ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်စွာသွားရောက်တွေ့ဆုံခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ရဲ့ မြန်မာခရီးစဉ်ကို NUG အမျိုးသားညီညွတ်ရေးအစိုးရက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့တွေ့ဆုံမှုဟာ အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးရပ်ကို ကျော်လွန်ပြီး အပြိုင်ဆောင်ရွက်မှုကြောင့် အာဆီယံအခန်းကဏ္ဍကို ပိုပြီးအားနည်းစေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကို ပြောပါတယ်။
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ ဝန်ကြီးဒေါ်ဇင်မာအောင်ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ အရင်ဆုံးမေးချင်တာကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အခု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင်မှာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို လျှို့ဝှက်စွာ သွားရောက်ခဲ့ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိတ်တစိတ် တွေ့ဆုံခဲ့တယ်။ ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ နှစ်ဦးတည်း တွေ့ခဲ့တယ်ဆိုတဲ့ကိစ္စကို စစ်ကောင်စီကလည်း ဒီကနေ့ဆိုရင် VOA ကို အတည်ပြုတယ်။ နောက်ပြီး သူတို့နှစ်ဦိးတည်း ၁ နာရီကျော်ကြာ တွေ့ဆုံခဲ့တယ်ဆိုတာကိုလည်း ပြောတယ်။ ဘယ်နေရာမှာ တွေ့တယ်ဆိုတာကို အတိအကျမသိရပေမဲ့ သူတို့ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီးတော့ သတင်းတွေအမျိုးမျိုး ထွက်ပေါ်နေတာတွေတော့ ရှိတာပေါ့။ NUG ဘက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ဆက်သွယ်ရာမျိုး၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဘက်ကရော NUG ကို ဆက်သွယ်တာမျိုး၊ ပြောဆိုတာမျိုး ရှိပါသလားရှင့်။
ဖြေ ။ ။ ကျမတို့ နောက်ဆုံးမေးခွန်းကနေ ပြန်စရင်တော့ ကျမတို့ တောက်လျှောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံကနေ မြန်မာ့အရေးအတွက် ကိုယ်စားလှယ်ခန့်အပ်ထားတဲ့ လူကိုပါ တောက်လျှောက် စာနဲ့ဆက်သွယ်လုပ်ခဲ့တာတွေ ရှိပါတယ်။ အရေးကြုံတိိုင်းလည်း ဒုက္ခသည်များအရေး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အရေးတွေနဲ့ ပတ်သက်လို့လည်း ကျမတို့ဘက်က တောက်လျှောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို လိပ်မူပြီးတော့ ဆက်သွယ်ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဘက်က အခုအချိန်အထိ တောက်လျှောက် ပြန်လည်တုံ့ပြန်တာ၊ အကြောင်းပြန်တာ လုံးဝမရှိခဲ့ပါဘူး။ သူကတော့ တောက်လျှောက်ပဲ စစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ အနေအထားမျိုးကို ကျမတို့ တွေ့ရတယ်။ အခုအချိန်အထိလည်း ဒီအတိုင်းပါပဲ။ ကျမတို့ဘက်ကတော့ တစိုက်မတ်မတ် အကြောင်းရာတွေ ပေါ်လာတိုင်းမှာ။ နောက်ပြီးတော့ ထိုင်းရဲ့ ဥပမာ နှစ်သစ်ကူးပွဲတော်တွေမှာလည်း သဝဏ်လွှာ ပေးပို့တာတွေကအစ ဆက်သွယ်ဆောင်ရွက်တာတွေ ရှိပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကျမတို့ကို တိုက်ရိုက်တုံ့ပြန်တာ၊ ဆက်သွယ်ဆောင်ရွက်တာမျိုးတော့ မရှိခဲ့ပါဘူး။
