ့တယ်။ အဲဒီမှာ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲမယ်ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ သူတို့အားလုံးဟာ တော်လှန်ရေးရဲ့ နောက်တဆင့်မှာ ထပ်ပြီပါလာကြတယ်။
နောက်တခု ကျနော် သတိပြုမိသလောက်တော့ အခုနောက်ပိုင်းမှာ ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တော်တော်များများသည် ပတ်စ်ပို့စ်ရုံးလို နေရာမျိုးတွေမှာ အများကြီးတန်းစီးပြီးတော့ ပတ်စ်ပို့စ်တွေကို တိုးဝှေ့ပြီးတော့ စောင့်ဆိုင်းနေတဲ့ မြင်ကွင်းတွေလည်း ကျနော် တွေ့တယ်။ အဲဒါက ဘာကိုပြောတာလဲဆိုတော့ မြို့ပေါ်တွေမှာ သူတို့ မနေချင်ကြတော့ဘူး။ ပြောချင်တာက ခွင့်ပြုလိုက်မယ်ဆိုရင် အားလုံးဟာ ဒီစစ်အုပ်ချုပ်ရေးအောက်မှာ တနည်းနည်းနဲ့ မပတ်သတ်ချင်ဘဲနဲ့ သူတို့ရဲ့ အနာဂတ်အတွက် ကောင်းရာကောင်းကြောင်း၊ သို့တည်းမဟုတ် သူတို့တွေရဲ့ တိုင်းပြည်အတွက် ကောင်းရာကောင်းကြောင်း နည်းလမ်းတခုခုကိုတော့ ရွေးချယ်နေကြတယ်။ အဲဒါ စစ်အုပ်ချုပ်ရေး ဖြစ်သွားတဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဆိုးကျိုးတွေ၊ သက်ရောက်မှုတွေလို့ မြင်တယ်။ သတင်းသမားတွေထဲမှာဆိုလည်း ဒီလိုပဲ သတင်းသမား တော်တော်များများက လူငယ်တွေများတယ်။ သတင်းသမားတွေ တော်တော်များများလည်း အခု ဒုတိယလို နိုင်ငံတွေမှာ တိမ်းရှောင်ပြီးတော့ ရောက်ရှိနေတဲ့ သတင်းသမားတွေလည်း ရှိတယ်။ တောတွင်းလွတ်မြောက်နယ်မြေတွေမှာ ဆက်လက်ပြီးတော့ သူတို့ရဲ့ သတင်းသမားဘဝကို struggle ရုန်းကန်လှုပ်ရှားပြီးတော့ ရှင်သန်လှုပ်ရှားနေသူတွေလည်း ရှိတယ်။ ဒါမျိုးတွေလည်း ကျနော် ကြုံတွေ့ခဲ့ရဖူးတယ်။
မေး ။ ။ အဲဒီမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားတဲ့ ဆန္ဒပြမှုတွေ၊ အာဏာသိမ်းပြီးခါစမှာ ရန်ကုန်မြို့မှာဆိုရင်လည်း ကိုစည်သူမောင်ကိုယ်တိုင်ပဲ လူငယ်လွှတ်တော်အမတ်တဦးအနေနဲ့ ပါဝင်ခဲ့တာ တွေ့ရတယ်။ ဟောပြောတာတွေ တွေ့ရတယ်ဆိုတော့ အခု AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အစီရင်ခံစာအရဆိုရင် စစ်ကောင်စီကနေ ဒီလို ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ဖိနှိပ်တဲ့အတွက်ကြောင့် သေဆုံးခဲ့ရတဲ့ လူတွေထဲမှာ လူငယ်တွေအများစုပါတယ်။ အထူးသဖြင့် အသက် (၁၆) နှစ်ကနေ (၃၀) ကျော်အရွယ် ပတ်ဝန်းကျင် ကိုးရာကျော်လောက်က ဒီဖိနှိပ်မှုကြောင့် သေဆုံးခဲ့ရတယ်ဆိုပြီး ဖော်ပြထားတယ်။ နောက် လူငယ်တွေ ထောင်နဲ့ချီပြီးတော့လည်း ဖမ်းဆီးအကျဉ်းကျခံထားရတယ်။ ဆိုတော့ကာ စစ်ကောင်စီရဲ့ ဒီလိုဖိနှိပ်မှုတွေ၊ လူငယ်တွေအပေါ် ပစ်မှတ်ထားပြီးတော့ ဖိနှိပ်တဲ့ဟာတွေက အခုလက်ရှိ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေ၊ တိုင်းပြည်ကို ဒီမိုကရေစီ ပြန်တည်ဆောက်နေရမှာပဲဖြစ်ဖြစ် သူတို့ရဲ့ လှုပ်ရှားမှုတွေအပေါ်မှာ ဒီလိုဖိနှိပ်မှုတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိသလဲရှင့်။
ဖြေ ။ ။ ကျနော့်အနေနဲ့ ပြောရင်တော့ ၂၀၀၇ ကာလတုန်းကလည်း ဒီလိုပဲ လူငယ်တွေပါကြတယ်။ အဲဒီမှာ ဖိနှိပ်မှုပေါ် သက်ရောက်မှုလို့ ပြောရင်တော့ အရင်တုန်းကဆိုရင် သေနတ်သံတချက်က ဆယ်စုနှစ်နှစ်စုစာလောက် အသံတိတ်သွားတတ်တယ်။ ၂၀၀၇ ကာလနဲ့ နှိုင်းယှဉ်ပြောရင် အဲဒီတုန်းကလည်း လူငယ်တွေ ပါခဲ့တာပဲ။ စက်တင်ဘာလ (၁၈) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ ဆန္ဒပြနေခဲ့ကြတယ်။ သို့ပေမဲ့ ၂၆ ရက်နေ့မှာ သွေးမြေကျတဲ့ ပစ်ခတ်နိမ်းနင်းမှု ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အားလုံးဟာ သူတို့ရဲ့ နဝတ-နအဖလက်ထက် စကားနဲ့ပြောရရင် ငြိမ်ဝပ်ပိပြားမှုကို တည်ဆောက်နိုင်ခဲ့တယ်။ သူတို့ ထိန်းနိုင်ခဲ့တယ်။ ဒီဘက်မှာကြတော့ (၂) နှစ်တာကာလအတွင်းမှာ သေနတ်တွေနဲ့ ပစ်လိုက်တယ်။ သို့ပေမဲ့လို့ အဲဒီဟာက ငြိမ်ဝပ်ပိပြားမှုကို မထိန်းနိုင်ဘဲနဲ့ လူငယ်တွေဟာ လုံးဝ၊ ပထမတော့ သွေးအေးသွားမလားလို့ ထင်ခဲ့တယ်။ သွေးမအေးသွားဘူး။ နောက်တခါ သွေးကြောင်သွားမလားလို့ ထင်တယ်။ သွေးမကြောင်သွားဘူး။ တခါ ဘာထပ်လုပ်သလဲဆိုတော့ သွေးကွဲသွားအောင် ထပ်ဖန်တီးတယ်။ သွေးမကွဲအောင်လို့ ဒီတော်လှန်ရေးကို အခုအချိန်မှာ ဟန်ချက်ညီညီနဲ့ပဲ ဆက်ပြီးတော့ - ကျနော်မြင်တယ် သူ့ရဲ့ မျက်နှာလွှာအောက်ကနေ တရွေ့ရွေ့သွားနေတယ်လို့ မြင်တယ်။ အဲဒါကြောင့် အဲဒီအပေါ်မှာ လူငယ်တွေရဲ့ တုန့်ပြန်မှုသည် လုံးဝသွေးမအေးသွားတာ၊ သွေးမကြောင်သွားတာကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဘာကြောင့်လဲဆိုတော့ ကိုးရက်တာ ဆန္ဒပြပွဲတွေ ဖြစ်ပြီတော့ ပစ်ခတ်ဖြိုခွင်းခံခဲ့ရတဲ့ ၂၀၀၇ တော်လှန်ရေးနဲ့ ဒီဘက်က (၂) နှစ်တာထိကို တော်လှန်ရေးက အဆင့်တခုပြီးတခု တက်လှမ်းနေတဲ့ လူထုရဲ့ တုံ့ပြန်အားကြီး၊ လူငယ်ထုတွေရဲ့ တုံ့ပြန်အားကြီးက အင်မတန်မှ ကြီးမားပြီးတော့ ဒါဟာ တော်လှန်ရေးရဲ့ အောင်မြင်ရာ အောင်မြင်ကြောင်းရဲ့ သော့ချက်လို့လည်းမြင်တယ်။
