{{Zawgyi/Unicode}}
အနှစ်တရာမှာ ၂ မိုင်ခွဲလောက် မြန်မာ့မြေတိုးလာနေတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွက် မြစ်ညာမှာတည်ဆောက်မယ့် ဆည်တွေက ပျက်စီးစေနိုင်တယ်လို့ ဘူမိနည်းပညာ အင်ဂျင်နီယာ ဒေါက်တာချစ်ကိုကိုကပြောပါတယ်။ ဆည်တည်ဆောက်ပြီး ရေကို လိုသလိုထိန်းချုပ်တဲ့အတွက် ဆည်အောက်ပိုင်း မြစ်ကြောင်းတလျှောက် ကြုံရနိုင်တဲ့ အခြေအနေတွေကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ဒေါ်ခင်မျိုးသက်။ ။ မြစ်ချောင်းတွေမှာ ဆည်တွေတည်ဆောက်တဲ့အခါမှာ မြစ်ချောင်းတွေရဲ့အောက်ပိုင်းပေါ့နော်။ အောက်ပိုင်းဒေသတွေမှာတွေ့ရမယ့် ဆိုးပြစ်လေးတွေ၊ ဘာတွေများ ရှိပါသလဲ။
ဒေါက်တာချစ်ကိုကို။ ။ သူ့ဆိုးပြစ်တွေကတော့ မနည်းဘူးပေါ့။ တနှစ်တနှစ် မြစ်တွေ ချောင်းတွေက ဘယ်တော့မဆို ရေကြီး ရေလွှမ်းမိုးမှုတွေဖြစ်တယ်။ အဲဒီ ရေကြီးရေလွှမ်းမိုးမှုတွေရဲ့အကျိုးဆက်က ကောင်းတဲ့အကျိုးဆက်ရှိတယ်။ နုန်းမြေတွေ ပို့ချတဲ့ဟာပေါ့နော်။ ပုံမှန် ဒီနှစ် ဒီရာသီကျလို့ရှိရင် မိုးတွင်းဆို ရေတွေကြီးမယ်၊ အဲဒီလို ရာသီကိုမှီပြီးဖြစ်လာတဲ့ flood pattern သည် ဆည်တည်ဆောက်လိုက်တဲ့အခါကျတော့ ပျက်သွားတယ်။ ဘာကြောင့်ပျက်သွားလဲဆိုတဲ့အခါကျတော့ ဆည်က ရေလွှတ်ချင်တဲ့အခါကျရင်လွှတ်မယ်၊ ရေမလွှတ်ချင်တဲ့အခါကျရင် မလွှတ်ဘူး။ နွေရာသီကျတဲ့အခါကျရင် ရေအများကြီးသုံးတယ်။ အဲဒီလို သုံးဖို့အတွက်ကို မိုးတွင်းဘက်တို့ဘာတို့မှာ ရွာတဲ့ရေတွေကို ကျနော်တို့က ဘာလုပ်ထားရမလဲ။ သိုလှောင်ထားမယ်။ သိုလှောင်ထားတဲ့အတွက်ကြောင့်မို့လို့ နဂိုကရေလွှမ်းထားတဲ့နေရာလေးတွေက ရေသိပ်မလွှမ်းတော့ဘူး။
နဂိုက မြစ်ချောင်းတွေက သယ်ဆောင်လာတဲ့ မြေသြဇာတွေ၊ နုန်းတင်မြေနုတွေပေါ့။ အဲဒါတွေက အထူးသဖြင့် မရတော့ဘူးဆိုလို့ရှိရင် မြစ်ဝကျွန်းပေါ်လိုနေရာမျိုးတွေမှာ၊ ဒါမှမဟုတ်လို့ရှိရင် မြစ်တွေထဲမှာပေါ်တဲ့ကျွန်းမျောတွေမှာ သွားထိခိုက်နိုင်တယ်။ သွားထိခိုက်တယ်ဆိုရင် အဲဒီမှာစိုက်ပျိုးတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို သွားထိခိုက်နိုင်တယ်။ အဲဒီတော့ အထူးသဖြင့် အိန္ဒိယမှာရှိတဲ့ ဂင်္ဂါမြစ်တို့၊ အီဂျစ်က နိုင်းမြစ်တို့၊ မြန်မာကဧရာဝတီမြစ်ဝကျွန်းပေါ်တွေဆိုတာ တကယ်တော့ ကျနော်တို့ရဲ့စပါးကျီကြီးတွေ။ ..