မေး ။ ။ အဲဒီတော့ ထိိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားပြီးတော့ တွေ့ဆုံခဲ့တဲ့ကိစ္စမှာ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုပိုင်းလည်းပါသလို၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်ပဋိပက္ခတွေ ချုပ်ငြိမ်းရေး၊ အဆုံးသတ်ရေးမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ သူသွားခဲ့တာမျိုး တုံ့ပြန်ဖြေရှင်းထားတာ ရှိပါတယ်။ တဘက်မှာတော့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အထူးသံတမန်လည်း ရှိတယ်။ ဒီအတွက်လည်း အာဆီယံဘုံသဘောတူညီချက် ချမှတ်ထားတာတွေလည်း ရှိနေချိန်မှာ ထိုင်းနိုင်ငံက သူ့နည်းသူ့ဟန်နဲ့ ကြိုပမ်းတာက မြန်မာနိုင်ငံရဲ့ ပဋိပက္ခ ဖြစ်နေတာကို ဝိုင်းဝန်းဖြေရှင်းပေးတာဆိုတဲ့ ထိုင်းဘက်က တုံ့ပြန်ဖြေရှင်းချက်အပေါ် NUG ဘက်က ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ ။ ။ တစ်အချက် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လျှော့ချဖို့အတွက် သွားရတယ်ဆိုလို့ရှိရင်တော့ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့စရာမလိုဘူး။ အကြမ်းဖက်နေတာက ဘယ်သူလဲ။ ပြည်သူလူထုကို သတ်ဖြတ်နေတာက ဘယ်သူလဲ။ အခု သူသွားနေတဲ့ ကာလမှာပဲ လေယာဉ်တွေနဲ့ ဗုံးကြဲတာ၊ ကျေးရွာတွေကို မီးရှို့တာတွေကို တောက်လျှောက်လုပ်နေတာက စစ်တပ်က လုပ်နေတာ၊ SAC က လုပ်နေတာ ဖြစ်တဲ့အတွက် အကယ်၍ အကြမ်းဖက်မှုတွေကို ရပ်တန့်စေချင်တယ်ဆိုရင်တော့ မြန်မာပြည်ကိုသွားပါ။ သွားပြီးရင်တော့ စစ်ကောင်စီကို convince လုပ်ရမယ်။ အကြမ်းဖက်မှုကို ကျူးလွန်နေတဲ့ အဆမတန် အင်အားတွေသုံးပြီးတော့ ပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို လေကြောင်းအရ သာလွန်အင်အားသုံးပြီးတော့ အကြမ်းဖက်နေတာတွေ။ နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်တွေက ရွှေ့ပြောင်းပြီးတော့ အကျဉ်းထောင်ထဲမှာ သတ်ဖြတ်နေတာတွေ၊ သေဒဏ်ပေးနေတာတွေကို ရပ်တန့်သင့်တယ်။
ဒုတိယတချက်က ဘာလဲဆိုတော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်တွေ ပြောထားပြီးပြီ။ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ဆိုတဲ့ကိစ္စကို ပြောထားတယ်။ ဆိုတဲ့အခါကြတော့ ဒီဖြစ်စဉ်ကြီးကို ပြန်ကြည့်မယ်ဆိိုရင် ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ၊ CDM လှုပ်ရှားမှုတွေ၊ ဒီလိုမျိုး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေနဲ့ပဲ စခဲ့ကြတာ ဖြစ်တယ်။ အဲဒါကို သေနတ်နဲ့ ပစ်သတ်ပြီးတော့ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မှာ လမ်းတွေပေါ်မှာ အကြမ်းဖက်ပြီးတော့၊ လူနေရပ်ကွက်တွေအထဲထိ ဝင်ပြီးတော့ အိမ်ထဲမှာနေနေသူတွေကို အကြမ်းဖက်ခဲ့တာက စစ်တပ်၊ စစ်ကောင်စီ ဖြစ်တယ်။ အဲဒီတော့ အကြမ်းဖက်မှုကို စတင်ခဲ့တဲ့ လူမှာသာလျှင် အကြမ်းဖက်မှုကို ရပ်တန့်ဖို့ တာဝန်ရှိတယ်။ ဒါကိုပဲ တိုးလုပ်ဖိို့လိုတယ်လို့ ကျမ မြင်တယ်။ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်လို့။ ဆိုတော့ အခုနမေးခွန်းကို ပြန်ဖြေရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့တာ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖိို့ဆိုရင်တော့ တွေ့တဲ့လူ မှားနေတယ်လို့ ကျမအနေနဲ့ ပြန်ပြီးပြောချင်ပါတယ်။
မေး ။ ။ အဲဒီတော့ အခု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ သတင်းတွေပြန်ပြီး ထွက်လာတဲ့အပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလက်ရှိ NUG ရဲ့ အဖွဲ့အစည်းအပေါ် NUG နဲ့ PDF တို့လို တော်လှန်ခုခံနေတဲ့ အဖွဲ့တွေအပေါ် သူ့သဘောထားကို ပြောလိုက်တဲ့ဆိုတဲ့ သတင်းတွေ ထွက်နေတာ ရှိပါတယ်။ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီးတော့ NUG ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲရှင့်။
ဖြေ ။ ။ အဲဒါဆိုရင်တော့ သက်သေပြလို့ပဲ ပြောရမှာပဲ။ ဘယ်သက်သေနဲ့ ပြောမလဲပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောလိုက်တယ်ဆိုတဲ့ဟာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မပြောဘဲနဲ့ ဘယ်သက်သေနဲ့ ယုံရမလဲ။ ပြီးတော့ နှစ်ယောက်တည်း တွေ့တယ်လို့လည်း ပြောတယ်။ နှစ်ယောက်တည်း တွေ့တယ်ဆိုရင်လည်း တဘက်သတ်စကားပဲ ဖြစ်နေတယ်။ အခုက လူတယောက်ကို အကျဉ်းထောင်ထဲထည့်ထား၊ သတင်းအမှောင်ချထား၊ ဘယ်သူနဲ့မှလည်း ထိတွေ့ခွင့်လည်းမပေး၊ လွတ်လပ်စွာလည်း ထုတ်ဖော်ပြောဆိုခွင့်လည်း မရှိတဲ့လူကို နှစ်ယောက်တည်း သွားတွေ့ပါတယ်ဆိုပြီးတော့ သတင်းတွေ ထုတ်ချင်သလို ထုတ်နေတယ်ဆိုတာကိုတော့ ကျမတို့က တော်တော်လေး သံသယ ရှိစရာကောင်းတယ်။ ဘယ်လိုအထောက်အထားနဲ့ ဒါတွေကို မှန်ပါတယ်လို့ သက်သေပြမလဲဆိုတဲ့ အနေအထား။ ဒါကို ယုံကြည်စရာ မရှိတဲ့ မှတ်ချက်တွေပဲ ဖြစ်တယ်။ နောက်ပြီးတော့ ပြန်ပြီးတော့ ဖြစ်စဉ်တွေအရ ကြည့်မယ်ဆိုရင် ဒီစကားတွေကို စစ်ကောင်စီက ဟိုတုန်းကတည်းက ပြောစေချင်လို့ - ဒေါ်အောင်ဆန်းစုကြည်ကို ဟိုလူနဲ့တွေ့တယ်၊ ဒီလူနဲ့တွေ့တယ်ဆိုပြီး ပြီခဲ့တဲ့နှစ် တလျှောက်လုံး ဒီလိုတွေ လုပ်ခဲ့တာကို တွေ့ရတယ်။
နောက် သတင်းတွေ ထွက်လာတာတွေ ကြည့်ပြန်တော့လည်း အခုန သတင်း source ထွက်တဲ့ အဲဒီမှာလည်း ဘာကိုပြောထားလဲဆိိုတော့ အဲဒီသတင်းဌာနကနေ ဒီသတင်းတွေ စထွက်တယ်လို့ ကျမတို့ သတိထားမိတယ်။ ပြန်ကြည့် ပြန်ကောက်ရမယ်ဆိုရင် အဲဒီသတင်းဌာနက တာဝန်ရှိသူတယောက်က စစ်ကောင်စီက တာဝန်ရှိသူတယောက်နဲ့ ပြီးခဲ့တဲ့ ၂ လလောက်ကမှ သွားတွေ့ပြီးတော့ နိုင်ငံတကာသတင်းတွေမှာ ဒါမျိုးတွေ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မယ်ဆိုပြီးတော့ ပြောဆိုခဲ့တာကို သတင်းစာမျက်နှာတွေမှာ တွေ့ရတယ်။ ဒါတွေအားလုံးက setting ထားတာလို့ ကျမတို့ ပြောလို့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါးစပ်က၊ လူကိုယ်တိုင် လွတ်လပ်တဲ့ အခြေအနေမှာ ထုတ်ဖော်ပြောဆိုခွင့် မရှိသေးတဲ့ အခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုပြောပါတယ်၊ ဘာပြောပါတယ်ဆိုတာတွေကို ကျမတို့က အယုံအကြည် မရှိဘူးလို့ပဲ ပြောချင်ပါတယ်။