နောက်တချက်က နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးရဲ့ အောင်ခြင်းတရားက ဘာလဲလို့ ကျနော်ပြောရမယ်ဆိုရင် ကိုယ်ချင်စာတရားပဲ။ တချိန်တုန်းက မြို့ပေါ်မှာ အနေများတဲ့ လူငယ်တော်တော်များများဟာ တိုင်းရင်းသားဒေသတွေမှာ ဖြစ်တဲ့၊ ရခိုင်ဒေသတွေမှာဖြစ်တဲ့ ရက်စက်ရမ်းကားမှုတွေ၊ ရိုဟင်ဂျာတွေပေါ် ရက်စက်ရမ်းကားမှုတွေကို သူတို့အနေနဲ့ တကယ်လို့ မထင်ခဲ့ကြဘူး။ တကယ်ကိုယ်ကိုယ်တိုင် ခေါင်းတွေကို ပစ်သတ်ခံရတယ်။ လမ်းပေါ်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ ရမ်းကားရက်စက်မှုကို ကြုံတွေ့ရတော့မှာ ဒီဒေသတွေမှာ တကယ်ဖြစ်ခဲ့ပါလားဆိုတဲ့ ကိုယ်ချင်စာတရားကို ရခဲ့ကြတယ်။ အတွေးအခေါ်အားဖြင့်ပါ လူငယ်တွေက ပြောင်းလဲသွားတယ်။ ငါတို့ဟာ ဒီစနစ်ဆိုးကို၊ စနစ်ဆိုးရဲ့ ဆိုးမွေတွေအားလုံးကို လွတ်မြောက်ဖို့အတွက်က အတူတူရုန်းရမယ်ဆိုတဲ့ စိတ်တွေ ဖြစ်သွားတယ်။ ဖိနိပ်ခံနေရတာ အတူတူပဲဆိုတဲ့ အခြေခံကနေ တော်လှန်ရေးမှာ သွေးစည်းမှုတခုတော့ ရသွားတာတော့ အမှန်ပဲဆိုတာကို ကျနော်ကတော့ ယုံကြည်တယ်။
မေး ။ ။ တဘက်မှာလဲ စစ်ကောင်စီက ရွေးကောက်ပွဲလမ်းကြောင်းကို ချပြထားတယ်။ တဘက်မှာလဲ CRPH, NUG တို့ကလည်း ဒါကို လက်မခံဘူးဆိုတာကိုလည်း ကန့်ကွက်ထားတယ်။ ကိုစည်သူမောင်လို လူငယ်လွှတ်တော်အမတ်တဦးအနေနဲ့ အခု တိုင်းပြည်ရင်ဆိုင်နေရတဲ့ အခြေအနေမှာ တကယ့်ကို ဖြေရှင်းနိုင်မယ့်၊ အဖြစ်နိုင်ဆုံး အဖြေရှင်းနိုင်မယ့် လမ်းကြောင်းကို ဘယ်လိုမြင်သလဲရှင့်။
ဖြေ ။ ။ ကျနော်မြင်တာကတော့ နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်က ဘာလဲလို့မေးရင် တခုတည်းပဲ။ ဖက်ဒရယ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး။ အဲဒီတော့ ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောကြတဲ့အခါမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ပြောတဲ့ ဖက်ဒရယ်နဲ့ ဒီဘက် တော်လှန်ရေးအင်အားစုတွေပြောတဲ့ ဖက်ဒရယ်က သိသိသာသာ ကွာခြားတယ်လို့ ကျနော် မြင်တယ်။ အဲဒီတော့ ဖက်ဒရယ်ဆိုတာဟာ တစုံတဦး၊ တဖွဲ့၊ တပါတီရဲ့ လက်ဝေခံ မဟုတ်ဘဲနဲ့ တကယ် ငါတို့ ဒီပြည်ထောင်စုကို အတူတူတည်ထောင်ကြတယ်ဆိုတဲ့ စိတ်နဲ့ coming together စိတ်နဲ့ သွားနေတဲ့ ဖက်ဒရယ်ကို တိုင်းရင်းသားတွေအားလုံးက လိုချင်တာ ဖြစ်တယ်။ ဒီအချိန်မှာ ကျနော်တို့ လိုအပ်နေတာက ကျနော်တို့ အမြဲပြောတယ် - ရွေးကောက်ပွဲဆိုတာ လက်ရှိ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နိုင်ငံရေးနည်းလမ်း မဟုတ်ဘူး။ ကျနော်တို့က စနစ်ပြောင်းဖို့သွားတာ။ အုပ်ချုပ်မှုပြောင်းဖို့အတွက် ကြိုးစားနေတဲ့ တော်လှန်ရေး မဟုတ်ဘူး။ အုပ်ချုပ်မှုပြောင်းဖို့အတွက် တော်လှန်ရေးက