ဆိုတော့ အဲလိုဟာမျိုးတွေကို အတိုင်းအတာတခုအထိ သူက ထိခိုက်နိုင်တယ်။
နောက်တခုက ရေရဲ့ စီးဆင်းမှု (flow) ပေါ့။ နည်းတဲ့ဘက်ကိုပြောင်းလဲသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆည်ထဲမှာ ရေကိုစုဆောင်းရမှာ။ ကျနော်တို့ တနှစ်လုံးသုံးထားတဲ့ရေတွေသည် မိုးတွင်းမှာ ပြန်ပြီးတော့ ဆည်ကို ခံထားရမှာ။ အဲဒီတော့ ရေစီးအား ပြောင်းလဲသွားစေတယ်။ တခါတလေကျလို့ရှိရင် ဘာဖြစ်လဲဆိုတော့ မိုးရွာတဲ့အချိန်မှာ ရေကအလုံအလောက်မရဘူး။ လူထုကိုပေးတဲ့အခါတောင်မှပဲ ရေမလုံလောက်မှုတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲလိုအနေအထားမျိုးတွေမှာ ချောင်းထဲကိုရေလွှတ်ဖို့ဆိုတာဟာ မဖြစ်နိုင်ဘူးပေါ့။(flow) ဒဒီ..reduction -ရေလွှတ်မှု လျှော့ချတဲ့အတွက်ကြောင့်မို့လို့ မြစ်ဝဘက်မှာရှိတဲ့ဂေဟစနစ်ကိုသွားပြီးတော့ ပျက်စီးစေနိုင်တယ်။
နောက်တခုက Natural water table ပေါ့။ Natural water table ကလည်း နိမ့်ဆင်းသွားနိုင်တယ်။ သူက နဂိုက ရေရှိရမယ့်နေရာမှာ ရေမရှိတော့ဘူး။ အဲဒီတော့ ရေတွင်းတွေတူးမယ်ဆိုရင်လည်း တော်တော်နက်နက်တူးရမယ်၊ စသဖြင့်ပေါ့နော်- နောက်ပြီးတော့ အဲဒီကတူးတဲ့ရေကလည်း အောက်ဘက်မှာအလုံအလောက် ရချင်မှရမှာ။
ဒေါ်ခင်မျိုးသက်။ ။ ရေမှာကော အရည်အသွေးပြောင်းသွားတဲ့အနေအထားလေး နည်းနည်း ပြောပြပေးပါ။
ဒေါက်တာချစ်ကိုကို။ ။ ဟုတ်ကဲ့ပါဗျ။ ရေမှာလည်း အရည်အသွေးပြောင်းလဲသွားနိုင်တယ်။ ဆည်က ရေလွှတ်တဲ့အခါကျလို့ရှိရင် ဆည်အောက်ပိုင်းကရေတွေလွှတ်တာဖြစ်တယ်။ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆည်အောက်ပိုင်းနဲ့အထက်ပိုင်းဆိုလို့ရှိရင် ဆည်အောက်ပိုင်းမှာရှိတဲ့ရေက