ဘင်္ဂလားပင်လယ်အော်တွင်း ဒီရက်ပိုင်းအတွင်း ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ ရက်ပိုင်းအတွင်းမှာပဲ ဆိုင်ကလုန်းမုန်တိုင်းအသွင်ပြောင်းပြီး ရန်ကုန်အပါအဝင်နေရာအများစုမှာ မိုးများ ရေကြီး လှိုင်းထန်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ အောက်တိုဘာလ ၂၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်သတိပေးလိုက်ပါတယ်။
ဒီကနေ့ ၂၁ရက်ကနေ နောက်ထပ် ၄ရက် အတွင်း မိုးကြီးနိုင်သလို လေပြင်းတိုက်ခတ်လာနိုင်သလို အောက်တိုဘာလ ၂၂ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ်ကနေ အောက်တိုဘာလ ၂၃ရက်မှာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ် တိုက်ခတ်မယ့်အကြောင်း မိုးဇလက သတိပေးထားတာပါ။
မနေ့အောက်တိုဘာလ ၂၀ရက်နေ့ ညကနေ ဒီနေ့မနက် အောက်တိုဘာလ ၂၁ရက် နေ့အထိ မိုးသည်းသည်းထန်ထန် ရွာသွန်းတာကြောင့် ရန်ကုန်မြို့လည်အပါအဝင် မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်အပြင် မြို့နယ်အချို့မှာ ရေကြီးရေလျှံတာဖြစ်ပေါ်နေသလို ကားလမ်းတွေရေကျော်တာမို့ ကားပိတ်တာတွေကြုံနေရတယ်လို့ ရန်ကုန်ဒေသခံတွေက ပြောပါတယ်။ လတ်တလော ညလုံးပေါက် မိုးများလို့ ရန်ကုန်မြို့နဲ့ ဆင်ခြေဖုန်းရပ်ကွက်တွေနဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေတွေ ဝင်လာလို့ အရေးပေါ်ရွှေ့ပြောင်းနေကြရတယ်လို့လည်း ဗွီအိုအေကိုပြောပြကြပါတယ်။
အခုတိုက်ခတ်လာနေတဲ့ မုန်တိုင်းအရှိန်ကြောင့် ဒီသီတင်းပတ်ထဲမှာကို ရန်ကုန်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးသည်းထန်ရွာသွန်းနိုင်သလို လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာအပြင် ရုတ်တရက် ရေကြီးတာနဲ့ မြေပြိုတာစတဲ့ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်တွေကို သတိထားဖို့လည်း မိုးဇလက သတိပေးထားပါတယ်။
မုန်တိုင်းငယ်ကနေ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်တဲ့အထိ လေပြင်းထန်နိုင်တာကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်သလို မိုးသက်လေပြင်းကျချိန်မှာ လှိုင်းအမြင့်တက်နိုင်တာကိုလည်း အထူးသတိပြုဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းရာဂီ ဒဏ်ကြောင့် နိုင်ငံတဝန်း ရေဘေးသင့်ခဲ့ကြရပြီး မြို့လုံးကျွတ် ရေလွှမ်းမိုး မြေပြိုကျမှုဒဏ်တွေ လူရာနဲ့ချီ ပျောက်ဆုံးသေဆုံးခဲ့ရသလို ပြည်သူသောင်းနဲ့ချီ ရေဘေးဒဏ်သင့်ခဲ့ရပြီး ပြန်လည်တည်ဆောက်ရေးနဲ့ ရေဘေးသင့်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေ ခက်ခဲကြရဆဲဖြစ်ပါတယ်။
အခုလည်း ဆိုင်ကလုန်းမုန်တိုင်း နောက်တကြိမ်ထပ်မံတိုက်ခတ်လာနိုင်တဲ့အနေအထားကြောင့် ကူညီကယ်ဆယ်ပေးနေသူတွေနဲ့ ရေဘေး- စစ်ဘေးရှောင်နေကြရတဲ့ပြည်သူတွေ စိုးရိမ်မကင်းဖြစ်နေကြရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
အောက်တိုဘာလ တတိယပတ်ထဲ ကချင်ပြည်နယ် မြစ်ကီးနား ဗန်းမော် ရွှေကူ ကသာဘက်မှာ မြစ်ရေချိန်မြင့်တက်လာနိုင်နေသလို ချင်းတွင်း ဟုမ္မလင်း ဖောင်းပြင် မော်လိုက်ဘက်မှာလည်း လက်ရှိရေအမှတ်ထက်ကို မြင့်တက်လာနေပါတယ်။ စစ်တောင်းမြစ် တောင်ငူ မဒေါက်ဘက် မြစ်သာမြစ် ကလေးမြို့၊ ရွှေကျင် ပဲခူးဇောင်းတူ သံလွင်မြစ် ဘားအံ သောင်းရင်းမြစ် မြဝတီမြို့နဲ့ ငဝန်မြစ် သာပေါင်း၊ ပုသိမ်ဘက်။ ဘီလင်းမြစ် ဘီလင်းမြို့တွေမှာ လက်ရှိ ရေမှတ်ထက်ကို မြင့်တက်လာနိုင်တယ်ဆိုတာကို မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတိပေးနိုးဆော်ထားပါတယ်။
Forum