BIMSTEC နဲ့ BRICS-BIMSTEC ပူးတွဲဒေသတွင်းအစည်းအဝေးတွေ တက်ရောက်အပြီးမှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံ တရားဝင်ချစ်ကြည်ရေးခရီးစဉ် စတင်ပါပြီ။ နိုင်ငံတော်ဝန်ကြီးချုပ်အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မယ့်ကိစ္စရပ်တွေ ဆွေးနွေးဖို့ရှိ ပါတယ်။ အစိုးရသစ်လက်ထက် နိုင်ငံတော်ခေါင်းဆောင်တဦး အနေနဲ့ ပထမဆုံး တရားဝင်ချစ်ကြည်ရေး သွားရောက်တဲ့ အိန္ဒိယခရီးစဉ်နဲ့ပတ်သက်ပြီး မဆုမွန် တင်ပြထားပါတယ်။
မနေ့တနင်္ဂနွေနေ့ကစလို့ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ တနင်္ဂနွေနေ့မှာပဲ ကျင်းပတဲ့ BRICS နဲ့ BIMSTEC ပူးတွဲ ဒေသတွင်းအစည်းအဝေး တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးကို စီးပွားရေး အလျှင်အမြန်တိုးတက်နေတဲ့အုပ်စုလို့ အမည်ပေးထားတဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက စတဲ့ ၅ နိုင်ငံတွေပါဝင်တဲ့ BRICS အဖွဲ့နဲ့ မြန်မာနိုင်ငံပါဝင်တဲ့ BIMSTEC လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံနည်း ပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံတွေ ပထမဆုံးအကြိမ် ပူးတွဲပြုလုပ်တာဖြစ်ပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ ဒေသတွင်း စီးပွားရေးတိုးတက်ဖွံဖြိုးရေး၊ ကုန်သွယ်ရေး၊ နည်းပညာ စတဲ့ ကိစ္စရပ်တွေအပါအဝင် နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေးလည်း ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့မှာပဲ တရုတ်သမ္မတ ရှီ ကျင့်ဖျင်နဲ့ သီးခြား တွေ့ဆုံပါတယ်။ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံ အကြား ပြီးပြည့်စုံတဲ့ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ကျကျ တိုးမြှင့်လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်တဲ့ အကြောင်း တွေ့ဆုံပွဲအတွင်း သမ္မတရှီက ပြောသွားပါတယ်။
အဲ့ဒီ့အစည်းအဝေးကို တက်ရောက်အပြီးမှာတော့ ဒီကနေ့တနင်္လာနေ့မှာ တော့ မြန်မာအစိုးရကိုယ်စားလှယ် အဖွဲ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီကို ဆိုက်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံ တရားဝင်ချစ်ကြည်ရေးခရီးစဉ် စတင်ပါတယ်။အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ နှစ်နိုင်ငံ အကျိူးတူ ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးဖို့ရှိသလို အစိုးရဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး အိန္ဒိယ-မြန်မာနှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မယ့်ကိစ္စရပ်တွေ ဆွေးနွေးဖို့ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယ-မြန်မာ စီးပွားရေးပို့ကုန်သွင်းကုန် ပူးပေါင်းဆောင်ရွက်နိုင်ခြေတွေနဲ့ပတ်သက်လို့စီးပွားရေးပညာရှင်တွေက အကောင်းမြင်မျှော်လင့်မှုတွေရှိသလို အရပ်သားအစိုးရသစ်နဲ့ အိန္ဒိယအစိုးရတို့ကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတည်ဆောက်မယ့် နှစ်နိုင်ငံ ပူးပေါင်းဆက်ဆံရေးအပေါ် စောင့်ကြည့်ရဦးမယ်ဆိုတဲ့သုံးသပ်မှုတွေရှိပါတယ်။
မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များအသင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်း ကတော့ မြန်မာနိုင်ငံဘက်က အဓိက အိန္ဒိယနိုင်ငံ ဘက်ခြမ်းကို ပို့ကုန်အဖြစ် တင်ပို့နေတဲ့ ပဲပို့ကုန်နဲ့ပတ်သက်ပြီး အစိုးရချင်း သဘောတူညီမှုတွေရခဲ့မယ်ဆိုရင်တော့ ပဲစိုက်တောင်သူတွေ အတွက် အကျိုးရလဒ်တွေ များမယ်လို့ သုံးသပ်ပါတယ်။