အပူချိန်မတူဘူးပေါ့။ ရေရဲ့အပူချိန်သဘာဝတွေမတူနိုင်ဘူး။ နောက်တခါ ဆည်ကရေလွှတ်တဲ့အချိန်မှာလည်း တချို့ဓာတ်ငွေ့တွေကိုဖြစ်ပေါ်စေတယ်၊ ရေထဲမှာ။ အထူးသဖြင့် ကျနော်မှတ်မိသလောက် နိုက်ထရိုဂျင်ဓာတ်ငွေ့ကိုဖြစ်ပေါ်စေနိုင်တယ်ပေါ့နော်။ ရေရဲ့သဘာဝသည် အဲဒီမှာ ပြောင်းလဲသွားနိုင်တယ်။ ဓာတ်ငွေ့ပါဝင်မှုတွေပြောင်းလဲသွားနိုင်တယ်။ ရေထဲမှာရှိတဲ့ ဓာတ်သဘာဝတွေကိုပါ သွားထိခိုက်နိုင်တယ်။ ထိခိုက်နိုင်ရုံတင်မကသေးဘဲနဲ့ ရေက အရှိန်နဲ့လွှတ်လိုက်တဲ့အခါကျတော့ ရေစီးဆင်းမှုတွေ မတူတော့ ရေရဲ့သဘာဝကို ထိခိုက်နိုင်တယ်။ အနယ်ထတာတွေဖြစ်လာမယ်။
နောက်အရေးကြီးတဲ့ဟာတခုက ဘာလဲဆိုတော့ ဒီလွှတ်လိုက်တဲ့ရေတွေက ဒီထဲမှာပါတဲ့အနယ်တွေက အရင်လောက်မများတော့ဘူး၊ နုန်းတွေက။ မများတဲ့အခါကျတော့ သူက ဘေးတိုက်တိုက်စားမှုကိုဖြစ်ပြီးတော့ bank erosion (မြစ်ကမ်းပါးယံ-မြစ်ကမ်းနံရံ တိုက်စားမှု) ပေါ့နော်။ ကမ်းတွေပြိုတဲ့ကိစ္စမျိုးတွေ ဖြစ်နိုင်တယ်။ ကမ်းတွေပြိုတဲ့ကိစ္စမျိုးတွေ ဖြစ်နိုင်တယ်။ ပြီးတော့ ကျနော်တို့ ပထမပြောသွားတဲ့ ရေနောက်ကျိမှုတွေဖြစ်နိုင်တယ်။ အဲဒီတော့ ဒီလိုဟာမျိုးက တကယ်လို့ ဆည်ကတခုတည်းမဟုတ်ဘူး၊ ထပ်ဆင့်ဆည်တွေ တည်ထားမယ်ဆိုလို့ရှိရင် သူ့အကျိုးဆက်ကလည်း ပိုပြီးတော့ ကြီးမားနိုင်တယ်
ဒေါ်ခင်မျိုးသက်။ ။ ရေရဲ့အရည်အသွေးလည်းပြောင်းမယ်၊ နောက်ပြီးတော့ ရေစီးကြောင်း ဥပမာ မြစ်ချောင်းတွေမှာ ရေရဲ့သွားလာမှု အနေအထားတွေပါ အကုန်ပြောင်းတယ်။ အဲဒီတော့ တခြား ရိုက်ခတ်မှု ဘာတွေ ပေါ်လာနိုင်သလဲ။
ဒေါက်တာချစ်ကိုကို။ ။ ...ဆိုတော့ အရည်အသွေးပြောင်းတယ်ဆိုတဲ့အခါကျတော့ အခုနကပြောသလို အပူချိန်ပြောင်းတယ်ဆိုလို့ရှိရင် တချို့ငါးတွေက အပူချိန်ပြောင်းလို့ရှိရင် အသက်မရှင်နိုင်ဘူး။ ရုက္ခဗေဒပစ္စည်းပဲဖြစ်ဖြစ်၊ ဇီဝဗေဒပစ္စည်းပဲဖြစ်ဖြစ် အပူချိန်ပြောင်းလဲမှုကြောင့် သူတို့ ပျက်စီးဆုံးရှုံးရတာတွေ ရှိတယ်။ နောက်တခါ သူတို့ဂေဟစနစ်ကို ထိခိုက်တာရှိတယ်။
....ဆိုကြပါစို့၊ ဆည်အထက်ဘက်မှာ ရေတွေက တအားကြီးနေတော့ ဆည်ကျိုးမှာစိုးလို့ ရေလွှတ်ချတယ်။ ပုံမှန်အနေအထားနဲ့မလွှတ်တော့ဘူး။ အများကြီးလွှတ်ချတယ်။ မြန်မာပြည်မှာ ဒါ ခနခန ဖြစ်ပါတယ်။ ဆည်ရေလွှတ်မယ်ဆိုတာမပြောလို့ အောက်ခြေကလူတွေ ဒုက္ခရောက်တာတွေရှိတယ်။ အိမ်တွေဘာတွေအထိ ရေကြီးလာတာ၊ ရေတက်လာတာ၊ အိမ်တွေပါ တိုက်စားသွားတာ၊ အိမ်တွေပါမျောပါသွားတဲ့ကိစ္စတွေရှိတယ်။ ဆိုတော့ သူတို့ နဂိုက မမျှော်မှန်းတဲ့အနေအထားမျုးိတွေရှိတယ်။ အဲဒီလိုပဲ ရေသတ္တဝါကလည်း သူတို့က ပုံမှန်ရေစီးကြောင်းမှာ နေတာမဟုတ်တော့ဘူး။ သတ္တဝါတွေက သူ့ဟာသူနေနေတယ်။ ပုံမှန် အပူချိန်မှာနေနေတယ်၊ အဲလိုမဟုတ်တော့ဘူး။ အပူချိန်ကလည်း တက်လိုက်ကျလိုက်၊ ရေစီးနှုန်းတွေကလည်း တက်လိုက်ကျလိုက်။ ဒီကြားထဲမှာ ပါဝင်တာတွေကလည်း မတူဘူး။ အဲဒီတော့ နောက်တခါ ဓာတ်ငွေ့တွေလည်းပါဝင်လာတယ်။ အဲဒီဟာတွေရဲ့အကျိုးဆက်တွေက- ဒါတွေက ကျနော်တို့သုတေသနပြုမှပဲ ပိုသေချာမှာပေါ့နော်။
ဥပမာဆိုပါတော့- မြန်မာနိုင်ငံအတွက်ဆို မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သုတေသနပြုရမယ်။ တခြားနိုင်ငံမှာဖြစ်သလို တို့နိုင်ငံမှာရောဖြစ်နိုင်သလားဆိုတာ ကြည့်ရမယ်။ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဖြစ်ချင်လည်းဖြစ်မယ်။ ဥပမာ ဓာတ်ငွေ့တွေတိုးလာတယ်။ နောက်တခါ ရေထုထဲမှာ၊ ကွာလတီပေါ့။ ရေအရည်အသွေးကျဆင်းသွားတယ်ဆိုရင် ရေကို နဂိုလို မသောက်သုံးနိုင်တော့ဘဲနဲ့ ကျိုချက်သုံးရမှာတို့၊ ပြန်ပြီးတော့ စစ်သုံးရမှာတို့...သူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာမယ်။
ဒေါ်ခင်မျိုးသက်။ ။ အခုဟာကပေါ့နော်၊ ဆည်ရဲ့အောက်ပိုင်းမှာ တွေ့ရတဲ့ ကောင်းကျိုးဆိုးပြစ်တွေပေါ့နော်။
