ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်နေတဲ့ ယူကရိန်းတပ်တွေဟာ သောကြာနေ့က နောက်ထပ်အောင်ပွဲသစ်တွေကို ရရှိခဲ့ကြောင်း ယူကရိန်းအစိုးရက ကြေညာခဲ့ပါတယ်။ ယူကရိန်းဘက်က အခုလို နယ်မြေတွေ အတော်များများ ပြန်လည်သိမ်းယူနိုင်နေတယ် ဆိုတာကို Kharkiv (ကာကိဗ်) အရှေ့ခြမ်းဒေသအတွက် ရုရှားက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးကလည်း အသိအမှတ် ပြုခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ Kharkiv ဒေသမှာ နေရာပေါင်း (၃၀) ကျော်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ညစဉ်ဗွီဒီယိုမိန့်ခွန်း ပြောကြားတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က သူရဲ့ သောကြာနေ့ညက မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
အဲ့ဒီနေ့ အစောပိုင်းမှာပဲ ရုရှားကခန့်ထားတဲ့ Kharkiv ဒေသ အုပ်ချုပ်ရေးမှူး အက်ဒမင် ခါခရစ်ဗ် Vitaliy Hanchev ကလည်း လတ်တလော အခြေအနေတွေ ပြင်းထန်နေတဲ့အကြောင်းနဲ့ ရုရှားတပ်ဖွဲ့တွေ အင်အားဆုတ်ယုတ်လာနေပြီး ယူကရိန်းဘက်က သိသိသာသာ အနိုင်ရနေတဲ့အကြောင်း ရုရှားနိုင်ငံပိုင် ရုပ်သံသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
လပေါင်းအတော်ကြာ နှစ်ဘက်လုံးက ထုတ်ပြန်တဲ့ သတင်းတွေအရ Kharkiv ဒေသအနီးတဝိုက်မှာ ယူကရိန်းဘက်က အချိန်တိုအတွင်း အလျင်မြန်ဆုံး ထိုးဖောက်တိုက်ခိုက်နိုင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက၊ မြို့တော် Kyiv ကနေ ရုရှားတပ်ဖွဲ့တွေ ကစင့်ကလျား ဆုတ်ခွာခဲ့ရပြီးတဲ့ နောက်ပိုင်း လက်ရှိစစ်ပွဲတွေအတွင်း ယူကရိန်းဘက်က အကြီးမားဆုံး အောင်မြင်မှု အရွေ့တခုလည်း ဖြစ်ပါတယ်။
ဒီအတောအတွင်း ရုရှား ထိန်းချုပ်ထားတဲ့ Zaporizhzhia နျူကလီးယား ဓာတ်အားပေးစက်ရုံရှိရာ Enerhodar မြို့က လျှပ်စစ်ဓာတ်အားပေး စက်ရုံတခု ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပြီးတဲ့နောက် Zaporizhzhia နျူကလီးယားစက်ရုံကိုပါ ထိခိုက်လာနိုင်တဲ့ အန္တရာယ် ခြိမ်းခြောက်မှု ကြီးထွားလာနေတယ်လို့ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့က သောကြာနေ့က ထပ်မံသတိပေး ပြောထားပါတယ်။
=== Unicode ====