“တရုတ်သွားတုန်းကတော့ ကျနော်တို့က ဆန်စပါးတို့၊ ပြောင်းတို့ စာချုပ်ချုပ်နိုင်မယ်လို့ မျှော်လင့်ခဲ့တာပေါ့နော်။ အခုတော့ ဒါတွေက မရသေးဘူးပေါ့နော်။ အိန္ဒိယကတော့ ပဲဝယ်တာပေါ့နော် ပဲတော့အစုံပို့တယ်။ အိန္ဒိယဘက်ကတော့ ၁ မျိုးပဲပို့တယ် ပဲကလေ။ ကျန်တဲ့တိုင်းပြည်ကိုမပို့ဘူး အိန္ဒိယမဝယ်ဘူးဆိုရင် ကျနော်တို့ပဲဈေးကျတယ်။ အဲဒီတော့ ပဲရောင်းဖို့အတွက်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့နော် ။ အစိုးရနဲ့ အစိုးရပေါ့နော် Government to Government (G to G) တန်ချိန် ၁ သန်းတို့ လက်မှတ်ထိုးနိုင်ရင်တော့ ဘာပဲပြောပြော ပို့တဲ့လူတွေအတွက်ကလည်း ထိထိရောက်ရောက်ပို့နိုင်တယ်။ တဘက်မှာလည်း တောင်သူတွေအတွက်ကလည်း ဈေးကွက်ခိုင်မာတဲ့အတွက်ကြောင့် တောင်သူတွေအတွက်အကျိုးရှိတယ်လို့မြင်တာပေါ့နော်။”
မြန်မာ့စီးပွားရေးကို လေ့လာသုံးသပ်နေတဲ့ စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)ကတော့ အရင်အစိုးရအဆက်ဆက်က အိန္ဒိယနဲ့ဆက်ဆံရေးနဲ့ အခုအရပ်သားအစိုးရသစ်လက်ထက်ကြား နှစ်နိုင်ငံဆက်ဆံရေးအပေါ် စောင့်ကြည့်ရဦးမယ်လို့ အခုလို ရှု့မြင်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ အခုဟာက ပိုပြီးတော့ သြဇာရှိတာပေါ့နော်။ သြဇာရှိတဲ့အခါကျတော့ နဂိုတုန်းက မတတ်နိုင်တဲ့ ပြောင်းလဲအောင်မလုပ်နိုင်တဲ့ကိစ္စတွေလည်း ပြောင်းလဲသွားအောင်လုပ်နိုင်တဲ့အနေအထားမျိုးတော့ရှိတယ် အဲဒီလိုမျိုးတော့ မျှော်လင့်တယ်။ မြန်မာနိုင်ငံအနေနဲ့ ပြောရရင်တော့ အရှေ့ဘက်နဲ့ အနောက်ဘက်ပေါ့နော်။ အရှေ့ဘက်က လွယ်လွယ်ပြောရရင်တော့ အာဆီယံ တို့ တရုတ်တို့ပေါ့၊ အနောက်ဘက်ကတော့ အိန္ဒိယ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တို့ပေါ့နော်။ အထူးသဖြင့်က အိန္ဒိယ ဆိုရင်တော်တော်နည်းတယ်။ နောက်တခုက ကုန်သွယ်ရေးမှာလည်း တော်တော်လေးနည်းတယ်။ ဘာဖြစ်လို့ အဲဒီလောက်နည်းသလဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းတာလည်းပါတယ်ပေါ့နော်။ နောက်တခုကတော့ အိန္ဒိယရဲ့ နိုင်ငံရေးအနေအထားပေါ့နော် ၊ အိန္ဒိယက ဒီမိုကရေစီနိုင်ငံဆိုတော့ လွန်ခဲ့တဲ့ကာလတွေမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး မှာ သိပ်ပြီးမကောင်းခဲ့ဘူးပေါ့နော်။ အခု သတင်းတွေထဲမှာ ဖတ်ကြည့်တဲ့အခါ တရုတ်က အထူးစောင့်ကြည့်ရမလားဆိုတဲ့ဟာတွေ့တယ်။ ဒါပေမယ့် ကျနော်ကတော့ သိပ်ပြီးတော့ ထူးထူးခြားခြားကြီးပြောင်းလဲမယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်းများစွာ ကျန်နေတဲ့ ကုန်သွယ်မှုပေါ့နော် အိန္ဒိယတို့ ၊ အနောက်ဘက်ခြမ်းတို့နဲ့က တော်တော်လေးနည်းနေတော့ ရုတ်တရက်ပြောင်းလဲမယ်လို့တော့ ကျနော်ကတော့ သိပ်ပြီးတော့ မမျှော်လင့်ထားပါဘူး။”
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့မှာတော့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေပါဝင်ပါတယ်။ မြို့တော် နယူးဒေလီကို ဒီကနေ့ဆိုက်ရောက်လာတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နယူးဒေလီမြို့က Rashtrapati Bhavan နိုင်ငံတော်ဧည့်ဂေဟာတွင် တည်းခိုပြီး နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ရှိနေပါ်တယ်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဖိတ်ကြားချက်နဲ့ အိန္ဒိယကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဖြစ်ပါတယ်။