ရှင်းတယ်။ ရွေးကောက်ပွဲ ဝင်လိုက်လို့ရှိရင် အုပ်ချုပ်မှုပုံစံ ပြောင်းသွားမယ်။ ၂၀၁၀ ကလို အရပ်သားအစိုးရတပိုင်း စစ်အုပ်ချုပ်ရေးတပိုင်း အုပ်ချုပ်ရေးမျိုး ဖြစ်မယ်။ စနစ်တခုကို ပြောင်းဖို့အတွက် ကြိုးစားနေတာ။ အဲဒီတော့ စနစ်တခု ပြောင်းတယ်ဆိုတာသည် အဲဒီစနစ် ပြောင်းဖို့ဟာ ဖက်ဒရယ်စနစ်ကို ပြောမယ်ဆိုရင် ဖက်ဒရယ်စနစ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ လုံးဝမရနိုင်တဲ့ အခြေအနေ ဖြစ်တဲ့အတွက်ကြောင့် ၂၀၀၈ အောက်က ဖက်ဒရယ်ကိုတော့ မပြောဘဲနဲ့ ကျနော်တို့ဟာ တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ကိုရဖို့အတွက် သွားမယ်ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်အတိုင်း အခု တိုင်းရင်းသားတွေအားလုံး၊ တော်လှန်ရေးအင်အားစုတွေအားလုံး ရည်မှန်းချက်ပန်းတိုင် အတူတူချီတက်နေကြတယ်။
မေး ။ ။ အဲဒီတော့ စစ်ကောင်စီဘက်က ပါဝင်လာဖို့အပိုင်းကိုကြတော့ အတတ်နိုင်ဆုံး အဲဒီလမ်းကြောင်းနဲ့ ပတ်သက်ပြီး ကိုစည်သူမောင်တို့က ဘယ်လိုမြင်လဲ။ ဘယ်လို စဉ်းစားထားသလဲရှင့်။
ဖြေ ။ ။ စစ်ကောင်စီဟာ လူမှန်နေရာမှန်မှာရှိတဲ့ လူ့အဖွဲ့အစည်းမှာဆိုရင် စစ်တပ်က မြန်မာပြည် နိုင်ငံရေးမှာ ပတ်သက်စရာအကြောင်း မရှိပါဘူး။ စစ်တပ်ဟာ ကာကွယ်ရေးဆိုတဲ့ကဏ္ဍမှာပဲ ပတ်သက်ရင်နဲ့ တိုင်းပြည်ရဲ့ လူမှန်နေရာမှန်ရှိတဲ့ လူ့အဖွဲ့အစည်းတခုကို သွားမှသာလျှင် ကျနော်တို့တိုင်းပြည်က ငြိမ်းချမ်းမှာ ဖြစ်တယ်။ ကျနော်တို့တိုင်းပြည်မှာ ခေတ်အဆက်ဆက် မငြိမ်းချမ်းတဲ့ ပြဿနာဟာ လူမှန်နေရာမှာမှန် မရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေလို့ပဲ။ ယူနီဖောင်းတွေနဲ့ ဝင်ထိုင်နေတဲ့ လွှတ်တော်ကြီး။ စစ်ယူနီဖောင်းတွေနဲ့ ကြယ်ပွင့်တွေ၊ ကြယ်ခတ်တွေနဲ့ စစ်မြေပြင် မဟုတ်တဲ့နေရာမှာ လွှတ်တော်လို နေရာမျိုးမှာ လာဝင်ထိုင်နေတဲ့ လူ့အဖွဲ့အစည်း မဖြစ်ဖို့ လိုအပ်တယ်။ အဲဒါကြောင့် အနာဂတ် မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ စစ်တပ်ဆိုတဲ့ Institution သည် နိုင်ငံရေးဆိုတဲ့ အာဏာဆိုတဲ့ နိုင်ငံရေးထဲ ပါဝင်ဖို့ မလိုဘူး။ တိုင်းပြည်ကို ကာကွယ်ရေးနဲ့ ပြည်ပရန် ကာကွယ်ရေးဆိုတဲ့ ကဏ္ဍမှာပဲ သူတို့ပါဝင်ရင်နဲ့ တကယ့်ကို လူမှန်နေရာမှန်ရှိတဲ့ လူ့အဖွဲ့အစည်းတခုကို ပြန်လည်ထူထောင်ရေးသည်သာ ကျနော်တို့တိုင်းပြည်အတွက် ဖြေရှင်းရမယ့် အဖြေတခု။
မအင်ကြင်းနိုင် ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုစည်သူမောင်။
==== Unicode ====