(Zawgyi/Unicode)
ကျင်းပဖို့ပြင်ဆင်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ UPDJC ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ၂ နှစ်နီးပါးရပ်နေတဲ့ UPDJC အစည်းအဝေး ဒီကနေ့ ပြန်ကျင်းပချိန်မှာ အဲဒီလိုပြောသွားတာပါ။ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ရှိနေပေမယ့်လည်း ၂၁ ရာစု ပင်လုံညီလာခံကို ရွှေ့မယ် မရွှေ့ဘူးဆိုတာကိုတော့ ခုချိန်ထိ ဆွေးနွေးတာမရှိသေးပါဘူး။ ဒီအခြေအနေတွေကို ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က ဆက်ပြောပြပါမယ်။
ဒီကနေ့ နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ လုပ်တဲ့ ၁၈ ကြိမ်မြောက် UPDJC အစည်းအဝေးကို ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အခုလိုရပ်တန့်နေတဲ့ အစည်းအဝေးကိုပြန်စတင်နိုင်တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးကြောင်း UPDJC ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန်းခွန်းမှာ ထည့်သွင်း ပြောသွားပါတယ်။
“ကာလရှည်စွာရပ်နားခဲ့ရတဲ့ UPDJC အစည်းအဝေး ပြန်လည်စတင်နိုင်ခြင်းဟာ ဘယ်လောက်ပဲ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံတွေ့နေပါစေ ကျမတို့အချင်းချင်း စိတ်ရှည်သည်းခံပြီး အပြေအလည် ညှိနှိုင်းနိုင်မယ်ဆိုရင် အောင်မြင်နိုင်တယ်ဆိုတာ သက်သေပြနေတာပဲဖြစ်ပါတယ်။”
တတိုင်းပြည်လုံးရဲ့ လိုအပ်ချက်တွေကို နိုင်ငံရေးပါတီတွေအနေနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ အဓိကတာဝန်ဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဝိုင်းကြိုးစားကြဖို့ UPDJC ဒုဥက္ကဋ္ဌ ဦးသုဝေက ဇန်နဝါရီ ၂၅ ရက်မှာလုပ်ခဲ့တဲ့ UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာပြောခဲ့ဖူးပါတယ်။
ဒါကိုပဲ ဒီနေ့ UPDJC အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောခဲ့ပြီး အစုအဖွဲ့ တဖွဲ့ချင်းစီအနေနဲ့ ကိုယ့်ရဲ့ လိုလားချက်တွေကို ရာနှုန်းပြည့်ရမှ ပူးပေါင်းပါဝင်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ စေ့စပ်ညှိနှိုင်းလို့ရမှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။
“နိုင်ငံရေးစားပွဲဝိုင်းထဲ ဝင်ထိုင်ပြီးမှတော့ အပေးအယူ၊ အလျှော့အတင်း လုပ်နိုင်အောင် ကြိုးစားဖို့ပဲဖြစ်ပါတယ်။ ကျမတို့ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ဖို့အတွက် ကျမတို့ UPDJC အနေနဲ့ မျှတတဲ့ အပေးအယူ၊ အလျှော့အတင်းကို အခြေခံပြီး စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ဖို့ အထူးပဲ အရေးကြီးလှပါတယ်။ ဒါကြောင့် အပြုသဘောဆောင်တဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျမတို့ ရှေ့ဆက်သွားကြဖို့ တိုက်တွန်းပါတယ်။”
NCA စာချုပ်အရဆိုရင် တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုး ၁၀ ဖွဲ့က သူတို့ထိန်းချုပ်နယ်မြေ အသီးသီးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပြီး ရလာတဲ့ ဘုံသဘောတူညီချက်တွေနဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ ဝင်ရောက်ဆွေးနွေးရမှာပါ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/ SSA နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ကလွဲလို့ ကျန်တဲ့အဖွဲ့တွေက ( လူမျိုးအလိုက်) နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ထားပြီးဖြစ်ပါတယ်။
ALP ကတော့ ရခိုင်ပြည်နယ်ရဲ့ လက်တလော ပဋိပက္ခအခြေအနေတွေကြောင့် သူ့ရဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ရခိုင်မှာမလုပ်ဘဲ တခြားဆွေးနွေးပုံစံနဲ့ ရန်ကုန်မှာ လုပ်သွားဖို့ သဘောတူညီမှုရထားကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီနေ့ UPDJC ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
UPDJC မှာ အစိုးရ၊ လက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ ၃ခုစီက အချိုးကျ ရွေးချယ်ထာတဲ့ ကိုယ်စားလှယ် ၄၈ ယောက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာမူဝါဒ ဒီကဏ္ဍ ၅ခုအပေါ်အခြေခံပြီး လာမယ့် ၂၁ ပင်လုံညီလာခံမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် သင်္ကြန်ပွဲတော်နဲ့ တခြားလူစုလူဝေးတွေကို ထိန်းချုပ်ကန့်သတ်သွားမှာဖြစ်ပေမယ့် ပင်လုံညီလာခံကို ရွှေ့မယ် မရွှေ့ဘူးဆိုတာကတော့ ဆွေးနွေးတာ မရှိသေးတဲ့အကြောင်း ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကပြောပါတယ်။
" ပင်လုံညီလာခံနဲ့ပတ်သက်လို့ specific မပြောပါဘူး။ အခုသဘောကတော့လေ အစိုးရဌာနကလုပ်မယ့်၊ အစိုးရဌာန အသီးသီးကလုပ်မယ့် လူစုလူဝေးနဲ့ပတ်သက်တဲ့ ကဏ္ဍတွေကို လောလောဆယ်မလုပ်ဖို့ အခုသဘောအရ။ ပင်လုံတို့ဘာတို့မပြောပါဘူး။"
အစိုးရ၊ တပ်မတော်နဲ့ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဇန်နဝါရီ ၈ ရက်မှာလုပ်တဲ့ ၈ ကြိမ်မြောက် JICM အစည်းအဝေးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ၂၀၂၀ ပြည့်နှစ် ဧပြီလထက်နောက်မကျဘဲ ကျင်းပဖို့ သဘောတူညီထားပါတယ်။
[Unicode Version]