ဒေါက်တာချစ်ကိုကို။ ။ အောက်ပိုင်းမှာ တခုထပ်ပြီးတော့ အဓိကကျတာတခု ပြောလိုက်ချင်သေးတယ်။ အဲဒီအောက်ပိုင်းမှာ ခုနကပြောတဲ့ နုန်းတွေကျတာ နည်းသွားတယ်ဆိုတဲ့အကြောင်း။ ဘာလို့လဲဆိုတော့ နဂိုအတိုင်း ရေစီးဆင်းမှုမရှိတော့ဘူး။ အဲဒီတော့ ဘာဆုံးရှုံးလဲဆိုတော့ မြစ်ဝမှာသွားထိခိုက်တယ်။ မြစ်ဝတွေရဲ့ ဂေဟစနစ်ကိုထိခိုက်သလို ကျနော်တို့ ဘူမိဗေဒမှာသင်ရတာ ရှိတယ်။ ဒီ ဧရာဝတီမြစ်ဝကျွန်းပေါ်ကြီးဟာ တဖြည်းတဖြည်းဖြည်း အောက်ဘက်ကိုတည်ဆောက်လာတာ။ H.L Chhibber ဆိုတဲ့ပုဂ္ဂိုလ်က မြန်မာပြည်ရဲ့ဧရာဝတီမြစ်ရဲ့ မြစ်ဝကျွန်းပေါ်တည်ဆောက်မှုဟာ နှစ် ၁၀၀ မှာ ၃.၈ လား၊ ၄.၈ ကီလိုမီတာလားမသိဘူး ရှိတယ်။ ဆိုလိုတာက နှစ်တရာကြာသွားရင် ကျနော်တို့က မြန်မာပြည်က မြေကြီးအမြတ်ဘယ်လောက်ထွက်လဲဆိုရင် ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ၄ ကီလိုမီတာ (၂ မိုင်ခွဲ) လောက် အမြတ်ထွက်တယ်။ အဲဒီနေရာက ကျနော်တို့ ဘယ်သူနဲ့မှ ပြဿနာတက်စရာမရှိဘူး။ ဘာလို့လဲဆိုတော့ ရေဘက်မှာဖြစ်တဲ့အတွက် ကျနော်တို့မြေ ကျယ်လာတယ်။ ကျနော်တို့ဗမာပြည်ရဲ့ဧရိယာက တိုးချင်းတိုး ဘယ်ဘက်တိုးမလဲဆိုတော့ မြစ်ဝကျွန်းပေါ်ဘက်မှာ သွားတိုးမှာဖြစ်တယ်။
အဲလို မြစ်ဝကျွန်းပေါ်တည်ဆောက်မှုသည် ကျနော်တို့မြန်မာနိုင်ငံအတွက်က တကယ်အရေးကြီးတယ်။ ကိုယ့်ရဲ့ ကျနော်တို့ရဲ့သားစဉ်မြေးဆက်အတွက်ကြည့်မယ်ဆိုလို့ရှိရင် ဒီဧရာဝတီမြစ်ဝကျွန်းပေါ်တည်ဆောက်မှုဟာ အရေးကြီးတယ်။ တကယ်လို့အဲဒီနုန်းမြေက သူကျသင့်သလောက် မကျတော့ဘူးဆိုလို့ရှိရင် ဘာဖြစ်လဲဆိုတော့ ပင်လယ်က ဆားငံရေက ပြန်တက်လာတယ်။ ဆားငံရေပြန်တက်လာမယ်ဆိုလို့ရှိရင် မြေတွေဆားဓာတ်ပေါက်သွားတဲ့အခါကျရင် အဲဒီမှာရှိတဲ့ ကျနော်တို့ရဲ့လယ်ယာမြေတွေ ဆုံးရှုံးမှာပဲ။ အဲဒါလည်း အရေးကြီးပါတယ်။ ကျနော်တို့မြန်မာနိုင်ငံအတွက်ဆို ဧရာဝတီမြစ်လိုဟာမျိုးက အရမ်းအရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် နှစ် ၁၀၀ တိုင်းမှာ အခုနကပြောတဲ့ လေး ကီလိုမီတာကျော်ကျော်လောက်က ကျနော်တို့က မြေကြီးရတယ်။
ဒေါ်ခင်မျိုးသက်။ ။ ဒေါက်တာချစ်ကိုကိုရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။ နောက်တပတ်မှာ ပြန်ပြီး ဆုံကြအုံးမယ်နော်။
=================
{{Unicode}}