သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထူးစီးပွားရေးဇုန် နဲ့ လူ့အခွင့်အရေး


တိုက်ရိုက် လင့်ခ်


စစ်အစိုးရလက်ထက်ကတည်းက စတင်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့တဲ့ အထူးစီးပွားရေးဇုန်တွေကို လက်ရှိအစိုးရကလည်း ဆက်လက်အကောင်အထည်ဖော်ဖို့ လုံးပန်းနေတာတွေ့ရပါတယ်။ အထူးစီးပွားရေးဇုန် တည်ဆောက်တဲ့နေရာမှာ မြေယာသိမ်းပိုက်မှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ လူမှုစီးပွားရေးအခြေအနေ ပြောင်းလဲမှုတွေကြောင့် ဒေသခံတွေနဲ့ ပဋိပက္ခ ဖြစ်ကြရပါတယ်။ ကျောက်ဖြူ၊ ထားဝယ်နဲ့ သီလဝါ အထူးစီးပွားရေးဇုန်က ပြဿနာတွေကို လူသိများပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရေးမှာ ဒေသခံတွေ ဆန့်ကျင်လို့ အများကြီး နှောင့်နှေးကြန့်ကြတာရှိတယ်လို့ သုံးသပ်ပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်အတွက် ရွှေ့ပြောင်းပေးရသူတွေ မကျေနပ်လို့ တိုကျိုကို သွားတိုင်တာ နှစ်ကြိမ်ရှိနေပါပြီ။ ရွှေ့ပြောင်းသူပေးရသူတွေရဲ့ ဘဝဟာ ဆုတ်ယုတ်နိမ့်ကျသွားတယ်လို့ လေ့လာရေးအဖွဲ့တခုက ဆိုပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန်အကြောင်း ဒေသခံ (၇) ရာခိုင်နှုန်းလောက်သာ သိကြပြီး၊ မသိသူက အများစု ဖြစ်နေပါတယ်။ တနင်္သာရီတိုင်းက စီမံကိန်းအားလုံးကို ဦးသိန်းစိန်အစိုးရလက်ထက်က ခွင့်ပြုတာမို့ NLD အစိုးရသစ်အနေနဲ့ ပြည်သူ့အကျိုးစီးပွားနဲ့ လူ့အခွင့်အရေးကို မထိခိုက်စေဘဲ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အထူးစီးပွားရေးဇုန် တည်ဆောက်တဲ့ နေရာတိုင်းလိုလိုမှာ ဒေသခံတွေ လူ့အခွင့်အရေး ဖျက်ဆီးခံကြရပါတယ်။ ဒါကြောင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာမှာ ဒေသခံတွေကို ကာကွယ်စောင့်ရှောက်ပြီး လူ့အခွင့်အရေးကို ထိန်းသိမ်းဖို့ ဂျနီဗာအခြေစိုက် ICJ ခေါ် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်အဖွဲ့က လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက အစီရင်ခံစာ ထုတ်ထားပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် (၂၀၁၄) မှာ ပြဌာန်းတဲ့ အထူးစီးပွားရေးဇုန် ဥပဒေဟာ လူ့အခွင့်အရေးကို ကာကွယ်ဖို့ ပျက်ကွက်နေပါတယ်။ အထူးစီးပွားရေးဇုန် ဥပဒေမှာ တာဝန်ယူမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ လုပ်ထုံးလုပ်နည်း ကင်းမဲ့နေတာကြောင့် ထားဝယ်၊ ကျောက်ဖြူ နဲ့ သီလဝါ အထူးစီးပွားရေးဇုန်တွေမှာ လူ့အခွင့်အရေး ချိုးဖျက်မှုတွေ ဖြစ်ပွားနေတာလို့ ICJ ဥပဒေပညာရှင်အဖွဲ့က ဆိုပါတယ်။

ဆွေးနွေးညှိနှိုင်းခြင်း ကင်းမဲ့မှု၊ လျော်ကြေးမလုံလောက်မှု နဲ့ အကူအညီ နည်းပါးမှုတို့ကြောင့် ထားဝယ် နဲ့ သီလဝါ အထူးစီးပွားရေးဇုန်မှာ လူ့အခွင့်အရေး ချိုးဖျက်ခံရပုံကို အရပ်သားအသင်းဖွဲ့တွေက မှတ်တမ်းတင်ပြီး ဖြစ်ပါတယ်။ အထူးစီးပွားရေးဇုန်ကြောင့် ပတ်ဝန်းကျင် ထိခိုက်နိုင်တာကို စစ်တမ်းမကောက်မီ ဒေသခံတွေကို ဖယ်ရှားပစ်တဲ့အတွက် ပြဿနာ ပေါ်ရတာပါ။ ရခိုင်ပြည်နယ် ကျောက်ဖြူမှာလည်း အလားတူ ပြဿနာမျိုးကို ကြုံတွေ့ရပါတယ်။ အခြေခံအဆောက်အအုံ စတင်တည်ဆောက်တာနဲ့ ဖယ်ရှားခံရသူတွေရဲ့ လူနေမှုအဆင့်အတန်း ကျဆင်းလာပါတယ်။ ၂၀၁၆ မှာ ကျင့်သုံးတဲ့ အထူးစီးပွားရေးဇုန် စည်းမျဉ်းဟာ မြေယာသိမ်းပိုက်မှု ဥပဒေနဲ့ ဆန့်ကျင်နေပြီး ရှင်းလင်းပြတ်သားမှု ကင်းမဲ့နေပါတယ်။ ဒီအတိုင်းသာ ဆက်လုပ်နေရင် မြေယာသိမ်းပိုက်မှုကြောင့် လူ့အခွင့်အရေး ချိုးဖျက်ခံရဖို့သာ ရှိပါတယ်။

