သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်လိုတဲ့ ဒေါ်စု ကလေးမြို့လူထု ထောက်ခံ


ချင်းပြည်နယ် ကလေးမြို့ ကိုရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချင်းတိုင်းရင်းသားများ ကြိုဆို။ (သတင်းမှတ်တမ်း၊ NLD Chairperson FB)
ချင်းပြည်နယ် ကလေးမြို့ ကိုရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချင်းတိုင်းရင်းသားများ ကြိုဆို။ (သတင်းမှတ်တမ်း၊ NLD Chairperson FB)
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဒီကနေ့ ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုတွေ့ဆုံပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးကြောင်းနဲ့ လူထုအနေနဲ့ အခွင့်အရေးကို ရယူလိုတယ် ဆိုရင် တာဝန်ယူတတ်ဖို့လည်း လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီကနေ့ကျင်းပတဲ့ လူထုအစည်းအဝေးမှာ လူသောင်းနဲ့ချီပြီး တက်ရောက်လာရာမှာ အများစုက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကို ထောက်ခံခဲ့ကြပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲကို ကလေးမြို့ ဘောလုံးကွင်းမှာ မနက် ၉နာရီက ၁၁နာရီလောက်အထိ ကျင်းပခဲ့တာဖြစ်ပြီး အနည်းဆုံးလူ ၄သောင်းကျော်လောက် တက်ရောက် ခဲ့တာဖြစ်ပါတယ်။
လူထုတွေ့ဆုံပွဲ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးရဲ့ အရေးကြီးပုံကို အခုလို ရှင်းလင်းတင်ပြခဲ့ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ပြောသွားတာကတော့ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေခံမူဟာ တရားဥပဒေစိုးမိုးရေးပဲ ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့တုံးက မူ၃ခုနဲ့ ဝင်ပြိုင်ခဲ့တာပါ။ နံပတ်တစ်က တရားဥပဒေစိုးမိုးရေးပဲ။ ဒုတိယက ပြည်တွင်းငြိမ်းချမ်းရေး၊ တတိယက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ရေးပဲ။ ဘာဖြစ်လို့ တရားဥပဒေစိုးမိုးရေး ကို ရှေ့တန်း ထားသလဲ။ ပြည်တွင်းငြိမ်းချမ်းရေးက အရေးမကြီးဘူးလား ဒီလို မေးတယ်။ ကျမတို့ ပြန်ဖြေတာကတော့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် တရားဥပဒေ စိုးမိုးရေးက လိုအပ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို ရယူမယ်ဥပဒေလို သဘောတူညီချက်တွေ ဘယ်လောက်ပဲ ချမှတ် ချမှတ်။ ဒါကို တည်မြဲအောင် ခိုင်ခန့်အောင် သက်ရောက်မှုရှိအောင် လုပ်နိုင်မှ အကျိုးရှိမှာ။ ဒါကြောင့်မို့ နံပတ်တစ် အရေးကြီးဆုံးက တရားဥပဒေစိုးမိုးရေးပဲ။ အဲဒီအဆင့်က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကလည်း အဲဒီအောက်မှာပါပဲ။"
တောင်သူလယ်သမားနဲ့ ပြည်သူများရဲ့ အခွင့်အရေး ကာကွယ်ရေးနဲ့ပတ်သက်ပြီး တက်ရောက်လာသူတဦးက မေးမြန်းတင်ပြလာတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ရှင်းလင်းပြောဆိုတာဖြစ်ပါတယ်။ တဆက်တည်း မှာပဲ ပြည်သူတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ တာဝန်ယူမှုရှိဖို့ အခုလို ဆက်လက် ပြောဆိုပါတယ်။
"ဒါကတော့ လူတိုင်းလူတိုင်းမှာ ကိုယ့်အခွင့်အရေးနဲ့ တန်းတူ ကိုယ့်ရဲ့တာဝန်တွေကိုလည်း သိဖို့ လိုအပ်ပါတယ်။ အခွင့်အရေး အခွင့်အရေး ဆိုတာချည်းပဲ တောင်းနေလို့ မရဘူး။ အခွင့်အရေးကို လိုချင်ရင် ဘာတာဝန်တွေ ရှိသလဲဆိုတာ ကိုယ့်ကိုယ် ကို ပြန်ပြီးတော့ မေးရမယ်။ နိုင်ငံရေး လုပ်သူများဟာလည်း နိုင်ငံပေါ်မှာ တာဝန်ရှိတယ်။ အဲတော့ နိုင်ငံသူ နိုင်ငံသားများကို အခွင့်အရေးရအောင်လို့က ရအောင်ယူလို့ တချိန်လုံး တိုက်တွန်းနေလို့မရဘူး။ ကိုယ့်တာဝန်တွေ ဘာလည်း ဆိုတာကိုလည်း သိအောင်လုပ်ကြပါ။ တဖက်ကလည်း ဒီတာဝန်တွေ ကျေပွန်အောင် ထမ်းဆောင်ပါ။ တဖက်ကလည်း ကိုယ့်ရဲ့အခွင့်အရေးကို သတ္တိရှိရှိနဲ့ ဥပဒေဘောင်အတွင်းကနေ ကာကွယ်ကြပါ။ တာဝန်ရှိတယ်ဆိုတာ အင်မတန်မှ သိက္ခာရှိတဲ့ ကိစ္စပါ။ အခွင့်အရေးရှိတာဟာ အင်အား။ တာဝန်ရှိတာဟာ သိက္ခာ။ သိက္ခာရှိတဲံ အင်အားက ကျမတို့ နိုင်ငံကို အကျိုးဖြစ်နိုင်တယ်။ ဒါကြောင့် မို့ ကျမတို့ ပြည်သူများဟာ သိက္ခာရှိတဲံ အင်အားမွေးမြူကြပါလို့ ကျမအနေနဲ့ တိုက်တွန်းပါရစေ။ လို့ ပြောသွားတာဖြစ်ပါတယ်။"

ဒီကနေ့ ဆွေးနွေးပွဲမှာ တက်ရောက်လာသူအများစုက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ဆန္ဒပြုခဲ့ကြတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကလေးခရိုင်ဥက္ကဋ္ဌဖြစ်တဲ့ ဦးဘမင်းကတော့ ပြောဆိုပါတယ်။

""အဓိက ကတော့ ကျနော်တို့က ၂၀၀၈ အခြေခံဥပဒေ ပြင်သင့် မပြင်သင့် အသစ်ရေးဆွဲမလား ဒီကိစ္စပါပဲဗျာ။ သူဦးထားပြီးဆွေးနွေး တာကတော့လေ။ ပြင်မယ့်ဘက်ကို ဦးတည်ပါတယ်ခင်ဗျာ။ လက်တွေ့ကျတဲ့ အလုပ်လုပ်ဖို့ ပြည်သူတွေက သဘောပေါက်ပါတယ်။ ၉၀ ရာခိုင်နှုန်းကျော်လို့ ဒီလို ခန့်မှန်းလို့ရတာပေါ့နော်။ အသစ်ရေးဆွဲမယ့်သူက လေးငါယောက်ပဲ ရှိတယ်ဗျ"

ဆွေးနွေးပွဲရုတ်သိမ်းပြီးချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့က နေ့ခင်း ၁နာရီခွဲလောက်မှာ ကလေးမြို့ကနေ လေယာဉ်နဲ့ ပြန်လည်ထွက်ခွာသွားပြီး ဒီလ ၆ရက်နေ့ကနေ စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ် အဆုံးသတ်ခဲ့ပါတယ်။
XS
SM
MD
LG