မေး ။ ။ အခုလက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံဘက်က ပြောနေတာက နှစ်ဘက်စလုံးရဲ့ ထိတွေ့ဆက်ဆံနေတယ်။ NUG နဲ့ စစ်ကောင်စီနဲ့။ အဲဒီလို ပြောနေတဲ့အပိုင်းက အခုလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးကနေ စစ်ကောင်စီနဲ့ သဘောတူပြီးတော့ မြန်မာနိုင်ငံကို လျှို့ဝှက်စွာ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားပါဆိုပြီး အာဆီယံအစည်းအဝေးကို သယ်ဆောင်လာတယ်ဆိုတဲ့ အခြေအနေက တစုံတရာ NUG ကို ဘယ်လိုအကျိုးသက်ရောက်မှု ရှိပါသလဲရှင့်။
ဖြေ ။ ။ ကျမတို့ အခုလိုမျိုး မီဒီယာတွေကနေ လိုက်ပြီးတော့ ရှင်းလင်းပြောရတာတွေတော့ ရှိတာပေါ့။ ပြောရမယ်ဆိုရင် နည်းနည်းတော့ အလုပ်ရှုပ်တာပေါ့။ မဟုတ်တန်တရားတွေ ပြောတယ်။ နောက် သတင်းတွေမှာ ပါလာတယ်ဆိုတဲ့အခါကြတော့ ကျမတို့က အမှန်တရားကို ပြောဖို့လို့ တာဝန်လည်း ရှိတယ်။ NUG အနေနဲ့လည်း တာဝန်ရှိတယ်။ ပြည်သူလူထုအနေနဲ့ သို့လော် သို့လော် ဖြစ်နိုင်တာတွေ၊ ကျမတို့ နိုင်ငံရေးအင်အားစုတွေကြားထဲမှာ ဖြစ်လာတဲ့ မေးခွန်းတွေ ဝိဝါဒတွေ ဒါတွေကို ကျမတို့ ပြန်လည်ပြီးတော့ ဖြေကြားရတယ်။ ရှင်းလင်းရတယ်။ အချက်အလက်တွေ verify လုပ်ရတယ် ဒီလိုမျိုးတော့ အလုပ်တွေ ရှုပ်တာပေါ့။
ဒါ့အပြင် ဘာရှိလဲဆိုတော့ အာဆီယံအနေနဲ့ရော၊ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ ပိုပြီးတော့ ရှုပ်ထွေးသွားစေတယ်။ ဥပမာ အာဆီယံ ဘုံသဘောတူညီချက်လည်း ရှိတယ်။ အာဆီယံ ဘုံသဘောတူညီချက်ကို ကျမတို့က မလုံလောက်ဘူး၊ ဒီအချက်အလက်တွေက လုံးဝငြင်းစရာတော့ မဟုတ်ဘူးဆိုပေမဲ့ မြန်မာ့အရေးကို ဖြေရှင်းတဲ့အခါမှာ ဒီဘုံသဘောတူညီချက် ၅ ချက်ကို မလုံလောက်လို့ ကျမတို့က ဒီထက်ပိုပြီးတော့ review လုပ်ပြီးတော့၊ ပိုမိုပြီးတော့ ထိရောက်တဲ့ ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ၊ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဖို့အတွက် တိုက်တွန်းနေတဲ့ အချိန်ကာလမျိုး ဖြစ်တယ်။ ဒီကာလမျိုးမှာ အခုလိုမျိုး အာဆီယံထဲမှာ အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းက အိမ်နီးနားချင်းဖြစ်လို့ ပိုတာဝန်ရှိတယ်ဆိုပြီးတော့ အာဆီယံ ဘုံသဘောတူညီချက်ကို ကျော်ပြီးတော့၊ ဒါမှမဟုတ် အာဆီယံ ဘုံသဘောတူညီချက်နဲ့ ကိုက်ညီခြင်းမရှိတဲ့ ယှဉ်ပြိုင်လုပ်ဆောင်လာတာက ဒေသအတွင်း အာဆီယံနိုင်ငံတွင်းမှာလည်း အင်မတန် ရုပ်ပျက်ဆင်ပျက်နိုင်တဲ့ ကိစ္စလို့ ကျမတိို့ ပြောလို့ရပါတယ်။ အဲဒီတော့ အနောက်နိုင်ငံတွေနဲ့ အိမ်နီးနားချင်း နိုင်ငံကြီးတွေက ASEAN centrality ဆိုပြီးတော့ သွားနေတယ်။ မြန်မာပြည်အရေးကို ဖြေရှင်းတာကို