စီမံကိန်းဆိုင်ရာ ဆုံးဖြတ်ချက်မှာ ဒေသခံတွေ ပါဝင်ခွင့်မရတာမို့ လျော်ကြေးလုံလောက်စွာ မရရှိတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ မြန်မာလက်မှတ်ထိုးထားတဲ့ လူ့အခွင့်အရေး ဥပဒေနဲ့လည်း ဆန့်ကျင်နေပါတယ်။ လူ့အခွင့်အရေး ဥပဒေကို အထူးစီးပွားရေးဇုန်တွေမှာ ကျင့်သုံးမယ်ဆိုရင် ကျောက်ဖြူလို နေရာမျိုးမှာ လူ့အခွင့်အရေးကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ၂၀၁၅ အထူးစီးပွားရေးဇုန် ဥပဒေကို ပြင်ဆင်မှသာ လူ့အခွင့်အရေးကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒေသခံနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို အပြည့်အဝကာကွယ်တဲ့ ပြင်ဆင်ချက်ဥပဒေကို ပြဌာန်းပြီးမှသာ အထူးစီးပွားရေးဇုန်မှာ ထပ်မံရင်းနှီးမြုပ်နံှသင့်တယ်လို့ ဆိုပါတယ်။ အထူးစီးပွားရေးဇုန်မှာသုံးတဲ့ ဥပဒေကျင့်ထုံးကို စီစစ်မယ်ဆိုရင် အစိုးရလိုက်နာရမယ့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့ အံမဝင်ခွင်မကျ ဖြစ်နေတာ တွေ့ရပါတယ်။

အထူးစီးပွားရေးဇုန် ဥပဒေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လွှဲချော်နေတာကိုလည်း ICJ အဖွဲ့က ဖော်ပြပါတယ်။ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာမှာ အာဏာအရှိဆုံးအဖွဲ့ဟာ စီမံခန့်ခွဲမှုကော်မတီ ဖြစ်ပေမယ့် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့တာဝန် မရှိပါဘူး။ အထူးစီးပွားရေးဇုန် (၃) ခုစလုံးမှာ မြေယာသိမ်းပိုက်မှုနဲ့ ရွှေ့ပြောင်းမှုကို ကော်မတီက အကောင်အထည် ဖော်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းပြည်ပ ဥပဒေတွေကို ချိုးဖျက်တဲ့ အထောက်အထားတွေ ရှိပါတယ်။ အထွေထွေ အုပ်ချုပ်ရေးဌာနကို မြေသိမ်းခိုင်းပြီး လူ့အခွင့်အရေး ချိုးဖျက်မှုမှာ ဘယ်သူတာဝန်ရှိမှန်းမသိ ဖြစ်နေပါတယ်။

ဒါကြောင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်လို့ ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖျက်မှုတွေမှာ ဘယ်သူမှာ တာဝန်ရှိမှန်းမသိ ဖြစ်နေပါတယ်။ တကယ်တော့ အစိုးရနဲ့ ကုမ္ပဏီတွေရဲ့ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေပါ။ အထူးစီးပွားရေးဇုန်ဥပဒေကို အပြည်ပြည်ဆိုင်ရာ စံနှုန်းနဲ့အညီ ပြင်ဆင်ရေးဆွဲရမယ် ဆိုပေမယ့် ဥပဒေပြင်ရုံနဲ့ လူ့အခွင့်အရေး ကာကွယ်နိုင်တာ မဟုတ်ပါဘူး။ လက်တွေ့ကျင့်သုံးဖို့ လိုအပ်ပါတယ်။ ဒီလို မလုပ်နိုင်ခင်မှာ မြေသိမ်းပြီး အထူးစီးပွားရေးဇုန် တည်ဆောက်တာတွေ ရပ်ဆိုင်းဖို့ ICJ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်အဖွဲ့က တိုက်တွန်းထားပါတယ်။

XS
SM
MD
LG