အာဆီယံကို ရှေ့ကိုတွန်းပို့ပြီးတော့ သွားနေတဲ့ အချိန်အခါမှာလည်း မြန်မာ့အရေးကို ဖြေရှင်းတဲ့အရာမှာ အာဆီယံတခုတည်းနဲ့ လုံလောက်ပါ့မလားဆိုတဲ့ မေးခွန်းတွေကို ပိုပြီးတော့ ကျယ်လောင်လာစေတယ်လို့ ကျမတော့ မြင်တယ်။ ကျမတို့ ပြည်သူလူထုအတွက်တော့ သိပ်တော့ မထူးပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ရမှာပဲ။ ကိုယ့်တိုင်းပြည် ကံကြမ္မာကို ကိုယ်ဘာသာကိုယ်ပဲ ဆုံးဖြတ်ချက်ချ ဖြစ်တဲ့အတွက် ဒီသတင်းတွေ ထွက်လာပြီးနောက်ပိုင်းမှာလည်း ပြည်သူလူထုရဲ့ အသံကို ပြန်ကြားပါတယ်။ ဘယ်သူ့ကြောင့်မှ နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင် ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေးအတွက် သွားရမယ့်ပန်းတိုင်နဲ့ ရည်မှန်းချက်တွေကိုတော့ ပြောင်းလဲခြင်း မရှိပါဘူး။ ကျမတို့ နည်းနည်းတော့ အလုပ်ရှုပ်တာပေါ့။ ဒီလောက်ပါပဲ။
မေး ။ ။ အခု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ မြန်မာနိုင်ငံဆိုင်ရာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တယ်။ အဲဒီလို ထုတ်ပြန်ခဲ့တဲ့အခါမှာ ထုတ်ပြန်ဖို့အတွက်လည်း သူတို့ အကြိတ်အနယ်ကို အချိန်အတော်ယူခဲ့ရတယ်ဆိုတော့ NUG အနေနဲ့ အာဆီယံအပေါ် အမြဲတမ်း တိိုက်တွန်းနေတဲ့ မြန်မာ့အရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ဆိုတဲ့အပိုင်းမှာ မျှော်လင့်ထားတဲ့ အခြေအနေကို အာဆီယံက တကယ်တမ်း ရောက်နိုင်မယ်လို့ သုံးသပ်သလား။ ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ ။ ။ ကျမတိို့က အများကြီးတော့ နဂိုကတည်းက မမျှော်လင့်ထားဘူး။ ဒါပေမဲ့လည်း ကျမတို့က engagement ကို ယုံတယ်။ အာဆီယံထဲက မိသားစုနိုင်ငံတနိုင်ငံ ဖြစ်တယ်။ ဆိုတော့ အာဆီယံရဲ့ အခန်းကဏ္ဍ အရေးကြီးတာကို ကျမတို့ အသိအမှတ်ပြုတယ်။ နောက်ပြီးတော့ အာဆီယံနဲ့ fully engage လုပ်ရမယ်။ အဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ ဒီဝတ္တရားကို နားလည်တယ်။ သဘောပေါက်တယ်။ ဒီဝတ္တရားအရ ပူးပေါင်းဆောင်ရွက်တယ်။ engagement လုပ်တယ်။ အဲဒီလိုလုပ်တာဟာ ကျမတို့ တော်လှန်ရေးကြီးအတွက်၊ တိုင်းပြည်အတွက် အများကြီးပြောင်းလဲသွားမှာလို့ မျှော်လင့်ပြီးတော့ လုပ်နေတာ မဟုတ်ဘူး။ ကျမတို့ဆီမှာရှိတဲ့ responsibility အရ ပူးပေါင်းဆောင်ရွက်နေတာပဲ ဖြစ်တယ်။ ဒါပေမဲ့ ကျမတို့ လိုချင်တဲ့ တိုင်းပြည်ရဲ့ အပြောင်းအလဲကို သွားဖို့အတွက် ထိရောက်တဲ့ အပြောင်းအလဲတွေ အင်မတန် အားကောင်းတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့တောျ့မတို့က မျှော်လင့်ပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာ မဟုတ်တဲ့အတွက် သိပ်တော့ မထူးဆန်ပါဘူး၊ ဒီအစည်းအဝေးတွေ ဒါတွေက ကျမတို့အတွက် အနှောင့်အယှက် မဖြစ်လာရုံဆိုရင်တော့ မဆိုးဘူးလို့ အမြင့်ဆုံးမှန်းလို့ ရပါတယ်။ ဒီထက်ပိုပြီးတော့ အများကြီး မျှော်လင့်လိို့ မရဘူးဆိုတာ နဂိုကတည်းက တွက်ဆထားပြီသား ဖြစ်ပါတယ်။